8
1 သို့ပြီးမှ ဒါဝိဒ်မင်းသည် ဖိလိတ္တိလူမျိုးကို လုပ်ကြံနှိမ်နင်း၍ ၎င်းမြို့တော်၏ဂုဏ်ရည်တိမ်ကောစေ၏။
2 မောဘပြည်ကိုလည်းလုပ်ကြံရာ၊ ပြည်သားတို့ကို မြေပေါ်တွင်လဲစေလျက် ကြိုးနှင့်တိုင်းတာ ပြီးလျှင် အသေသတ်ရန်နှစ်ကြိုး၊ ဘေးမဲ့လွှတ်ရန်တစ်ကြိုး၊ စီမံ၍ မောဘပြည်သားတို့သည် ဒါဝိဒ်မင်းလက်အောက်ခံဖြစ်ကြသည့်အတိုင်း အခွန်အတုတ်ဆက်ရကြ၏။
3 မြစ်ကြီးတစ်လျှောက်ပြန်သိမ်းအုပ်စိုးရန် ထွက်ချီသော ဇောဘဘုရင်၊ ရဟောဘမင်းသားတော်၊ ဟာဒဒေဇာမင်းကိုလည်း ဒါဝိဒ်မင်းလုပ်ကြံရာ
4 မြင်းစီးသူရဲတစ်ထောင့်ခုနစ်ရာ ခြေသည်သူရဲနှစ်သောင်းတို့ကို ဖမ်းဆီးပြီးမှ စစ်ရထားမြင်း တစ်ရာကိုသာသိမ်း၍ ကျန်သမျှမူကား သခေါက်ကြောကို ဖြတ်လေ၏။
5 ဇောဘဘုရင်ဟာဒဒေဇာမင်းကို စစ်ကူရန်ဒမာသက်မြို့မှ ချီလာသောရှုရိရဲမက်တို့အနက် နှစ်သောင်းနှစ်ထောင်တို့ကို ဒါဝိဒ်မင်းလုပ်ကြံပြီးမှ
6 ဒမာသက်နိုင်ငံပိုင် ရှုရိပြည်တွင် မြို့စောင့်တပ်များကို ထား၍ ရှုရိပြည်သားတို့သည် ဒါဝိဒ်မင်း လက်အောက်ခံဖြစ်သည့်အတိုင်း အခွန်အတုတ်ဆက်ရကြ၏။ ဒါဝိဒ်မင်းချီလေရာရာ ထာဝရဘုရား အောင်မြင်စေတော်မူ၏။
7 ဟာဒဒေဇာမင်း၏ ဗိုလ်မှူးတို့လက်မှ ရွှေဒိုင်းလွှားများကို ဒါဝိဒ်မင်းသိမ်း၍ ယေရုရှလင်မြို့သို့ ဆောင်သွား၏။
8 ဟာဒဒေဇာမင်းပိုင်၊ ဘေတမြို့၊ ဗေရောသဲမြို့များမှ ကြေးများကိုလည်း ဒါဝိဒ်မင်းသိမ်းသွားလေ၏။
9 ဟာဒဒေဇာမင်း၏အလုံးအရင်းတို့ကို ဒါဝိဒ်မင်းလုပ်ကြံကြောင်း ဟာမတ်ဘုရင်တောဣမင်း ကြားလျှင်
10 ကိုယ့်ရန်ဘက်ဟာဒဒေဇာမင်းကို ဒါဝိဒ်မင်းတိုက်ခိုက်လုပ်ကြံသောကြောင့် အောင်ဆုသြ ဘာဆက်ရန် သားတော်ယောရံကို ဒါဝိဒ်မင်းထံစေလွှတ်ရာ လက်ဆောင်တော်ရွှေဖလား၊ ငွေဖလား၊ ကြေးဖလားများပါလာသည်နှင့်အညီ ဒါဝိဒ်မင်းသည်
11-12 ထိုဖလားများကို အနိုင်ရသောရှုရိ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိ၊ အာမလက်၊ လူအမျိုးမျိုးတို့မှ သိမ်းယူခဲ့သော ရွှေငွေများနှင့်တကွ ဇောဘဘုရင်၊ ရဟောဘမင်းသားတော်၊ ဟာဒဒေဇာမင်းထံမှ လက်ရဥစ္စာများပါ ထာဝရဘုရားအဖို့ သီးသန့်ထားလေ၏။
13 ဆားချိုင့်တွင် ရှုရိတပ်သားတစ်သောင်းရှစ်ထောင်တို့ကို လုပ်ကြံပြန်လာသောအခါ ဒါဝိဒ်မင်း၌ ကျော်စောကိတ္တိရှိ၏။
14 ဧဒုံပြည်အရပ်ရပ်တွင်လည်း မြို့စောင့်တပ်များကိုထား၍ ဧဒုံပြည်သားအပေါင်းတို့သည် ဒါဝိဒ်မင်းလက်အောက်ခံဖြစ်ကြ၏။ ဒါဝိဒ်မင်းချီလေရာရာ ထာဝရဘုရားအောင်မြင်စေတော်မူ၏။
15 ထိုသို့ဒါဝိဒ်မင်းသည် ဣသရေလတစ်မျိုးလုံးအပေါ်တွင်မင်းပြုရာ၊ ပြည်သူပြည်သားတို့ကို တရားသဖြင့် စီရင်ဆုံးဖြတ်လေ၏။
16 ဇေရုယာ့သားယွာဘကို ဗိုလ်ချုပ် အဟိလုဒ်သားယောရှဖတ်ကို အတွင်းဝန် စရာယကို သံတော်ဆင့်ခန့်၍
17 အဟိတုပ်သားဇာဒုတ်နှင့် အဗျာသာ့သားအဟိမလက်တို့သည် ပရောဟိတ်ဖြစ်ကြ၏။
18 ယောယဒသားဗေနာယကို ခေရသိနှင့်ပေလသိတပ်တော်တွင် အကြီးအမှူးခန့်၍ ဒါဝိဒ်မင်းသားတော်တို့လည်း ပရောဟိတ်ဖြစ်ကြသတည်း။