3
မိတ်​သ​ဟာ​ယ​ယဇ်
နွားကိုမိတ်သဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကို၊ ထာဝရဘုရားရှေ့တော်၌ ဆက်ရမည်။ ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ အအူကို ဖုံးသောဆီဥ၊ အအူနှင့်ဆိုင်သမျှသောဆီဥ၊ ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိတ်သဟာယယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာဖို့ ဆက်ပြီးမှ၊ အာရုန်၏သားတို့သည် ယဇ်ပလ္လင်အပေါ်၌ရှိသော ထင်းမီးပေါ်မှာတင်သော ယဇ်ကောင်နှင့်အတူ မီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍၊ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
ထာဝရဘုရားအား သိုး၊ ဆိတ်ကို၊ မိတ်သဟာယယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးအမ တစ်ကောင်ကောင်ကိုဆက်ရမည်။ သိုးသငယ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊ ပူဇော်သောသိုး၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်၍ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာသတ်ပြီးလျှင်၊ အာရုန်၏သားတို့သည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ အကောင်ဆီဥ၊ ကျောရိုးကတိတိဖြတ်သော အမြီးရှိသမျှ၊ အအူကိုဖုံးသော အဆီဥ၊ အအူနှင့်ဆိုင်သမျှသော အဆီဥ၊ 10 ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသောအမြှေးတို့ကို၊ မိတ်သဟာယ ယဇ်ကောင်ထဲကယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာဖို့ဆက်ပြီးမှ၊ 11 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ ထာဝရဘုရားအား မီးဖြင့်ပြုသောပူဇော်သကာ အစာအာဟာရဖြစ်သတည်း။
12 ဆိတ်ကိုပူဇော်လိုလျှင်၊ ထာဝရဘုရားရှေ့တော်၌ ဆက်ပြီးမှ၊ 13 ဆိတ်ခေါင်းပေါ်မှာမိမိလက်ကိုတင်၍၊ ပရိသတ်စည်းဝေးရာ တဲတော်ရှေ့မှာ သတ်ပြီးလျှင်၊ အာရုန်၏သားတို့သည် အသွေးကိုယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ 14 အအူကိုဖုံးသော ဆီဥ၊ အအူနှင့်ဆိုင်သမျှသော ဆီဥ၊ 15 ခါးအတွင်းနား၌ရှိသော ကျောက်ကပ်နှစ်ခုနှင့် ကျောက်ကပ်ဆီဥ၊ ကျောက်ကပ်နှင့်တကွ အသည်းပေါ်၌ရှိသော အမြှေးတို့ကို၊ မိမိပူဇော်သကာထဲတွင် ယူ၍ ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သကာဖို့ဆက်ပြီးမှ၊ 16 ယဇ်ပုရောဟိတ်သည် ယဇ်ပလ္လင်ပေါ်မှာမီးရှို့ရမည်။ မွှေးကြိုင်ရာဖို့ မီးဖြင့်ပြုသော ပူဇော်သကာ အစာအာဟာရဖြစ်သတည်း။ ဆီဥရှိသမျှကို ထာဝရဘုရားဆိုင်တော်မူ၏။ 17 သင်တို့အမျိုးအစဉ်အဆက်တို့သည်၊ နေလေရာရာ၌ ဆီဥကိုမစားရ၊ အသွေးကိုမစားရဟု ထာဝရပညတ်တော်ဖြစ်သည်ဟု မိန့်တော်မူ၏။