ဝတ်ပြုရာကျမ်း။
1
မီးရှို့ရာ​ယဇ်
ထာဝရဘုရားသည် ပရိသတ်စည်းဝေးရာတဲတော်ထဲက အသံကိုလွှင့်လျက် မောရှေကိုခေါ်တော်မူ၍၊ သင်သည် ဣသရေလအမျိုးသားတို့ကို ဆင့်ဆိုရမည်မှာ၊ သင်တို့တွင် တစ်စုံတစ်ယောက်သောသူသည် ထာဝရဘုရားအား ပူဇော်သကာကိုပြုလိုလျှင်၊ ယဉ်သောတိရစ္ဆာန်တည်းဟူသော နွား၊ သိုး၊ ဆိတ်ကိုဆောင်ခဲ့၍ ဆက်ရမည်။
နွားကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ ထာဝရဘုရားစိတ်တော်နှင့်တွေ့ခြင်းငှာ၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနားမှာဆက်ရမည်။ ပူဇော်သောနွား၏ခေါင်းပေါ်မှာ မိမိလက်ကိုတင်ရသဖြင့်၊ သူ၏အပြစ်ကို ဖြေမည်အကြောင်း လက်ခံတော်မူမည်။ ထာဝရဘုရားရှေ့တော်၌ ထိုနွားကိုသတ်ပြီးလျှင်၊ အာရုန်၏သားယဇ်ပုရောဟိတ်တို့သည် အသွေးကိုယူ၍၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးအနား ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ ပူဇော်သောသူသည် ထိုအကောင်၏အရေကိုချွတ်၍ အပိုင်းပိုင်းဖြတ်ရမည်။ အာရုန်၏သား၊ ယဇ်ပုရောဟိတ်တို့သည်၊ ယဇ်ပလ္လင်ပေါ်မှာ မီးကိုထည့်၍ မီးပေါ်မှာ ထင်းကိုခင်းပြီးမှ၊ ထင်းပေါ်မှာ ခေါင်း၊ ဆီဥ၊ သားတစ်များကိုတင်ရမည်။ ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့် အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တစ်ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
10 သိုး၊ ဆိတ်ကို မီးရှို့ရာယဇ်ပြုလိုလျှင်၊ အပြစ်မပါသော အထီးကိုဆောင်ခဲ့၍၊ 11 ထာဝရဘုရားရှေ့တော်၌ ယဇ်ပလ္လင်မြောက်ဘက်နားမှာ သတ်ပြီးလျှင်၊ အာရုန်၏သား ယဇ်ပုရောဟိတ်တို့သည်၊ အသွေးကို ယဇ်ပလ္လင်အပေါ်၌ ပတ်လည်ဖျန်းရမည်။ 12 ပူဇော်သောသူသည် အပိုင်းပိုင်းဖြတ်၍ ခေါင်းနှင့် ဆီဥကိုစုထားပြီးလျှင် ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာခင်းရမည်။ 13 ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တစ်ကောင်လုံးကိုဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သကာဖြစ်သတည်း။
14 ထာဝရဘုရားအား ငှက်ကိုမီးရှို့ရာယဇ်ပြုလိုလျှင်၊ ခိုဖြစ်စေ၊ ချိုးကလေးဖြစ်စေ ဆောင်ခဲ့၍ဆက်ရမည်။ 15 ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်သို့ဆောင်ခဲ့၍၊ ခေါင်းကို လိမ်ဖြတ်ပြီးလျှင် ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ အသွေးကို ယဇ်ပလ္လင်နားမှာ ညှစ်ရမည်။ 16 စလုတ်မှစ၍ စလုတ်၌ရှိသောအရာကို ချွတ်ပြီးလျှင်၊ ပြာစုထားရာအရပ်၊ ယဇ်ပလ္လင်အရှေ့ဘက်နား၌ ပစ်ထားရမည်။ 17 အတောင်ပါလျက်ငှက်ကောင်ကိုခွဲဖွင့်၍၊ ယဇ်ပုရောဟိတ်သည်၊ ယဇ်ပလ္လင်ပေါ်၌ရှိသော ထင်းမီးအပေါ်မှာမီးရှို့ရမည်။ မီးရှို့သောယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သောပူဇော်သကာဖြစ်သတည်း။