9
1 ထိုနောက် ဒါဝိဒ်မင်းက၊ ယောနသန့်အတွက် ငါကျေးဇူးပြုရန် ရှောလုမင်း၏ဆွေတော် မျိုးတော်တစ်ဦးတစ်ယောက်ကျန်သေးသလောဟုမေးသော်၊
2 ရှောလုမင်း၏နန်းတော်သားအပါအဝင် ဇိဘအမည်ရှိသော ကျွန်တစ်ယောက်ကို ရှေ့တော်သို့ခေါ် သွင်းရာ ဒါဝိဒ်မင်းက၊ သင်ဇိဘလောဟုမေးလျှင် ကျွန်တော်မျိုးမှန်ပါသည်ဟု လျှောက်တင်လေ၏။
3 ဘုရင်မင်းကလည်း ဘုရားသခင့်ကျေးဇူးတော်အတိုင်း ငါပြုစုရန် ရှောလုမင်းဆွေတော်မျိုးတော် တစ်ဦးတစ်ယောက်မျှ မကျန်သလောဟု မေးသောအခါ ယောနသန့်သား၊ ခြေဆွံ့သူတစ်ယောက်ရှိပါသေးသည်ဟု ဇိဘတင်လျှောက်ရာ
4 အဘယ်မှာနည်းဟု ဘုရင်မင်းမေးပြန်လျှင် လောဒေဗာမြို့နေ အမျေလသားမာခိရအိမ်တွင်ရှိ ပါသည်ဟု ပြန်လျှောက်သည့်အတိုင်း
5-6 ဒါဝိဒ်မင်းသည် ရှောလုမင်းမြေး၊ ယောနသန့်သား၊ မေဖိဗောရှက်ကို ဆိုခဲ့သော မာခိရအိမ်မှ ခေါ်စေ၍ ရောက်သော်၊ ရှေ့တော်တွင်ပျပ်ဝပ်ရှိခိုးနေစဉ် ဒါဝိဒ်မင်းက မေဖိဗောရှက်လောဟု မေးလျှင် ကျွန်တော်မျိုးမှန်ပါသည်ဟု ဝန်ခံလေ၏။
7 ဒါဝိဒ်မင်းကလည်း၊ မကြောက်လင့်။ သင့်အဘယောနသန့်အတွက် သင့်အားငါမုချငါကျေးဇူး ပြု၍၊ သင့်ဘိုးတော်ရှောလုမင်းပိုင်သမျှမြေကို ပေးမည့်ပြင် စားပွဲတော်တွင် စားသောက်ခွင့်ကို အစဉ်ပေးမည်ဟု မိန့်ဆိုသော်
8 မေဖိဗောရှက်က ခွေးသေသဖွယ်ဖြစ်သူ ကျွန်တော်မျိုးသည် မည်သို့သောသူဖြစ်၍ ဘုရင်မင်း အရေးယူတော်မူရပါသနည်းဟု သံတော်ဦးတင်လေ၏။
9-10 ထိုအခါ သားဆယ့်ငါးယောက်နှင့်ငယ်သားနှစ်ဆယ်ရှိသော ဇိဘအား ဘုရင်မင်းက၊ ရှောလုမင်းနှင့် ဆွေတော်မျိုးတော်တို့ပိုင်သမျှကို သင့်အရှင့်သားသို့ငါအပ်ပေးပြီ။ သင်မှစ၍ သားများနှင့်တကွ ငယ်သားတို့ပါ လယ်လုပ်၍ သင့်အရှင့်သားသုံးစားရန် စုဆပေးသွင်းရမည်။ သင့်အရှင့်သားမေဖိဗောရှက်ကိုကား စားပွဲတော်တွင်စားသောက်ခွင့် ငါအစဉ်ပေးပြီဟု မိန့်ဆိုသည့် အတိုင်း၊
11 အရှင်မင်းမြတ် အမိန့်တော်ရှိရာ ကျွန်တော်မျိုးနာခံဆောင်ရွက်ပါမည်ဟု ဇိဘဝန်ခံလေ၏။ သို့ဖြစ်၍ မေဖိဗောရှက်သည် သားတော်ရင်းကဲ့သို့ စားပွဲတော်တွင် စားသောက်ခွင့်ရသတည်း။
12 မေဖိဗောရှက်၌ မိက္ခာအမည်ရှိသော သားငယ်တစ်ယောက်ရှိ၏။ ဇိဘနှင့်အိမ်သူအိမ်သား အပေါင်းတို့လည်း မေဖိဗောရှက်၏ကျွန်ရင်းဖြစ်ကြ၏။
13 ထိုသို့ခြေနှစ်ဖက်ဆွံ့သောမေဖိဗောရှက်သည် ယေရုရှလင်မြို့၌နေထိုင်လျက် ဘုရင်မင်းစားပွဲ တော်တွင် စားသောက်ခွင့်ကိုအစဉ်ရသတည်း။