21
တစ်ဖန် မိုးမြေဟောင်းလွင့်သွားပြီးသည့်အလျောက် သမုဒ္ဒရာမရှိသောမိုးမြေသစ်ကို ငါမြင်ရ၏။ သန့်ရှင်းသော ယေရုရှလင်မြို့သစ်လည်း ခင်ပွန်းအဖို့ဆင်ယင်ပြီး မင်္ဂလာဆောင်သတို့သမီးကဲ့သို့ အသင့်ဆင်ပြင်လျက် ဘုရားသခင်စံတော်မူရာကောင်းကင်ဘုံမှ ဆင်းသက်သည်ကိုငါမြင်စဉ်၊ ရာဇပလ္လင်တော်မှ ကျယ်သောမြွက်သံက ဘုရားသခင့်စံရာတော်သည် လူတို့ဘောင်တွင်ရှိသည့်အလျောက် သူတို့နှင့်အတူစံတော်မူလိမ့်မည်။ သူတို့လည်း လူမျိုးတော်များဖြစ်သည့်အတိုင်း ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူတည်နေလျက် မျက်ရည်ကျသမျှကိုသုတ်တော်မူမည်။ အခြင်းအရာဟောင်းများ လွင့်သွားပြီဖြစ်သောကြောင့် သေခြင်းမှစ၍ မြည်တမ်းခြင်း၊ ဟစ်ကြွေးခြင်း၊ နာကျင်ခြင်းရှိရတော့မည်မဟုတ်ဟု မြွက်ဆိုသည်ကိုငါကြားရ၏။ တစ်ဖန် ပလ္လင်တော့်အထက်စံတော်မူသောအရှင်က အရာခပ်သိမ်းကို ငါအသစ်ဖန်ဆင်းသည်ဟု မိန့်တော်မူပြီးနောက် ရေးသားလော့၊ ဤအချက်များကား သစ္စာရှိ၍ဟုတ်မှန်သည်ဟု မိန့်ပြန်သတည်း။ ကိုယ်တော်ကလည်း အဆုံးသတ်ပြီ။ ငါသည် အာလဖနှင့်သြမေဃ၊ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သူတို့အား အသက်စမ်းရေကို အဖိုးမဲ့သနားမည်။ အောင်မြင်သူသည် ဤအရာများကိုအပိုင်ရသဖြင့် ငါသည်သူ့ဘုရား၊ သူလည်းငါ့သားဖြစ်လိမ့်မည်။ ကြောက်ရွံ့သူ၊ သစ္စာမဲ့သူ၊ ရွံ့ရှာဖွယ်ပြုသူ၊ လူသတ်ဖြစ်သူ၊ မတရားမေထုန်ကျင့်သူ၊ နတ်ဟောသူ၊ ရုပ်ပွားကိုးကွယ်သူမှစ၍ မုသာသုံးသူဟူသမျှကား ဒုတိယသေခြင်းတည်းဟူသော တောက်လောင်ရာကန့်မီးအိုင်တွင် ဆိုင်ရာဝေပုံခံရကြလတ္တံ့ဟု ငါ့အားမိန့်တော်မူ၏။ ထိုကာလ အန္တိမဘေးခုနစ်မျိုးပြည့်သည့် ဖလားခုနစ်လုံးကိုင်ခဲ့သော စေတမန်တော်ခုနစ်ပါးအဝင်တစ်ပါးသည် လာလျက် လိုက်ခဲ့လော့။ သိုးငယ်တော်၏မင်္ဂလာဆောင်ခင်ပွန်း သတို့သမီးကိုပြမည်ဟုပြောဆိုပြီးလျှင်၊ 10 ဝိညာဉ်တော်ဝင်စားသူငါ့ကို ကြီးမြင့်သောတောင်သို့ခေါ်သွားလျက် ဘုရားသခင်စံတော်မူရာ ကောင်းကင်ဘုံမှဆင်းသက်သည့် သန့်ရှင်းသောယေရုရှလင်မြို့တော်ကိုပြ၏။ 11 မြို့တော်သည် ဘုရားသခင့်ဘုန်းတော်နှင့်ပြည့်သဖြင့် အလွန်မြတ်သောစိန်ကျောက် ကြည်လင်သည်နှင့်အမျှ တောက်ပလေ၏။ 12 ကြီးမြင့်သောမြို့ရိုးနှင့်တကွ စေတမန်တော်ဆယ့်နှစ်ပါးစောင့်လျက် ဣသရေလဆယ့်နှစ်နွယ်၏ အမည်များအလိုက် ကမ္ပည်းထိုးလျက် အရှေ့မျက်နှာ၌ တံခါးသုံးပေါက်၊ မြောက်မျက်နှာ၌ သုံးပေါက်၊ တောင်မျက်နှာ၌ သုံးပေါက်၊ အနောက်မျက်နှာ၌ သုံးပေါက် ပေါင်းဆယ့်နှစ်ပေါက်ရှိ၏။ 13-14 မြို့ရိုးအောက်ခံဆယ့်နှစ်တန်၌ သိုးငယ်တော့်တမန်တော်ဆယ့်နှစ်ပါး၏နာမများ အက္ခရာတင်လျက်ရှိ၏။ 15 ငါ့အားပြောသောစေတမန်တော်သည် မြို့တော်ကိုတံခါးများ၊ မြို့ရိုးများပါတိုင်းတာရန် ရွှေတာဝါးတစ်လုံးပါရှိသဖြင့်၊ 16 အလျားအနံညီမျှလျက် စတုရန်းတည်သောမြို့တော်ကို တာဝါးနှင့်တိုင်းတာရာ တိုင်ပေါင်းခုနစ်ရာ့ ငါးဆယ်တည်း။ မြို့အလျား၊ အနံ၊ အမြင့် ညီမျှ၏။ 17 မြို့ရိုးကိုတိုင်းတာသော် လူသာမန်အတောင်အလိုက် စေတမန်တော့်တောင်ရေ တစ်ရာ့လေးဆယ်လေးတောင်တည်း။ 18 ထိုမြို့ရိုးကို စိန်ကျောက်နှင့်တည်လုပ်၍ မြို့တော်လည်း ကြည်လင်သောဖန်အဆင်းရွှေစင်ဖြစ်၏။ 19 မြို့ရိုးအောက်ခံများကို ကျောက်မျက်အမျိုးမျိုးနှင့်ချယ်လှယ်၍ ပထမအောက်ခံစိန်၊ ဒုတိယ ကျောက်ပြာ၊ တတိယ ဆီး၊ စတုတ္ထ မြ၊ 20 ပဥ္စမ ကြောင်၊ ဆဋ္ဌမ ပတ္တမြား၊ သတ္တမ မဟူရာ၊ အဋ္ဌမ မျက်ရွဲ၊ နဝမ ဥဿဘယား၊ ဒသမ မဟူရာစိမ်း၊ ဧကာဒသမ နီလာ၊ ဒွါဒသမ ဂေါ်မုတ်ဖြစ်၏။ 21 တံခါးဆယ့်နှစ်ကား အသီးအသီးပုလဲတစ်လုံးစီဖြင့်ထွင်းထုပြီး ပုလဲဆယ့်နှစ်လုံးဖြစ်၏။ လမ်းမတော်များလည်း ကြည်လင်သောဖန်ဆင်းရွှေစင်ဖြစ်၏။ 22 ထိုမြို့တော်၌ ဗိမာန်တော်မပေါ်။ အနန္တတန်ခိုးရှင်ထာဝရဘုရားသခင်နှင့် သိုးငယ်တော်သည် ဗိမာန်တော်ဖြစ်၏။ 23 နေရောင်လရောင်ကိုလည်းအလိုမရှိ။ ဘုရားသခင်ဘုန်းတော်သည် ထွန်းလင်းလျက် သိုးငယ်တော်လည်း မီးရှုးသဖွယ်ဖြစ်တော်မူ၏။ 24-25 ထိုအလင်းတော်အားဖြင့် လူမျိုးခြားတို့သွားလာလျက် မြို့တော်တွင်ညဉ့်မကျ။ နေ့အခါ၌ တံခါးပိတ်ခြင်းမရှိသည့်အလျောက် မြေကြီးဘုရင်မင်းတို့သည် ကိုယ့်စည်းစိမ်ကိုဆောင်၍၊ 26 လူမျိုးခြားတို့ ဘုန်းစည်းစိမ်ကိုပင် ဆောင်သွင်းကြလတ္တံ့။ 27 မသန့်သောသူမှစ၍ မုသာနှင့်ရွံ့ရှာဖွယ်ပြုမူသူတို့သည် ဝင်ရောက်ရမည်မဟုတ်။ သိုးငယ်တော်၏ အသက်စာရင်းသွင်းသူတို့သာ ဝင်ရောက်ခွင့်ရကြလိမ့်မည်။