3
အရာရှိများ အာဏာပိုင်များအောက်ဝန်ခံ၍လိုက်နာလျက် ကောင်းမှုခပ်သိမ်းပြုရန် အသင့်ရှိလျက်၊ မည်သူ့ကိုမျှမကဲ့ရဲ့ဘဲ ရန်မလိုသူ၊ နူးညံ့သူ၊ သူခပ်သိမ်းတို့ရှေ့ သိမ်မွေ့သူဖြစ်ကြ​ေစရန် သူတို့ကိုသတိပေးလော့။ ငါတို့လည်း အထက်ကမိုက်မဲသူ၊ မလိုက်နာသူ၊ လှည့်စားခံရသူ၊ တပ်မက်ခြင်း၊ ပျော်မွေ့ခြင်း၊ အမျိုးမျိုးအောက်ကျွန်ခံသူ၊ ယုတ်မာခြင်း၊ ငြူစူခြင်း၌ကျင်လည်သူ၊ ရွံ့ရှာဖွယ်သူ၊ အချင်းချင်းမုန်းထားသူများဖြစ်ကြရာ၊ ငါတို့ကယ်တင်ရှင်ဘုရားသခင့်ကျေးဇူးတော်နှင့် မေတ္တာတော်ထင်ရှားသည့်ကာလ၊ ငါတို့ပြုသောကောင်းမှုအားဖြင့်မဟုတ်။ အသစ်မွေးဖွားခြင်းဆိုင်ရာဆေးကြောခြင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်ပြုပြင်ခြင်းအားဖြင့် ကရုဏာတော်နှင့်အညီ ငါတို့ကိုကယ်တင်တော်မူ၏။ 6-7 ငါတို့သည် ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာရောက်လျက် ထာဝရအသက်ကို မျှော်လင့်ရသည့်အလျောက် အမွေခံများဖြစ်ကြစေရန် ငါတို့ကယ်တင်ရှင်ယေရှုခရစ်အားဖြင့် ဝိညာဉ်တော်ကိုငါတို့အပေါ်သို့ ကြွယ်ဝစွာသွန်းလောင်းတော်မူသည်ဟူသောစကားမှာ သစ္စာတည်ရာစကားတည်း။ ဘုရားသခင်အား ယုံကြည်ပြီးသူတို့သည် ရိုးဖြောင့်စွာအလုပ်အကိုင်ကိုဂရုပြုကြစေရန် ဆိုခဲ့သည့်အချက်များနှင့်စပ်၍ နှိုးဆော်တိုက်တွန်းစေလို၏။ ထိုအချက်များသည် လူတို့အဖို့သင့်လျော်၍ အကျိုးရှိ၏။ မိုက်မဲသောစောဒနာချက်များ၊ ဆွေစဉ်စာရင်းများ၊ ခိုက်ရန်ဖြစ်ခြင်းများ၊ ပညတ်တရားအကြောင်းငြင်းခုန်ခြင်းများကိုကား အကျိုးမဲ့အသုံးမဲ့ဖြစ်သောကြောင့် ကြဉ်ရှောင်လော့။ 10 ဂိုဏ်းခွဲလိုသူတို့ကို နှစ်ကြိမ်မြောက်ဆုံးမပြီးလျှင်၊ 11 ထိုသို့သောသူတို့သဘောပေါက်၍ တမင်ပြစ်မှားကြောင်းသိလျက် ပယ်ရှားလော့။
12 အာတေမကိုဖြစ်စေ၊ တုခိတ်ကိုဖြစ်စေ၊ သင့်ထံငါစေလွှတ်လိုက်သည့်ကာလ နိကောပေါလိမြို့ ငါရှိရာသို့လာဖြစ်အောင်ကြိုးစားလော့။ ထိုမြို့တွင်ဆောင်းခိုမည်ဟု ငါ့စိတ်ပြဋ္ဌာန်း၏။ 13 ကျမ်းတတ်ဆရာဇေနနှင့်အာပေါလုတို့၌ မည်သည်မျှမလိုရအောင် ကြိုးစား၍ပို့လိုက်လော။ 14 ငါတို့ညီအစ်ကိုတို့လည်း ပြုအပ်လေရာရာနှင့်စပ်၍အသီးမမဲ့စေရန် ရိုးဖြောင့်စွာ အလုပ်အကိုင်သင်ကြစေ။
15 ငါနှင့်အတူရှိသမျှသောသူတို့က သင့်ကိုနှုတ်ဆက်လိုက်ကြ၏။ ယုံကြည်ခြင်းတရား၌ ငါတို့ကိုချစ်ခင်သူတို့အား နှုတ်ဆက်လော့။ ကျေးဇူးတော်သည် သင်တို့အပေါင်းနှင့်အတူတည်ရှိစေသတည်း။