4
1 ငါ၏ချစ်ဆွေ၊ သင်သည် အဆင်းလှပေ၏။ အလွန်လှပေ၏။ ရှေ့ကာအောက် စက္ခုသည်၊ ချိုးမျက်စိနှင့်တူ၏။ ဆံပင်သည်လည်း၊ ဂိလဒ်တောင်ထိပ်တွင် ဝပ်နေသော ဆိတ်အုပ်ကဲ့သို့ဖြစ်၏။
2 သင်၏သွားများသည်၊ အမွေးညှပ်၍ ရေချရာမှ တက်လာသောသိုးအုပ်ကဲ့သို့စင်ကြယ်သည့်ပြင်၊ ရှဉ်းပဲ့မဟုတ်၊ ရှဉ်းစုံဖြစ်ကြ၏။
3 နှုတ်ခမ်းလည်း နီမြန်းသောကြိုးနှင့်တူလျက်၊ သာယာသောစကားရှိသည့်ပြင်၊ ရှေ့ကာအောက်နားထင်သည်၊ သလဲရောင်နှင့်တူ၏။
4 လည်တိုင်သည်၊ သူရဲကိုင်ဒိုင်းလွှားတစ်ထောင်သွင်းထားရန်၊ ဒါဝိဒ်မင်းတည်ဆောက်သော လက်နက်တိုက်တည်းဟူသောရဲတိုက်နှင့်တူ၏။
5 ရင်သားနှစ်ဖက်သည်၊ နှင်းတောတွင် ကျက်စားသောဒရယ်ငယ်အစုံနှင့်တူ၏။
6 ညနေချမ်းတိုင်၍ အရိပ်မပျောက်မီ၊ ငါသည် မုရန်တောင်နှင့် လောဗန်ကုန်းသို့ပြန်သွားတော့မည်။
7 ငါ၏ချစ်ဆွေ၊ သင်သည် ခြောက်ပြစ်ကင်း၍၊ တစ်ကိုယ်လုံးလှပေ၏။
8 ငါနှင့်အတူ၊ လေဗနုန်တောင်ကလိုက်ပါအမယ်၊ အတူမကွာ လေဗနုန်တောင်ကလိုက်ပါ။ အာမနတောင်၊ ရှနိရတောင်၊ ဟေရမုန်တောင်ထိပ်များနှင့်၊ ခြင်္သေ့အောင်း ရာတွင်း၊ ကျားသစ်ခိုရာတောင်များပေါ်ကရှုကြည့်ပါ။
9 ငါ့နှမ၊ ငါ့ကြင်ရာ၊ သင်သည် ငါ့နှလုံးကိုဆွဲယူပြီ။ မျက်စိတကြည့်၊ လည်တလှည့်ဖြင့် ငါ့နှလုံးကိုဆွဲယူပြီ။
10 ငါ့နှမ၊ ငါ့ကြင်ရာ။ သင်၏မေတ္တာသည် တင့်တယ်ပေ၏။ သင်၏မေတ္တာသည် စပျစ်ရည်ထက်ချိုလှပေ၏။ လိမ်းကျံသောဆီလည်းနံ့သာအမျိုးမျိုးထက် မွှေးကြိုင် လှပေ၏။
11 ငါ့ကြင်ရာ၊ ပျားရည်စစ်သည် သင့်နှုတ်ခမ်းမှ ယိုထွက်တတ်၏။ လျှာအောက်တွင် နို့ရည်နှင့် ပျားရည်ရှိ၏။ အဝတ်တန်ဆာလည်း၊ လေဗနုန်အမွှေးအကြိုင်ကဲ့သို့ သင်းလှိုင်လျက်ရှိ၏ ။
12 ငါ့နှမ၊ ငါ့ကြင်ရာသည်၊ စည်ကားသောဥယျာဉ်၊ ကာရံသောစမ်းပေါက်၊ တံဆိပ်ခတ်သောရေတွင်းဖြစ်ပေ၏။
13 သင်၏ပေါက်စအပင်များကား၊ အထူးအမြတ်သီးတတ်သောသလဲခြံ၊ နာဒုပင်များနှင့် ဒန်းခြံ၊
14 နာဒု၊ စပါးလင်၊ ကြံ၊ သစ်ကြမ်းပိုးမှစသော၊ လောဗန်ပင်အမျိုးမျိုး၊ မုရန်၊ အကျော်များနှင့် အကောင်းဆုံးသောနံ့သာပင်အမျိုးမျိုးတည်း။
15 သင်သည် ဥယျာဉ်စမ်းပေါက်၊ စမ်းရေတွင်း၊ လေဗနုန်တောင်မှ ထွက်စီးသောရေအယဉ်ဖြစ်သတည်း။
16 မြောက်လေဆော်ပါ။ တောင်လေသွင်းပါ။ မွှေးကြိုင်သောရနံ့သင်းပျံ့စေရန်၊ ကျွန်မဥယျာဉ်ပေါ်သို့သွေးပါ။ ကျွန်မချစ်သူသည်၊ ကိုယ့်ဥယျာဉ်တော်သို့ဝင်၍၊ ထူးမြတ် သောအသီးကို သုံးဆောင်တော်မူပါစေ။