13
ထိုနေ့ရက်ကာလ၊ ဒါဝိဒ်မင်းမျိုးမှစသော၊ ယေရုရှလင်မြို့သူမြို့သားတို့ အပြစ်ဒုစရိုက်နှင့် အညစ်အကြေးကို ဆေးကြောစေခြင်းငှာ၊ စမ်းရေပေါက်လိမ့်မည်။ ဗိုလ်ခြေတို့အရှင်၊ ငါထာဝရဘုရားမိန့်ဆိုသည့်အတိုင်း၊ ငါသည်၊ ရုပ်ပွားဆင်းတု၏အမည်ကိုမျှ၊ မမှတ်မသားရသည့်တိုင်အောင်၊ ပြည်တော်မှပယ်ရှားလျက်၊ ပရောဖက် ပြုသူတို့နှင့် နတ်ဆိုးတို့ကို၊ ပပျောက်စေမည့်အလျောက်၊ လူတစ်စုံတစ်ယောက်သည် ပရောဖက်ပြုလျှင်၊ ဖွားမြင်သောမိဘတို့ကပင်၊ သင်သည် ထာဝရဘုရား၏နာမတော်နှင့် မုသာဟောပါတကား။ အသက်ရှင်ရမည်မဟုတ် ဟု ဆိုလျက် ပရောဖက်ပြုစဉ်တွင် ထိုးသတ်ကြလိမ့်မည်။ ထို့နေ့ရက်ကာလ၌၊ ပရောဖက်တို့သည်၊ ပရောဖက်ပြုစဉ်ပင်၊ ခံရသောရူပါရုံကြောင့် ရှက်ကြောက်လျက်၊ သားမွေးသင်္ကန်းမဝတ်ဘဲ ဟန်ဆောင်၍၊ ကျွန်တော်မျိုးသည် ပရောဖက်မဟုတ်ပါ။ ငယ်စဉ်ကပင် ကျွန်ခံရသည့်အတိုင်း၊ လယ်လုပ်သူဖြစ်ပါသည်ဟု ငြင်းဆိုသော်၊ ရင်၌ရှိသော ဒဏ်ရာကား၊ အသို့နည်းဟု မေးခဲ့လျှင်၊ မိတ်ဆွေတို့အိမ်တွင်ခံရသော ဒဏ်ရာတည်းဟု ပြန်ဆိုလိမ့်မည်ဟူ၍တည်း။
အိုဓားတော်၊ ငါ၏အထိန်းအကျောင်း၊ ငါ့လုပ်ဖော်ဆောင်ဘက်ဖြစ်သူ့ကို ရွယ်လျက်နိုးထလော့။ သိုးဆိတ်တို့ကွဲလွင့်စေရန် အထိန်းအကျောင်းကိုသတ်လော့။ ငါလည်း၊ သားငယ်တို့ အပေါ်တွင်၊ လက်တော်တင်ဖိမည်ဟု၊ ဗိုလ်ခြေတို့အရှင်ထာဝရဘုရားမိန့်တော်မူ၏။ ပြည်လုံးနှံ့သုံးစုတွင်၊ နှစ်စုကွယ်ပျောက်ဆုံးပါးလျက်၊ တစ်စုကျန်လိမ့်မည်ဟူ၍လည်းေကာင်း၊ ငါသည် ထိုတစ်စုကို မီးတွင်ချ၍၊ ငွေကိုချွတ်သကဲ့သို့ချွတ်လျက်၊ ရွှေကိုလှော်သကဲ့သို့လှော်သဖြင့်၊ နာမတော်အားပဌနာပြုသောထိုသူတို့ကိုနားညောင်း၍၊ ငါ့လူမျိုးတော်ဟုခေါ်တွင်မည့်အလျောက်၊ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါ့ဘုရားသခင်ပေတည်းဟု ဝန်ခံကြရလတ္တံ့ဟူ၍လည်းေကာင်း၊ ထာဝရဘုရားမိန့်တော်မူ၏။