2
1 သင်မူကား ကျန်းခံ့ရေးဒေသနာနှင့်ထိုက်လျော်စွာ ဆုံးမရမည်မှာ၊
2 အသက်ကြီးသောယောက်ျားတို့သည် သတိရှိသူ၊ ရိုသေဖွယ်သူ၊ ဣန္ဒြေစောင့်သူ၊ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ တည်ကြည်ခြင်းများနှင့်စပ်၍ ကျန်းခံ့သူများဖြစ်ရမည့်အကြောင်း၊
3 အသက်ကြီးသောမိန်းမတို့လည်း လေးမြတ်ဖွယ်နေထိုင်သူ၊ ကုန်းမချောသူ၊ မသောက်ကြူးသူ၊ အကောင်းသင်ကြားသူများဖြစ်သဖြင့်၊
4-5 ပျိုရွယ်သောမိန်းမတို့အား လင်နှင့်သားသမီးတို့ကိုချစ်ခင်လျက်၊ ဣန္ဒြေစောင့်လျက်၊ စင်ကြယ်လျက်၊ အိမ်မှုကြည့်ရှုလျက် ကျေးဇူးပြုသည့်ပြင် ဘုရားသခင့်တရားတော်အားပုတ်ခတ်ကြမည်စိုး၍ လင့်အနော်အတာကိုခံရစေခြင်းငှာ သတိပေးသူများဖြစ်ကြရမည့်အကြောင်း ဆုံးမလော့။
6 ပျိုရွယ်သောယောက်ျားတို့လည်း ဣန္ဒြေစောင့်ကြရမည့်အကြောင်း နှိုးဆော်လော့။
7-8 အရာရာ၌ကောင်းမှုပြုသဖြင့် ကိုယ်ကိုပုံစံဖြစ်စေလျက်သင်ကြားရာတွင် အပြစ်တင်ခွင့်မရှိစေရန် စင်ကြယ်ရိုသေကျန်းခံ့စွာဟောပြောလော့။ သို့မှဆန့်ကျင်ဘက်ပြုသူသည် ငါတို့အပေါ်တွင် မကောင်းပြောဆိုရန်မရှိသဖြင့် ရှက်ကြောက်လိမ့်မည်။
9-10 ကျွန်ဖြစ်သူတို့သည် အနည်းနည်းအားဖြင့် ငါတို့ကယ်တင်ရှင် ဘုရားသခင့်ဒေသနာတော်တင့်တယ်စေခြင်းငှာ ငြင်းဆန်ခြင်း၊ ကဲ့ဝှက်ခြင်းမပြုဘဲ ကိုယ့်သခင်တို့အုပ်စိုးခြင်းကို အရာရာ၌ခံလျက် နှစ်သက်ဖွယ်သူဖြစ်သည့်ပြင် စုံလင်စွာသစ္စာစောင့်သူများဖြစ်ကြရမည့်အကြောင်း နှိုးဆော်လော့။
11 အသို့ဆိုသော် လူခပ်သိမ်းတို့ကိုကယ်တင်ရန် ဘုရားသခင့်ကျေးဇူးတော်သည်ထင်ရှားရာ၊
12-13 ငါတို့သည် ဘုရားတရားမဲ့နေခြင်းနှင့် လောကီတပ်မက်ခြင်းများကိုငြင်းပယ်လျက် မင်္ဂလာနှင့်ပြည့်စုံသောမြော်လင့်ရာ ဘုန်းတော်မြင့်မြတ်သောဘုရားသခင်နှင့် ငါတို့ကယ်တင်ရှင် ခရစ်တော်ယေရှု၏ဘုန်းတော်ထင်ရှားမည်ကိုတောင့်တလျက် ယခုကာလ၌ဣန္ဒြေစောင့်ခြင်း၊ ဖြောင့်မတ်ခြင်း၊ ဘုရားတရားကြည်ညိုခြင်းနှင့်နေထိုင်ကြစေရန် သွန်သင်ခဲ့လေ၏။
14 ခရစ်တော်သည် ငါတို့ကိုဒုစရိုက်အမျိုးမျိုးမှရွေးနုတ်လျက် ကောင်းမှုပြုရန်စိတ်စေတနာရှိသော ပိုင်ဆိုင်ရာလူမျိုးတော်အဖြစ်သီးသန့်ခြင်းငှာ ငါတို့အတွက်ကိုယ်ကိုစွန့်တော်မူ၏။
15 ထိုအတိုင်း စုံလင်သောအာဏာနှင့်ပြောဆိုနှိုးဆော်ဆုံးမလော့။ မည်သူမျှသင့်ကို မထီလေးစားမပြုစေနှင့်။