10
1 ညီအစ်ကိုတို့၊ ထိုသူတို့အဖို့ ငါအလိုရှိချက်နှင့်ဘုရားသခင်ထံပဌနာပြုချက်ကား၊ ကယ်တင်ရာရောက်ကြစေရန်တည်း။
2 သူတို့သည် ဘုရားသခင့်အဖို့ စိတ်စေတနာထက်သန်ကြောင်း ငါသက်သေခံ၏။
3 သို့ရာတွင်၊ အသိပညာအတိုင်းမဟုတ်။ ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ ကိုယ့်ဖြောင့်မတ်ခြင်းကိုတည်စေလိုလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမလိုက်မနာကြ။
4 အသို့ဆိုသော် ခရစ်တော်သည် ယုံကြည်သူတိုင်းဖြောင့်မတ်ခြင်းအလို့ငှါ ပညတ်တရား၏အန္တိမဖြစ်၏။
5 မောရှေက၊ ပညတ်တရားဆိုင်ရာဖြောင့်မတ်ခြင်းအတိုင်းပြုကျင့်သူသည် ထိုဖြောင့်မတ်ခြင်းအားဖြင့် အသက်တည်လိမ့်မည်ဟု ရေးထား၏။
6 ယုံကြည်ခြင်းဆိုင်ရာဖြောင့်မတ်ခြင်းတရားကမူကား ခရစ်တော်ကိုဆင်းသက်စေမည်ဟုဆိုလိုသော ကောင်းကင်ဘဝဂ်ထိ မည်သူတက်အံ့နည်းဟူ၍သော်လည်းကောင်း၊
7 ခရစ်တော်ကို သူသေတို့အထဲမှတက်ကြွစေမည်ဟုဆိုလိုသောမရဏာနိုင်ငံသို့ မည်သူဆင်းအံ့နည်းဟူ၍သော်လည်းကောင်း မအောက်မေ့နှင့်ဟုမြစ်တားသည့်ပြင်၊
8 မည်သို့ဆိုသနည်း။ ငါတို့ဟောပြောသည့်ယုံကြည်ခြင်းသတင်းဟုဆိုလိုသောသတင်းတော်သည် သင့်နှုတ်၊ သင့်နှလုံး၊ သင့်အနီးအပါး၌တည်ရှိသည်ဟုဆိုသတည်း။
9 ယေရှုသည် အရှင်ဖြစ်တော်မူကြောင်းနှုတ်ဖြင့်ဝန်ခံလျက် ထိုအရှင်ကိုသူသေတို့အထဲမှ ဘုရားသခင်ရှင်ပြန်ထမြောက်စေတော်မူကြောင်း နှလုံးဖြင့်ယုံကြည်လျှင် သင်သည်ကယ်တင်ခြင်း သို့ရောက်ရလိမ့်မည်။
10 အသို့ဆိုသော် နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်ရာ၊ နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ရာရောက်ခွင့်ရှိ၏။
11 ကျမ်းဂန်ကလည်း မည်သူမဆိုကိုယ်တော်ကိုယုံကြည်လျှင် အရှက်မကွဲရဟုအဆိုရှိ၏။
12-13 ၄င်းပြင် ထာဝရဘုရား၏နာမတော်ကိုပဌနာပြုသူတိုင်း ကယ်တင်ခွင့်ရလတ္တံ့့ဟုကျမ်းချက်အရ ယုဒလူမျိုးနှင့်လူမျိုးခြားတို့ ခြားနားခြင်းမရှိ။ တစ်ပါးတည်းသောအရှင်သည် ခပ်သိမ်းတို့အပေါ်တွင်အုပ်စိုးလျက် ပဌနာပြုသူတို့အဖို့ ကြွယ်ဝတော်မူ၏။
14 သို့ဖြစ်လျက် မယုံကြည်သောအရှင့်ထံမည်သို့ပဌနာပြုကြအံ့နည်း။ မကြားနာသေးသော အရှင်ကို မည်သို့ယုံကြည်ကြအံ့နည်း။ ဟောပြောသူမရှိလျှင်မည်သို့ကြားနာကြအံ့နည်း။ စေလွှတ်တော်မူခြင်းမခံရက မည်သို့ဟောပြောကြအံ့နည်းဟု မေးလျှင်၊
15 ကျမ်းဂန်၌ရေးထားသည်နှင့်အညီ ချမ်းသာခြင်းသတင်းကို ကြော်ငြာရသူတို့ခြေများသည် တင့်တယ်စွတကား။
16 သို့ရာတွင် အိုထာဝရဘုရား၊ အကျွန်ုပ်တို့ကြားပြောရာသတင်းကို မည်သူယုံကြည်ပါသနည်းဟု ဟေရှာယမေးလျှောက်သည့်အတိုင်း ထိုသူအများတို့သည် သတင်းတော်မြတ်ကိုမနာမယူကြချေ။
17 သို့နှင့်အညီ ယုံကြည်ခွင့်သည်ကြားနာခြင်းကြောင့်၊ ကြားနာခွင့်လည်းခရစ်တော်သတင်း ကြောင့်သာဖြစ်၏။
18 သူတို့သည် ကြားနာကြသည်မဟုတ်လောဟုငါမေးအံ့။ ဟောပြောသံသည် မြေတစ်ပြင်လုံးသို့လည်းကောင်း၊ ဆင့်ဆိုချက်များသည် လောကအစွန်းအဖျားတိုင်အောင်လည်းကောင်းရောက်ပြီဟု ကျမ်းချက်အရမုချကြားနာကြ၏။
19 ဣသရေလလူမျိုးတို့သည် သိကြသည်မဟုတ်လောဟု ငါထပ်မေးအံ့။ လူမျိုးတော်မဟုတ်သူတို့ဖြင့် သင်တို့၌အားကျခြင်း၊ ဉာဏ်ကင်းသောလူမျိုးခြားတို့ဖြင့်အမျက်တိုက်ခြင်းကို ငါပြုလိမ့်မည်ဟု ဦးစွာမောရှေဆင့်ဆိုသည့်အလျောက်၊
20 ငါ့ကိုမလိုက်မရှာသူတို့အား တွေ့ကြုံခွင့်ကိုလည်းကောင်း၊ မမေးမမြန်းသူတို့အားဖူးမြင်ခွင့်ကိုလည်းကောင်း၊ ငါေပးပြီဟု ဟေရှာယရဲရင့်စွာ ဆင့်ဆို၏။
21 ဣသရေလလူမျိုးနှင့်စပ်၍လည်း ပုန်ကန်ငြင်းဆန်သောလူမျိုးအား ငါသည်တစ်နေ့လုံး လက်ကမ်းလျက်နေပြီဟု ဆင့်ဆိုပြန်၏။