ဖိလေမုန်ဩဝါဒကျမ်း
1
1 ခရစ်တော်ယေရှု၏ အကျဉ်းသားဖြစ်သောပေါလုနှင့် ညီအစ်ကိုတိမောသေတို့က ငါတို့ချစ်လှသော လုပ်ဖော်ဆောင်ဘက်ဖြစ်သူဖိလေမုန်မှစ၍၊
2 နှမ အပ္ပိ၊ စစ်သည်ချင်းအာခိပ္ပုနှင့် သင့်အိမ်ရှိအသင်းတော်ထံ ရေးလိုက်သည်မှာ၊
3 ငါတို့ အဘဘုရားသခင်နှင့် အရှင်ယေရှုခရစ်အထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော။
4-6 အရှင်ယေရှုအားလည်းေကာင်း၊ သီးသန့်ထားတော်မူသူရှိသမျှတို့အားလည်းေကာင်း၊ သင်ချစ်ခင်၍သစ္စာစောင့်ကြောင်း ငါကြားသည့်အတွက် ငါတို့၌ရှိသောကျေးဇူးအမျိုးမျိုးကို သင်သိကျွမ်းသဖြင့် သင့်ယုံကြည်ခြင်း ဆိုင်ရာထောက်ပံ့မှုသည် ခရစ်တော်အလို့ငှာပြုပြင်ပါမည့်အကြောင်းပဌနာပြုရာတွင် သင့်ကိုအောက်မေ့လျက် ငါ့ဘုရားသခင့်ကျေးဇူးတော်ကိုအစဉ်ချီးမွမ်း၏။
7 အချင်းငါ့ညီ၊ သင့်အားဖြင့်သီးသန့်ထားတော်မူသူတို့ အသည်းနှလုံးအေးမြသောကြောင့် သင့်မေတ္တာကိုထောက်၍ ငါသည်များစွာအားရဝမ်းမြောက်၏။
8 သို့ဖြစ်၍တာဝန်ကိုသင်ပြုရန် ခရစ်တော်အားဖြင့်မိန့်မှာဝံ့သော်လည်း၊
9-11 မေတ္တာရှိသည့်အတွက် ငါတောင်းပန်၏။ အထက်ကသင်၌ အသုံးမဝင်။ ယခု သင်နှင့် ငါပါအသုံးဝင်သော၊ အကျဉ်းခံလျက်နေစဉ်ရသော ငါ့သားသြနသိမ့်အဖို့ အသက်ကြီးရင့်သူ၊ ခရစ်တော်ယေရှု၏ အကျဉ်းသားအဖြစ်ယခုနေသူ၊ ငါပေါလုတောင်းပန်၏။
12 ငါ့ရင်သွေးဖြစ်သောထိုသူ့ကို သင့်ထံငါပြန်လွှတ်၏။
13 သတင်းတော်မြတ်ကြောင့်အကျဉ်းခံနေရစဉ် သင့်ကိုယ်စားလုပ်ကျွေးသမှုပြုစေခြင်းငှာ ငါနှင့်အတူထားလိုသော်လည်း၊
14 သင့်ကျေးဇူးသည် စေတနာအလျောက်မဟုတ်၊ မလွှဲသာဖြစ်မည်စိုး၍ သင်သဘောမတူလျှင် မည်သို့မျှငါမပြုလို။
15-16 သင်နှင့်ကာလအတန်ကြာ သူကွေကွင်းရသည်မှာ နောက်နောင်ကျွန်အဖြစ်မဟုတ်၊ ကျွန်ထက်မြတ်၍ချစ်လှသောညီအစ်ကို၊ ဇာတိအားဖြင့်လည်းေကာင်း၊ အရှင်ဘုရားအားဖြင့်လည်းေကာင်း၊ ငါချစ်လှ၍သင်အထူးချစ်လှသောညီအစ်ကိုအဖြစ် အစဉ်ရရှိစေခြင်းငှာ ဖြစ်ကောင်းဖြစ်လိမ့်သတည်း။
17 သို့ဖြစ်၍ ငါ့ကိုအဖော်အဖက်မှတ်ယူလျှင် ငါ့ကိုယ်တိုင်ကဲ့သို့သူ့ကိုလက်ခံလော့။
18 သူသည် သင့်ကိုပြစ်မှားမိသော်လည်းေကာင်း၊ ကြွေးတင်မိသော်လည်းေကာင်း၊ ငါ့အပေါ်တွင်တင်လော့။
19 ဆပ်မည့်အကြောင်း ငါပေါလုကိုယ်တိုင်ရေးလိုက်၏။ သင့်ကိုယ်ကို ငါ့အားတုံ့ဆပ်ထိုက်သည်ဟု ငါမဆိုလို။
20 အချင်းငါ့ညီ၊ အရှင်ဘုရားအားဖြင့်သင့်ထံမှအမြတ်ကို ငါရပါစေ။ ခရစ်တော်အားဖြင့် အသည်းနှလုံးအေးမြစေလော့။
21 သင်နားထောင်မည်ဟု စိတ်ချသည့်အတိုင်းငါပြောဆိုသည်ထက် ပိုမို၍သင်ပြုမည်ကိုသိမှတ်လျက် ရေးလိုက်၏။
22 ၎င်းပြင် သင်ပဌနာပြုချက်များကြောင့် ငါ့ကိုသင့်ထံပို့တော်မူလိမ့်မည်ဟု ငါမြော်လင့်သည့်အလျောက် ငါ့တည်းခိုရာပြင်ဆင်လော့။
23 ခရစ်တော်ယေရှုအားဖြင့် ငါနှင့်အတူအကျဉ်းခံရသူဧပဖြမှစ၍၊
24 ငါ့လုပ်ဖော်ဆောင်ဖက်များဖြစ်သူ မာကု၊ အာရိတ္တာခု၊ ဒေမနှင့်လုကာတို့က သင့်ကိုနှုတ်ဆက်လိုက်ကြ၏။
25 အရှင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင့်စိတ်ဝိညာဉ်နှင့်အတူတည်ရှိပါစေသတည်း။