2
တစ်ဖန်ငါသည်မော်ကြည့်လျက် တာကြိုးကိုင်ဆွဲသူတစ်ဦးကို မြင်ရသော်၊ အဘယ်သို့သွားမည်နည်းဟုမေးလျှင်၊ ယေရုရှလင်မြို့ရာအနံအလျားကို၊ တိုင်းတာသိမှတ်ရန် သွားမည်ဟု ပြန်ဆိုသည့်ကာလ၊ ငါနှင့်မြွက်ဆိုသော စေတမန်တော်သည်ထွက်သွား၍၊ ကြိုဆိုရန် ရောက်လာသောစေတမန်တော်တစ်ပါးအား မိန့်ဆိုသည်မှာ၊ ယေရုရှလင်မြို့သည်၊ 4-5 လူသူတိရစ္ဆာန်မြောက်မြားသည့်အတွက်၊ စည်ကားသောနိဂုံးဖြစ်မည့်အလျောက်၊ ငါသည် ပတ်လည်တွင် မီးမြို့ရိုး၊ အလယ်တွင် ကြက်သရေဖြစ်လိမ့်မည်ဟု၊ ထာဝရ ဘုရားမိန့်တော်မူကြောင်း၊ ထိုလုလင်အား၊ အသော့သွား၍ဆင့်ဆိုလော့ဟု မိန့်မှာလေ၏။
အရပ်လေးမျက်နှာ လေကဲ့သို့ ငါကွဲလွင့်စေခဲ့သော၊ အိုသင်တို့၊ မြောက်ပိုင်းပြည်မှ ထွက်ကြလော့။ သတို့သမီးဗာဗုလုန်နှင့် နေထိုင်သော၊ အိုဇိအုန်မြို့သူတို့၊ ပြေးကြလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။ သင်တို့ကို ထိခိုက်သူသည်၊ စက္ခုတော့်သူငယ်အိမ်ကို ထိခိုက်ရာရောက်သောကြောင့်၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည်၊ အသရေပေးရန်အကြံအရွယ်တော်နှင့်၊ ငါ့ကိုစေလွှတ်၍၊ သင်တို့ကိုလုယက်ခဲ့သော လူမျိုးခြားတို့အား မိန့်တော်မူသည်မှာ၊ ငါသည်၊ သင်တို့အပေါ်တွင် လက်တော်ကိုဆန့်ယမ်းလျက်၊ အမှုထမ်းခဲ့ရသူတို့လုယူရာဖြစ်စေမည်ဟူ၍တည်း။ ငါ့ကို ဗိုလ်ခြေတို့ အရှင်ထာဝရဘုရား စေလွှတ်တော် မူကြောင်း၊ သင်တို့သိရကြလတ္တံ့။ 10 ထာဝရဘုရားကလည်း၊ အိုသတို့သမီးဇိအုန်၊ ရွှင်လန်းစွာကြွေးကြော်လော့။ ငါသည် ကြွလာလျက်၊ သင့်အလယ်တွင် စံနေမည်။ 11 ထိုသို့စံနေသည့်အတိုင်း၊ မြောက်မြားသောလူမျိုးတို့သည်၊ ငါထာဝရဘုရားထံ၊ ထိုကာလမှီဝဲလျက်၊ ငါ့လူမျိုးတော်ဖြစ်ကြလိမ့်မည်ဟု မိန့်တော်မူ၏။ ငါ့ကိုဗိုလ်ခြေတို့ အရှင်ထာဝရဘုရားစေလွှတ်တော်မူကြောင်း၊ သင်သိရလတ္တံ့။ 12 သန့်ရှင်းသော ပြည်တွင်ထာဝရဘုရားသည်၊ ယုဒနယ်ကို ဝေပုံတော်အဖြစ်အပိုင်ယူလျက် ယေရုရှလင်မြို့ကိုရွေးချယ်တော်မူဦးမည်။ 13 အိုလူသတ္တဝါအပေါင်းတို့၊ သန့်ရှင်းသောစံရာတော်မှ၊ ကြွတော်မူသော ထာဝရဘုရားရှေ့တော်တွင်၊ ဆိတ်ဆိတ်နေကြလော့။