20
1 တစ်ဖန် စေတမန်တော်တစ်ပါးသည် ငရဲဘုံသော့နှင့်သံကြိုးကြီးတစ်စင်းကိုကိုင်လျက် ကောင်ကင်ဘုံမှဆင်းလာရာ၊
2 မာနတ်စာတန်တည်းဟူသော ရှေးမြွေဟောင်းနဂါးကိုဖမ်းဆီး၍ နှစ်ပေါင်းတစ်ထောင်ချည်နှောင်လျက် ငရဲသို့ပစ်ချပြီးလျှင်၊
3 ထိုနှစ်ပေါင်းတစ်ထောင်မကုန်မီ လူအမျိုးမျိုးတို့ကို ထပ်မံမလှည့်ဖြားနိုင်စေရန် ပိတ်၍တံဆိပ်ခတ်ထားသည်ကိုငါမြင်ရ၏။ ထိုကာလ ကုန်လွန်သည့်နောက် တစ်ခဏမျှလွှတ်ရဦးမည်။
4 ထိုအခါ ရာဇပလ္လင်များကိုလည်းေကာင်း၊ ထိုပလ္လင်များထက်ထိုင်နေသူတို့သည် စီရင်ဆုံးဖြတ်ခွင့်ရကြသည်ကိုလည်းေကာင်း၊ ဘုရားသခင့်တရားတော်နှင့် ယေရှုအကြောင်းခံခဲ့သောသက်သေအတွက် ခေါင်းဖြတ်ဒဏ်ခံရသူ၊ သားရဲနှင့်ရုပ်ပုံကိုရှိမခိုးသူ၊ သညာကိုလည်း နဖူးနှင့်လက်တွင်မခံသူတို့ နာမ်ဝိညာဉ်များသည် နှစ်ပေါင်းတစ်ထောင်ပတ်လုံး ရှင်ပြန်လျက် ခရစ်တော်နှင့်အတူစိုးစံရကြသည်ကိုလည်းေကာင်း ငါမြင်ရ၏။
5 ကြွင်းသောသူသေတို့မှာ ထိုနှစ်ပေါင်းတစ်ထောင်မကုန်မီ အသက်မရှင်ရကြ။ ဆိုခဲ့သောရှင်ပြန်ခြင်းကား ပထမရှင်ပြန်ထမြောက်ခြင်းတည်း။
6 ပထမရှင်ပြန်ထမြောက်ခြင်းတွင်ပါဝင်သူတို့သည် သန့်ရှင်း၍မင်္ဂလာရှိကြ၏။ ထိုသူတို့သည်ဒုတိယသေခြင်း အာဏာနှင့်ကင်းလျက် ဘုရားသခင်နှင့်ခရစ်တော်၏ ပရောဟိတ်များအဖြစ် ကိုယ်တော်နှင့်အတူ ထိုနှစ်ပေါင်းတစ်ထောင်ပတ်လုံး စိုးစံနှင့်ကြလိမ့်မည်။
7 ထိုနှစ်ပေါင်းတစ်ထောင်ကုန်လွန်သည့်ကာလ စာတန်သည်အကျဉ်းမှလွတ်၍
8 ဂေါဂ၊ မာဂေါဂ ခေါ် မြေကြီးလေးစွန်းရှိ လူမျိုးများကိုလှည့်ဖြားလျက် စစ်ပွဲသို့စုရုံးစေခြင်းငှါထွက်လိမ့်မည်။ သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသော၊
9 ထိုလူမျိုးတို့သည်မြေကြီးတစ်လျှောက်ချီလာပြီးလျှင် သီးသန့်ထားသူတို့တပ်စွဲရာ ချစ်ဖွယ်သောမြို့တော်ကို ဝန်းဝိုင်းစဉ် ကောင်းကင်မှကျသောလောင်မီးဖြင့် ကျွမ်းကြရမည့်ပြင် လှည့်ဖြားသောမာနတ်လည်း၊
10 သားရဲနှင့်မိစ္ဆာပရောဖက်တို့ရှိနှင့်ရင်း ကန့်မီးအိုင်ထဲသို့ပစ်ချခံရသဖြင့် ကမ္ဘာအဆက်ဆက် နေ့ညဉ့်မပြတ်ညှဉ်းဆဲခံရကြလတ္တံ့။
11 တစ်ဖန် ဖြူဆွတ်သောမဟာရာဇပလ္လင်ကိုလည်းေကာင်း၊ ထိုပလ္လင့်အထက်စံတော်မူသော အရှင့်မျက်မှောက်မှ၊ မိုးမြေရှောင်ပြေး ကွယ်ပျောက်သည်ကိုလည်းေကာင်း ငါမြင်ရ၏။
12 ထိုပလ္လင်တော့်ရှေ့တွင် သူသေအယုတ်အမြတ်တို့ရပ်နေကြရ။ မှတ်ပုံစာရင်းများကို ဖွင့်ထားသည့်ပြင် အသက်ဆိုင်ရာအခြားစာရင်းကိုလည်း ဖွင့်ထားပြီးလျှင် သူသေတို့သည်စာရင်းမှတ်ပုံပါ အကျင့်အကြံများအလျောက် စီရင်ဆုံးဖြတ်ခံရကြသည်ကိုငါမြင်ရ၏။
13 သမုဒ္ဒရာသည် ပါရှိသောသူသေတို့ကိုလည်းေကာင်း၊ သေမင်းနှင့်မရဏာတို့သည် ပါရှိသောသူသေတို့ကိုလည်းေကာင်း၊ အပ်ရကြသဖြင့် အကျင့်အကြံများအလျောက် လူတိုင်းစီရင်ဆုံးဖြတ်ခံရပြီးနောက်၊
14 သေမင်းနှင့်မရဏာကို မီးအိုင်ထဲသို့ပစ်ချလိုက်၏။ ထိုမီးအိုင်ကား ဒုတိယသေခြင်းတည်း။
15 အသက်စာရင်းတွင်အမည် မသွင်းသူတိုင်းကိုလည်း မီးအိုင်ထဲသို့ပစ်ချလိုက်၏။