5
ငါ့နှမ၊ ငါ့ကြင်ရာ၊ ငါ့ဥယျာဉ်ထဲသို့ငါဝင်လာပြီ။ မုရန်နှင့်ဒန်းခိုင်ကို ငါဆွတ်ယူပြီ။ ငါ့ပျားရည်နှင့်ပျားလပို့ကို စား၍၊ နို့ရည်နှင့် စပျစ်ရည်ကိုသောက်လေပြီ။ ငါ့အဆွေတို့၊ စားကြလော့။ ငါ့မိတ်ဆွေတို့၊ သောက်ကြလော့။ ဝစွာသောက်ကြလော့။
ကျွန်မသည်၊ ကိုယ်အိပ်လျက်စိတ်နိုးစဉ်၊ တံခါးကိုခေါက်သောကျွန်မချစ်ဆွေ၏ စကားသံမှာ၊ ငါ့နှမ၊ ငါ့ချစ်ဆွေ၊ ငါ့ချိုးငှက်၊ ငါ့စင်ကြယ်သူ၊ ဖွင့်ပါ။ ငါ့ဦးခေါင်းသည် နှင်းနှင့်လည်းေကာင်း၊ ကေသာလည်း ညဉ့်နှင်းပေါက်နှင့်လည်းေကာင်း ပြည့်လျက်ရှိပါ၏ဟုဆိုလျှင်၊ ကျွန်မမှာ နေ့အဝတ်ကိုချွတ်ပါပြီ။ မည်သို့ပြန်ဝတ်ရအံ့နည်း။ ခြေကိုဆေးပါပြီ။ မည်သို့ပြန်ညစ်ရအံ့နည်းဟု ပြန်ပြောသော်၊ ကျွန်မ၏ချစ်သူသည်၊ လက်တော်ကိုအခန်းဆီးကြားက သွင်းလှမ်းရာ၊ သနားကြင်နာသဖြင့်၊ ကျွန်မ၏ချစ်သူ့အားဖွင့်ပေးရန်ထသောအခါ၊ လက်မှမုရန်၊ လက်ချောင်းများမှ မုရန်ဆီသည်၊ တံခါးကျင်ပေါ်သို့အစက်စက်ကျလျက်၊ ချစ်သူ့အား ကျွန်မဖွင့်ပေးရာ၊ ချစ်သူမရှိ၊ ပြန်ဆုတ်နှင့်လေပြီ။ ပြန်ဆုတ်သောကြောင့် အားလျော့၍၊ ရှာသော်မတွေ့။ ခေါ်သော်လည်းမထူးချေ။ မြို့ကိုလှည့်ပတ်သောကင်းသမားတို့နှင့်တွေ့လျှင်၊ ကျွန်မကို နာကျင်စွာရိုက်နှက်ကြသည့်ပြင်၊ မြို့ရိုးစောင့်တို့လည်း ခြုံပဝါကိုလုယူကြ၏။ အချင်းယေရုရှလင်မြို့သူတို့၊ ကျွန်မ၏ချစ်သူကိုတွေ့က၊ ဝေဒနာကပ်အောင်ချစ်ခင်သည်ဟု ကြားပြောမည့်အကြောင်း၊ ကျွန်မတောင်းပန်ပါ၏။
မိန်းမတကာတို့ထက်အဆင်းလှသောအစ်မ၊ သင့်ချစ်သူသည် အခြားချစ်သူတို့နှင့် မည်သို့ခြားနားသနည်း။ ကျွန်မတို့ကို ထိုသို့တောင်းပန်လောက်အောင်၊ သင့်ချစ်သူ သည် အခြားချစ်သူတို့နှင့် မည်သို့ခြားနားသနည်း။
10 ကျွန်မ၏ချစ်သူသည်၊ အဆင်းဖြူခြင်း၊ နီခြင်းများနှင့်ပြည့်စုံ၍၊ လူတစ်သောင်းအပေါ်တွင်၊ အထွဋ်အမြတ်ဖြစ်ပါ၏။ 11 ဦးရေမှာ ရွှေစင်၊ ဆံပင်မှာကျီးမွေးရောင်ကဲ့သို့ထူထပ်စွာနက်၏။ 12 မျက်လုံးမျက်ကွင်းသည်၊ နို့ရည်၌နှစ်ချိုးလျက်၊ မောက်ဖြိုးသောမြစ်ရေပေါ်တွင် ဝပ်နေသောချိုးနှင့်တူ၏။ 13 ပါးသည် နံ့သာပေါင်ဒန်းခိုင်ကဲ့သို့လည်းေကာင်း၊ နှုတ်ခမ်းလည်း မုရန်ဆီအစက်စက်ကျလျက်နှင်းပန်းကဲ့သို့လည်းေကာင်း ဖြစ်၏။ 14 လက်များသည်၊ မျက်ရွဲစီသောလက်ဝတ်ကဲ့သို့လည်းေကာင်း၊ ကိုယ်လည်းနီလာဖြင့်စီချယ်သောဆင်စွယ်ကဲ့သို့လည်းေကာင်း ဖြစ်၏။ 15 ခြေများသည် ရွှေစင်ခုံ၌ စိုက်ထားသောကျောက်ဖြူတိုင်နှင့်တူ၏။ ရူပကာယလည်း လေဗနုန်တောင်နှင့်တူလျက်၊ သစ်ကတိုးပင်ကဲ့သို့ထူးမြတ်ပေ၏။ 16 နှုတ်သည်အလွန်ချို၍၊ တစ်ကိုယ်လုံးပင်နှစ်သက်ဖွယ်ဖြစ်၏။ အချင်းယေရုရှလင်မြို့သူတို့၊ ထိုသို့သောသူသည် ငါ့ချစ်သူ၊ ငါ့ချစ်ဆွေဖြစ်သတည်း။