10
၎င်းနောက် အမ္မုန်အမျိုးသားတို့၏ဘုရင် ကွယ်လွန်၍၊ သားတော်ဟာနုန်သည် အရိုက်အရာကို ဆက်ခံစိုးစံရာ ဒါဝိဒ်မင်းက ငါ့အားဟာနုန့်ခမည်းတော် နာဟတ်မင်းကျေးဇူးပြုဖူးသည့်နည်းတူ သားတော်ကို ကျေးဇူးပြုထိုက်ပေသည်ဟု အောက်မေ့လျက် ခမည်းတော့်အတွက် နှစ်သိမ့်စေရန် ရာဇသံတို့ကို စေလွှတ်လေ၏။ အမ္မုန်ပြည်သို့ရောက်ကြသောအခါ အမ္မုန်မှူးမတ်တို့က ဒါဝိဒ်မင်းသည် ခမည်းတော်ကိုရိုသေသောစိတ်နှင့် နှစ်သိမ့်စေရန် ရာဇသံ တို့ကိုစေလွှတ်သည်ဟု ထင်မှတ်ပါသလော။ မြို့တော်ကိုစူးစမ်းစစ်ဆေး၍ ဖြိုလှဲရန်သာ စေလွှတ် သည်မဟုတ်ပါလောဟု ကိုယ့်အရှင်ဟာနုန်မင်းထံ တင်လျှောက်သည်နှင့်အညီ ဟာနုန်မင်းသည် ဒါဝိဒ်မင်းရာဇသံတို့ကို ဖမ်းပြီးလျှင် မုတ်ဆိတ်တစ်ခြမ်းကို ရိတ်လျက် တင်ပါး ထိအဝတ်တစ်ပိုင်းကို ဖြတ်လျက် လွှတ်လိုက်၏။ ဒါဝိဒ်မင်းကြားသိသော်၊ ထိုသူတို့အလွန်ရှက်မည်ကို ထောက်သဖြင့် ယေရိခေါမြို့တွင် ဆိုင်းလင့်၍ မုတ်ဆိတ်ရှည်မှပြန်လာကြလော့ဟု တင်ကြိုမှာထားလိုက်လေ၏။ အမ္မုန်အမျိုးသားတို့သည် ဒါဝိဒ်မင်းရှေ့ထိုသို့စက်ဆုပ်ရွံရှာဖွယ်ဖြစ်သည်ကို သိမြင်လျှင် ဗက်ရဟောဘမြို့နှင့် ဇောဘမြို့နေ ရှုရိခြေသည် နှစ်သောင်း၊ မာခါဘုရင်နှင့်သူရဲတစ်ထောင်၊ တောဘ သူရဲတစ်သောင်းနှစ်ထောင်တို့အား အငှါးခေါ်ထားကြောင်း ဒါဝိဒ်မင်းကြားသော် ယွာဘနှင့်သူရဲကောင်းတပ်အလုံးအရင်းတို့ကို ချီတက်စေရာ အမ္မုန်အမျိုးသားတို့သည် ချီထွက်၍ မြို့တံခါးအနီးတွင် စီစဉ်ခင်းကျင်းလျက် ဇောဘ၊ ရဟောဘ မြို့နေ ရှုရိသူရဲတို့နှင့် တောဘသူရဲ၊ မာခါသူရဲတို့ကား လွင်ပြင်၌အသီးအခြားနေကြ၏။ ယွာဘသည် ရှေ့တပ်၊ နောက်တပ်၊ နှစ်ဘက်ညှပ်ကြောင်းမြင်လျှင် ဣသရေလလက်ရွေးသူရဲ တို့ကိုကောက်လျက် ရှုရိတပ်ကိုဆီးဆို့ရန်ခင်းကျင်း၍ 10 ကျန်သူရဲအပေါင်းတို့မှာ ညီအဘိရှဲလက်အောက်အပ်နှင်းလျက် အမ္မုန်တပ်ကိုဆီးဆို့ရန် ခင်းကျင်းစေပြီးလျှင် 11 ရှုရိသူရဲတို့အရေးသာက ငါ့ကိုကူညီလော့။ အမ္မုန်သူရဲတို့သာက သင့်အားငါအကူချီလာမည်။ 12 အားယူလော့။ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင်ပိုင်ဆိုင်ရာမြို့ရွာများအဖို့ လုံ့လထုတ်ကြ ကုန်အံ့။ ထာဝရဘုရားလည်း အလိုတော်ရှိရာစီရင်တော်မူပါစေသောဟုဆိုပြီးမှ 13 အပေါင်းပါတို့နှင့်တကွ ချဉ်းကပ်တိုက်ခိုက်သောအခါ ရှုရိတပ်ဆုတ်ပြေးရကြ၏။ 14 အမ္မုန်အမျိုးသားတို့လည်း ရှုရိတပ်ဆုတ်ပြေးရသည်ကို သိမြင်လျှင် အဘိရှဲရှေ့မှ မြို့တွင်းသို့ ဆုတ်ပြေးခိုဝင်ကြသည်နှင့် ယွာဘသည် အမ္မုန်ပြည်ကထွက်၍ ယေရုရှလင်မြို့သို့ပြန်ချီလေ၏။
15 ဣသရေလတပ်ရှေ့ရှုံးကြောင်းကို ထိုရှုရိလူမျိုးတို့သိမြင်လျှင် 16 စုရုံးစည်းဝေးပြန်သည့်ပြင် မြစ်ကြီးတစ်ဘက်ရှိ ရှုရိပ်တပ်များကိုလည်း ဟာဒဒေဇာမင်းခေါ်စေ ၍ ဟာဒဒေဇာမင်း၏ ဗိုလ်ချုပ်ရှောဗက်တပ်ဦးချီလျက် ဟေလံမြို့သို့ရောက်လာကြ၏။ 17 ထိုသတင်းကို ဒါဝိဒ်မင်းကြားသော်၊ ဣသရေလတပ်အပေါင်းကို စုရုံးပြီးလျှင် ယော်ဒန်မြစ်ကို ကူးလျက် ဟေလံမြို့အရောက်ချီရာ ရှုရိသူရဲတို့သည် ဒါဝိဒ်မင်းတပ်ကိုဆီးဆို့ခင်းကျင်းတိုက်ခိုက် သောအခါ 18 ဣသရေလတပ်ရှေ့ဆုတ်ပြေးရ၍ ဒါဝိဒ်မင်းသည် ရှုရိရထားစီးသူရဲခုနစ်ရာ၊ မြင်းစီးသူရဲလေး သောင်းတို့ကို လုပ်ကြံသည့်ပြင်၊ ဗိုလ်ချုပ်ရှောဗက်ကိုလည်း စစ်မြေပြင်၌ပင်ကျဆုံးစေ၏။ 19 ဟာဒဒေဇာမင်း၏လက်အောက်ခံမင်းဟူသမျှတို့သည် ဣသရေလလူမျိုးရှေ့ရှုံးကြောင်းသိမြင် လျှင် ဣသရေလလူမျိုးထံတောင်းပန်တိုးလျှိုး၍ လက်အောက်ခံဖြစ်ရကြ၏။ ရှုရိလူမျိုးတို့လည်း အမ္မုန်အမျိုးသားတို့ကို နောက်တစ်ဖန်စစ်မကူဝံ့ကြ။