8
ယခုမှာ ခရစ်တော်ယေရှု၌တည်နေသူတို့အပေါ်တွင် အပြစ်စီရင်ချက်သင့်ရောက်သည်မဟုတ်။ အသက်ရှင်ခြင်းဆိုင်ရာဝိညာဉ်တော်တရားသည် အပြစ်တရားနှင့်သေခြင်းတရားမှ ခရစ်တော်ယေရှုအားဖြင့် ငါ့ကိုလွတ်စေလေပြီ။ 3-4 ရုပ်ခန္ဓာကြောင့် အားနည်းရသောပညတ်တရားတော်မတတ်စွမ်းနိုင်သော်လည်း ဘုရားသခင်မူကား ရုပ်ခန္ဓာအတိုင်းမဟုတ်။ နာမ်ခန္ဓာအတိုင်းေလျှာက်လိုက်သောငါတို့၌ ပညတ်တရားတော့်ဥပဒေသများကို ပြည့်စုံစေခြင်းငှါ အပြစ်ပြည့်သောရုပ်ခန္ဓာသဏ္ဌာန်နှင့် သားတော်ရင်းကို အပြစ်အတွက်စေလွှတ်လျက် အပြစ်ကိုရုပ်ခန္ဓာတော်၌ စီရင်ဒဏ်ခတ်တော်မူ၏။ ရုပ်ခန္ဓာအောက်နေသူတို့သည် ရုပ်ခန္ဓာဆိုင်ရာများကိုစွဲလမ်းကြသည့်နည်းတူ နာမ်ခန္ဓာအောက်နေသူတို့သည် နာမ်ခန္ဓာဆိုင်ရာများကို စွဲလမ်းကြ၏။ ရုပ်ခန္ဓာကိုစွဲလမ်းခြင်းလည်း သေခြင်းဖြစ်သည့်နည်းတူ နာမ်ခန္ဓာကိုစွဲလမ်းခြင်းသည် အသက်ရှင်ခြင်းနှင့်ငြိမ်သက်ခြင်းဖြစ်၏။ ရုပ်ခန္ဓာကိုစွဲလမ်းခြင်းသည် ဘုရားသခင်နှင့်ရန်ဘက်ဖြစ်လျက် ဘုရားသခင့်ပညတ်တရား ကိုမခံမယူနိုင်ဘဲနေသည့်အလျောက် ရုပ်ခန္ဓာအောက်နေသူတို့သည်၊ ဘုရားသခင့်စိတ်တော်နှင့် မတွေ့နိုင်ကြ။ သင်တို့မှာမူ ဘုရားသခင့်ဝိညာဉ်တော်သည် သင်တို့၌ကိန်းဝပ်လျှင် ရုပ်ခန္ဓာအောက်မဟုတ်။ နာမ်ခန္ဓာအောက်နေကြ၏။ ခရစ်တော်၏ဝိညာဉ်တော်မရှိသူသည် ခရစ်တော်နှင့်မဆိုင်။ 10 သင်တို့၌ခရစ်တော်တည်လျှင်မူကား ကိုယ်ခန္ဓာသည်ပြစ်မှားခြင်းကြောင့် အသေဖြစ်သော်လည်း နာမ်ခန္ဓာသည် ဖြောင့်မတ်ခြင်းကြောင့်အသက်ဖြစ်၏။ 11 ၎င်းပြင် ယေရှုကိုသူသေတို့အထဲမှ ရှင်ပြန်ထမြောက်စေတော်မူသောအရှင်၏ ဝိညာဉ်တော်သည် သင်တို့၌ကိန်းဝပ်လျှင် ခရစ်တော်ယေရှုကို သူသေတို့အထဲမှရှင်ပြန်ထမြောက်စေသော ထိုအရှင်သည်သင်တို့၌ကိန်းဝပ်သောဝိညာဉ်တော်ကြောင့် သင်တို့၏အနိစ္စခန္ဓာများကိုပင် ရှင်စေတော်မူလိမ့်မည်။
12 သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့၌တာဝန်ရှိသည်မှန်သော်လည်း ရုပ်ခန္ဓာအလျောက် နေထိုင်ရန်မဟုတ်။ 13 သင်တို့သည် ရုပ်ခန္ဓာအလျောက်နေထိုင်လျှင် သေရကြမည်။ နာမ်ခန္ဓာအားဖြင့် ကိုယ်ခန္ဓာ၏အကျင့်များကို သတ်လျှင်မူကား အသက်ရှင်ကြလိမ့်မည်။ 14 ဘုရားသခင့်ဝိညာဉ်တော် အပို့အဆောင်ခံရသမျှသောသူတို့သည် ဘုရားသခင့်သားများဖြစ်ကြ၏။ 15 ကြောက်ရွံ့လျက်နေပြန်စေရန် ကျွန့်အဖြစ်ဆိုင်ရာဝိညာဉ်ကို သင်တို့ခံရကြသည်မဟုတ်။ အဗ္ဗ၊ အဘဟုခေါ်စေသော သားအဖြစ်ဆိုင်ရာဝိညာဉ်ကိုခံရကြပြီးသည်နှင့်အညီ၊ 16 ဘုရားသခင့်သားများ ငါတို့ဖြစ်ကြောင်းကို ငါတို့ဝိညာဉ်နှင့်အတူ ဝိညာဉ်တော်ပင်သက်သေခံတော်မူ၏။ 17 သားမှန်က အမွေခံဖြစ်ရုံမျှမဟုတ်။ ဘုန်းတော်ကိုခရစ်တော်နှင့်ခံစားခွင့်ရရန် ဒုက္ခတော်၌ ဆက်ဆံကြလျှင် ဘုရားသခင့်အမွေတော်ခံ၊ ခရစ်တော်နှင့်အမွေစားဘက်များလည်း ဖြစ်ကြသတည်း။
18 ငါတို့၌ပွင့်မည့်ဘုန်းတော်ကိုထောက်သော် ယခုကာလခံရသောဒုက္ခများကို အမှုမထားထိုက်ဟု ငါမှတ်ယူ၏။ 19 ဘုရားသခင့်သားတို့ပွင့်ခြင်းကို ဖန်ဆင်းတော်မူရာများပင် တောင့်တစောင့်ေမျှာ်လျက်နေကြ၏။ 20 ဖန်ဆင်းတော်မူရာများသည် အနတ္တအောက်တွင် အလျောက်ဘာသာကြောင့်မဟုတ်။ ထားခဲ့တော်မူသောအရှင်ကြောင့် နေရလျက်ပင်၊ 21 သခ်ါရတရား၏ကျွန်ခံခြင်းအဖြစ်နှင့်ကင်း၍ ဘုရားသခင့်သားသမီးတို့ဘုန်းကြီးသော လွတ်ခွင့်အဖြစ်ကို ေမျှာ်လင့်ခြင်းရှိကြသတည်း။ 22 ငါတို့သိကြသည့်အတိုင်း ဖန်ဆင်းတော်မူသမျှသည် ယခုတိုင်အောင်တစ်ညီတစ်ညွတ်တည်း ညည်းတွားလျက် ဝေဒနာခံစားလျက်နေရသည့်ပြင်၊ 23 ဝိညာဉ်တော်စရန်ကို ခံစားရသောငါတို့ကိုယ်တိုင်လည်း သားအဖြစ်ရောက်ရာကိုယ်ခန္ဓာရွေးနုတ်ခြင်းကို စောင့်မျှော်၍ ညည်းတွားလျက်နေရကြ၏။ 24 မျှော်လင့်လျက်ပင် ကယ်တင်ခြင်းသို့ငါတို့ရောက်ကြ၏။ မျှော်လင့်ရာသည် မျက်မှောက်တွင်ရှိလျှင် မျှော်လင့်ရာမမည်။ မျက်မှောက်ရှိအရာကို မည်သူမျှော်လင့်အံ့နည်း။ 25 မျက်မှောက်မရှိရာကို ငါတို့မျှော်လင့်လျှင်မူကား တည်ကြည်စွာစောင့်မျှော်လျက်နေရကြ၏။
26 ထိုနည်းတူ မည်သို့ပဌနာပြုသင့်သည်ကို ငါတို့မသိကြသဖြင့် ဝိညာဉ်တော်လည်း ငါတို့၏အားနည်းခြင်းကိုလုပ်ဆောင်ဘက်ပြုလျက် မြွက်သံမပြုသောညည်းတွားခြင်းများဖြင့် ငါတို့အဖို့ အသနားခံတော်မူရာ၊ 27 ဘုရားသခင့်သဘောတော်အတိုင်း သီးသန့်ထားတော်မူသူတို့အဖို့ ဝိညာဉ်တော်အသနား ခံလျက်စွဲလမ်းကြောင်း စိတ်နှလုံးများကို စီစစ်သောအရှင်သိမှတ်တော်မူ၏။ 28 ၎င်းပြင် အကြံတော်နှင့်အညီခေါ်ထားတော်မူသူ၊ ဘုရားသခင်ကိုချစ်ကြည်မြတ်နိုးသူတို့ ကောင်းကျိုးအလို့ငှါ အရာခပ်သိမ်းဝိုင်းညီပြုစုလျက်ရှိကြောင်း၊ 29 သားတော်ကို ကိုယ့်ညီအများတွင်နောင်တော်ဖြစ်စေရန် တင်ရင်သိမှတ်တော်မူသူတို့ကို သားတော်၏ပုံတော်အလိုက် သဏ္ဌာန်တူစေခြင်းငှါတင်ရင်စီမံခြင်း၊ 30 စီမံတော်မူသူတို့အား ခေါ်ထားခြင်း၊ ခေါ်ထားတော်မူသူတို့အား ဖြောင့်မတ်ရာရောက်စေခြင်း၊ ဖြောင့်မတ်ရာရောက်စေတော်မူသူတို့အား ချီးမြှင့်ခြင်းများကိုစီရင်တော်မူကြောင်း ငါတို့သိကြ၏။
31 သို့ဖြစ်လျှင် ဤအကြောင်းအရာများကိုထောက်သော် မည်သို့ဆိုရအံ့နည်း။ ဘုရားသခင်သည် ငါတို့ဘက်၌ရှိတော်မူလျှင် တစ်ဘက်၌ရှိဝံ့သူကား မည်သူနည်း။ 32 သားတော်ရင်းကိုမငြင်းဘဲ ငါတို့ရှိသမျှအဖို့အပ်တော်မူလိုက်သောအရှင်သည် သားတော့်ပြင်အရာရာကိုမပေးဘဲ မည်သို့နေတော်မူအံ့နည်း။ 33 ဘုရားသခင်ရွေးကောက်တော်မူသူတို့အပေါ်တွင် စွပ်စွဲဝံ့သူကားမည်သူနည်း။ တရားသေ လွှတ်တော်မူသောအရှင်ကား ဘုရားသခင်တည်း။ 34 အပြစ်စီရင်ဝံ့သူကားမည်သူနည်း။ အသေခံတော်မူသည်သာမဟုတ်။ သူသေတို့အထဲမှ ရှင်ပြန်ထမြောက်၍ ဘုရားသခင့်ယာဘက်တော်တွင် စံသောခရစ်တော်ယေရှုသည် ငါတို့အဖို့အသနားခံလျက်နေတော်မူ၏။ 35-36 ခရစ်တော်၏မေတ္တာတော်နှင့် ငါတို့ကိုမည်သူကွာစေအံ့နည်း။ ကိုယ်တော့်အတွက်ကြောင့် အကျွန်ုပ်တို့သည်၊ တစ်နေ့လုံးကွပ်မျက်ခံလျက်နေရကြပါ၏။ သတ်ရန်ထားသောသိုးများကဲ့သို့ အမှတ်ခံရကြပါသည်ဟု ကျမ်းဆိုရှိသည့်အတိုင်း ဒုက္ခရောက်ခြင်း၊ ကျဉ်းကျပ်ခြင်း၊ ညှဉ်းပန်းခြင်း၊ ငတ်မွတ်ခြင်း၊ အဝတ်မဲ့ခြင်း၊ အန္တရာယ်တွေ့ခြင်း၊ ဓားဘေးသင့်ခြင်းများကွာစေမည်လော။ 37 ငါတို့သည် ထိုအတိုင်းခံရလျက်ပင် ငါတို့ကိုချစ်တော်မူသောအရှင်ကြောင့် အထူးအောင်မြင်ရကြ၏။ 38 သေခြင်းနှင့်ရှင်ခြင်းသော်လည်းကောင်း၊ စေတမန်တော်နှင့်နတ်မင်းများသော်လည်းကောင်း၊ ပစ္စုပ္ပန်နှင့်အနာဂတ် အရာများသော်လည်းကောင်း၊ တန်ခိုးရှင်များသော်လည်းကောင်း၊ ဘဝဂ်နှင့်အဝီစိသော်လည်းကောင်း၊ 39 ဖန်ဆင်းထားသောအရာမည်သည်မဆို ငါတို့ကိုအရှင်ခရစ်တော်ယေရှု၌ရှိသော ဘုရားသခင်၏မေတ္တာတော်မှ မကွာစေနိုင်ဟူ၍ငါစိတ်ချသတည်း။