9
1-2 ငါသည် အလွန်ဝမ်းနည်းခြင်း၊ အစဉ်စိတ်ပူဆွေးခြင်းရှိသည်ဟု သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါ့သြတ္တပ္ပစိတ်သက်သေထောက်ခံလျက်ပင် မုသာမသုံးဘဲ ခရစ်တော်၌တည်သည့်အတိုင်း အဟုတ်အမှန်ဆိုသည်မှာ၊
3 ရုပ်ခန္ဓာအလျောက် ငါ့အမျိုးသားချင်း၊ ငါ့ညီအစ်ကိုချင်းများအတွက် ခရစ်တော့်ထံမှ ကိုယ်တိုင်ခွာခြင်းအမင်္ဂလာကို ခံလိုသောဆန္ဒရှိလေစွတကား။
4 ထိုသူတို့ကား ဣသရေလလူမျိုးဖြစ်လျက် သားတော်အဖြစ်ရောက်ခြင်း၊ ဘုန်းရောင်တော်လင်းခြင်း၊ ပၒၒၒၒဋိညာဥ်တော်အထပ်ထပ်ဖွဲ့ခြင်း၊ ပညတ်တရားပေးခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ကတိတော်ထားခြင်းအခွင့်များကို ရသူတို့ဖြစ်သည့်ပြင်၊
5 ဘိုးတော်ဘေးတော်များမှ ဆင်းသက်ခွင့်၊ ရုပ်ခန္ဓာအလျောက် ခရစ်တော်နှင့်တော်စပ်ခွင့် ရသူတို့ဖြစ်ကြသတည်း။ ထိုအရှင်သည် ရှိသမျှအပေါ်တွင်အုပ်စိုးလျက် ကမ္ဘာအဆက်ဆက်မင်္ဂလာနှင့် ပြည့်စုံသောဘုရားဖြစ်တော်မူ၏။ အာမင်။
6-7 သို့ရာတွင် ဣသရေလလူမျိုးအပေါင်းတို့သည် ဣသရေလလူမျိုးစစ်မဟုတ်။ ဣဇာက်မှ သာသင့်အမျိုးအနွယ်ဟု သမုတ်လိမ့်မည်ဟူသောကျမ်းချက်အရ အာဗြဟံ့အမျိုးအနွယ်ရှိသမျှတို့လည်း သားမြေးစစ်မဟုတ်သောကြောင့် ဘုရားသခင့်ဗျာဒိတ်တော်ပျက်သည်ဟုဆိုလျှင် မမှန်ချေ။
8-9 မုချဆိုသော်၊ ယခုအခါသမယ ငါပြန်လာဦးမည်ဖြစ်၍ စာရာသည်သားကိုရလိမ့်မည်ဟူ သောဗျာဒိတ်တော်မှာ ကတိတော်ဖြစ်သဖြင့် ရုပ်ခန္ဓာအလျောက်ရသောသားတို့သည် ဘုရားသခင် ၏သားမှန်မဟုတ်၊ ကတိတော်အတိုင်းရသောသားတို့ကိုသာ အမျိုးအနွယ်ဟုမှတ်ယူတော်မူ၏။
10 ထိုမျှမက ငါတို့အဘဣဇာက်ဖြင့် ရေဗက္ကသေန္ဓရ၍၊
11 အဘတူထိုသားတို့မဖွားသေးဘဲ အဆိုးအကောင်းကိုမျှမပြုရသေးမီပင် ကိုယ်ကျင့်ကြောင့်မဟုတ်၊ ခေါ်ထားတော်မူသောအရှင်ကြောင့်သာ ရွေးကောက်တော်မူခြင်းအလျောက်ဖြစ်သော ဘုရားသခင့်အကြံတော်တည်စေခြင်းငှါ၊
12 သားကြီးသည် သားငယ့်ထံကျွန်ခံရလိမ့်မည်ဟု ရေဗက္ကအားဗျာဒိတ်တော်ရှိ၏။
13 ထိုအတိုင်းပင် ယာကုပ်ကိုမေတ္တာရှိသော်လည်း၊ ဧသောကိုမေတ္တာမဲ့လျက် ငါနေခဲ့သည်ဟု ကျမ်းချက်ရှိသေးသတည်း။
14 သို့ဖြစ်လျှင် မည်သို့ဆိုရအံ့နည်း။ ဘုရားသခင်၌ မတရားခြင်းရှိသလော။ ထိုသို့မဖြစ်စေရာ။
15 မောရှေအား ကိုယ်တော်က၊ ငါသနားမည့်သူ့ကိုသနားမည်။ ငါစာနာမည့်သူ့ကိုလည်း စာနာမည်ဟု မိန့်တော်မူသည်နှင့်အညီ၊
16 သဘောထားသူ၊ လုံ့လထုတ်သူကြောင့်မဟုတ်။ သနားတော်မူသောဘုရားသခင်ကြောင့်သာတည်း။
17 ဖာရောမင်းအားလည်း သင်၌ငါ့တန်ခိုးကိုပြခြင်းငှါလည်းကောင်း၊ ငါ့နာမကိုမြေတစ်ပြင်လုံးနှံ့ကြေညာစေခြင်းငှါလည်းကောင်း၊ သင့်ကိုငါပေါ်ထွန်းစေခဲ့ပြီဟု ကျမ်းဆိုရှိသည်နှင့်အညီ၊
18 သဘောတော်အတိုင်း သနားတော်မူ၏။ သဘောတော်အတိုင်းလည်း စိတ်ခဲယဉ်းစေတော်မူ၏။
19 သို့ဖြစ်လျှင်သင်က၊ အဘယ်ကြောင့် အပြစ်တင်တော်မူသေးသနည်း။ သဘောတော်ကို မည်သူခုခံသနည်းဟု မေးခဲ့သော်၊
20 အိုအချင်းလူ၊ ထိုသို့မမေးသင့်။ ဘုရားသခင့်အားဆင်ချေတက်သောသင်ကား မည်သူနည်း။ ချထားသောပုံက၊ ပုံချသူ့အား ငါ့ကိုအဘယ်ကြောင့် ဤသို့လုပ်ထားပါသနည်းဟု မေးမြန်းမည်လော။
21 အိုးထိန်းသည် မြေစေးတစ်ပုံထဲမှ အိုးယုတ်အိုးမြတ်လုပ်နိုင်ရန် မြေစေးပေါ်တွင်အခွင့်မရှိလော။
22-24 အကယ်၍ ဘုရားသခင်သည် ယုဒလူမျိုးအနက်သာမဟုတ်၊ လူမျိုးခြားတို့အနက်လည်း ငါတို့ကိုခေါ်ထားတော်မူသည့်အလျောက် ဘုန်းပွင့်ခြင်းအဖို့ပြင်ဆင်ပြီးသော ကျေးဇူးတော့်ဆိုင်ရာအိုးများ၌ ကြွယ်ဝသောဘုန်းတော်ကို ဖော်ပြခွင့်ရအံ့သောငှါ အမျက်တော်ကိုထင်ရှားစေ၍ တန်ခိုးတော်ကိုလည်း ဖော်ပြမည့်သဘောတော်ရှိလျက်ပင် ပျက်စီးခြင်းအဖို့အရံသင့်သော အမျက်တော့်ဆိုင်ရာအိုးများကို အလွန်စိတ်ရှည်စွာသည်းခံတော်မူလျှင် မည်သို့နည်း။
25 ထိုအတိုင်းပင်၊ ဟောရှေကျမ်းတွင် လူမျိုးတော်မဟုတ်သူ့ကိုလူမျိုးတော်၊ မေတ္တာမဲ့သူ့ကိုမေတ္တာရှိဟု ငါသမုတ်မည်ဟူ၍လည်းကောင်း၊
26 ငါ့လူမျိုးမဟုတ်ဟု အခေါ်ခံရသောနေရာ၌ပင် အသက်ရှင်တော်မူသောဘုရားသခင့်သားများဟု အခေါ်ခံရကြလတ္တံ့ဟူ၍လည်းကောင်း မိန့်တော်မူ၏။
27-28 ဣသရေလလူမျိုးနှင့်စပ်၍လည်း ဟေရှာယက၊ ဣသရေလူအမျိုးသားတို့သည် သမုဒ္ဒရာသဲလုံးနှင့်အမျှ များပြားသော်လည်း ထာဝရဘုရားသည် ဤမြေကြီးပေါ်တွင်ပြဌာန်းတော်မူချက်ကို အဆောတလျင်အပြီးသတ် စီရင်တော်မူမည့်အလျောက် အကြွင်းအကျန်သာကယ်တင်ရာရောက်ကြလိမ့်မည်ဟု ကြွေးကြော်ကြ၏။
29 ထိုနည်းတူပင် ဗိုလ်ခြေတို့အရှင်ထာဝရဘုရားသည် ငါတို့၌မျိုးစေ့ကိုချန်ထားတော်မမူလျှင် ငါတို့သည် သောဒုံမြို့ကဲ့သို့လည်းကောင်း၊ ဂေါမောရမြို့ကဲ့သို့လည်းကောင်း၊ ဖြစ်ခဲ့ကြလေပြီဟု ဟေရှာယဟောနှင့်သတည်း။
30 သို့ဖြစ်လျှင် မည်သို့ဆိုရအံ့နည်း။ ဖြောင့်မတ်ခြင်းကို မလိုက်မရှာသောလူမျိုးခြားတို့သည် ယုံကြည်ခြင်းကြောင့်ဖြစ်သော ဖြောင့်မတ်ခြင်းကိုခံရကြရာ၊
31 ဖြောင့်မတ်ခြင်းတရားကို လိုက်ရှာသောဣသရေလလူမျိုးတို့မူကား ထိုတရားကိုမမှီကြချေ။
32 အသို့နည်းဟုဆိုသော် ယုံကြည်ခြင်းအားဖြင့်မဟုတ်။ ကိုယ်ကျင့်အားဖြင့် လိုက်ရှာ၍ တိုက်လဲရာကျောက်ကို တိုက်လဲကြသောကြောင့်တည်း။
33 ထိုအတိုင်းပင် ကြည့်လော့။ တိုက်လဲရာကျောက်၊ ထိလဲရာကျောက်ကို ဇိအုန်မြို့၌ငါချထား၏။ ကိုယ်တော်ကိုယုံကြည်သူသည် အရှက်မကွဲရဟု ကျမ်းဆိုရှိသတည်း။