2
ဘောဇဉ်ပူဇော်သကာ
1 ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ မုန့်ညက်ကိုဆက်ရမည်။ မုန့်ညက်အပေါ်မှာ ဆီကိုလောင်း၍၊ လောဗန်ကိုလည်းထည့်ပြီးမှ၊
2 အာရုန်၏သားယဇ်ပုရောဟိတ်ထံသို့ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် မုန့်ညက်တစ်လက်ဆွန်း၊ ဆီအချို့၊ လောဗန်ရှိသမျှကိုယူ၍၊ ထိုအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
3 ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသော အရာဖြစ်၏။
4 မီးဖို၌ဖုတ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီနှင့်မုန့်ညက်ဖြင့်လုပ်သော တဆေးမဲ့ မုန့်ပြားသော်လည်းကောင်း၊ ဆီလူးသော တဆေးမဲ့မုန့်ကြွပ်သော်လည်းကောင်း ဖြစ်ရမည်။
5 သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသောမုန့်ညက်နှင့် လုပ်ရမည်။
6 ထိုမုန့်ကိုချိုးဖဲ့၍ ဆီကိုလောင်းရမည်။ ဘောဇဉ်ပူဇော်သကာ ဖြစ်သတည်း။
7 အိုးကင်းနှင့်ကြော်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရောသောမုန့်ညက်နှင့် လုပ်ရမည်။
8 ထိုဘောဇဉ်ပူဇော်သကာ အမျိုးမျိုးတို့ကို၊ ထာဝရဘုရားအထံတော်သို့ ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်အားဆက်ပြီးမှ၊ သူသည် ယဇ်ပလ္လင်သို့ဆောင်ခဲ့ရမည်။
9 ထိုဘောဇဉ်ပူဇော်သကာထဲက အတွက်အတာကိုနှိုက်ယူ၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
10 ကျန်ကြွင်းသော ဘောဇဉ်ပူဇော်သကာမူကား၊ အာရုန်နှင့် သူ၏သားတို့အဖို့ ဖြစ်ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာထဲက အလွန်သန့်ရှင်းသောအရာဖြစ်၏။
11 ထာဝရဘုရားအားဆက်သော ဘောဇဉ်ပူဇော်သကာ၌ တဆေးမပါရ။ ထာဝရဘုရားအား မီးဖြင့်ပူဇော်သကာပြုသောအခါ၊ တဆေးကိုမီးမရှို့ရ။ ပျားရည်ကိုလည်းမရှို့ရ။
12 အဦးသီးသော အသီးအနှံကို ပူဇော်သောအမှုမှာ၊ တဆေးနှင့်ပျားရည်ကို၊ ထာဝရဘုရားအား ပူဇော်ရသော်လည်း၊ မွှေးကြိုင်ရာဖို့ ယဇ်ပလ္လင်ပေါ်မှာမီးမရှို့ရ။
13 ဘောဇဉ်ပူဇော်သကာပြုလေရာရာ၌ ဆားခပ်ရမည်။ သင်ပြုသော ဘောဇဉ်ပူဇော်သကာ၌၊ သင်၏ဘုရားသခင်ပဋိညာဉ်ဆားကို မခပ်ဘဲမနေရ။
14 အဦးသီးသောအသီးအနှံကို၊ ထာဝရဘုရားအား ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ စပါးနှံကို အရည်စစ်အောင် မီးနားမှာထား၍၊ စပါးစေ့ကို ပွတ်ယူပြီးမှ၊
15 ဆီကိုလောင်း၍၊ လောဗန်ကိုတင်လျက်၊ ပူဇော်သကာကိုပြုရမည်။ ဘောဇဉ်ပူဇော်သကာဖြစ်သတည်း။
16 ပွတ်ယူသောစပါးစေ့အချို့၊ ဆီအချို့၊ လောဗန်ရှိသမျှတည်းဟူသော ထိုဘောဇဉ်ပူဇော်သကာ အတွက်အတာကို၊ ယဇ်ပုရောဟိတ်သည် မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သကာဖြစ်သတည်း။