5
1 သို့ဖြစ်၍ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာရောက်သောကြောင့် ငါတို့သည်ဘုရားသခင်ရှေ့တော်၌ ငါတို့အရှင်ယေရှုခရစ်အားဖြင့် ငြိမ်သက်ခြင်းကိုခံစားကြကုန်အံ့။
2 ထိုအရှင်အားဖြင့်လည်း ယခုငါတို့တည်နေရာကျေးဇူးတော်သို့ ယုံကြည်ခြင်းကြောင့်တိုးဝင်ခွင့်ရသည့်ပြင် ဘုရားသခင့်ဘုန်းတော်ကိုမျှော်လင့်လျက် ရွှင်လန်းရကြ၏။
3-4 ထိုမျှမက ဒုက္ခရောက်ခြင်းဖြင့်တည်ကြည်ခွင့်၊ တည်ကြည်ခြင်းဖြင့်စံတော်မီခွင့်၊ စံတော်မီခြင်းဖြင့် စောင့်မျှော်ခွင့်ဖြစ်ပွားသည်ကိုသိမှတ်သည်နှင့် ဒုက္ခရောက်ရာ၌လည်း ငါတို့ရွှင်လန်းရကြ၏။
5 ငါတို့ခံရသည့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘုရားသခင့်မေတ္တာတော်ကို ငါတို့စိတ်နှလုံးထဲ၌ သွန်းလောင်းပြီးဖြစ်၍ ထိုစောင့်မျှော်ခြင်းကြောင့် စိတ်ပျက်ရတော့မည်မဟုတ်။
6 အသို့ဆိုသော် ငါတို့အားနည်းလျက်ရှိနေသေးစဉ် သင့်ရာအချိန်အခါတွင် ခရစ်တော်သည် ဘုရားမဲ့နေသူတို့အဖို့အသေခံတော်မူ၏။
7 ဖြောင့်မတ်သူ့အဖို့ အသေခံမည့်သူရှိခဲသည့်ပြင် သူတော်ကောင်းအဖို့အသေခံဝံ့သူ ရှိကောင်းရှိလျက်ပင်။
8 ခရစ်တော်မူကား အပြစ်သားဖြစ်လျက်နေသေးသောငါတို့အဖို့ အသေခံတော်မူရာ၌ ငါတို့အပေါ်တွင်မေတ္တာတော်ရှိကြောင်း ဘုရားသခင်ထင်ရှားစေတော်မူသတည်း။
9 သို့ဖြစ်၍ ယခုအခါအသွေးတော်အားဖြင့် ဖြောင့်မတ်ရာရောက်သောငါတို့သည် ထိုအရှင်ကြောင့် အမျက်တော်ဒဏ်နှင့် မုချလွတ်ကင်းကြလိမ့်မည်။
10 ရန်ဘက်ဖြစ်ကြစဉ် သားတော်အသေခံတော်မူခြင်းကြောင့် ဘုရားသခင်နှင့်မိတ်သဟာယ ဖွဲ့ခြင်းရခဲ့ကြလျှင် ထိုဖွဲ့ခြင်းကိုရပြီးဖြစ်လျက် အသက်ရှင်တော်မူခြင်းအားဖြင့် မုချလွတ်ကင်းကြလိမ့်မည်။
11 ထိုမျှမက မိတ်သဟာယဖွဲ့ခြင်းကိုယခုရစေသော၊ ငါတို့အရှင်ယေရှုခရစ်ကြောင့် ဘုရားသခင်၌ရွှင်လန်းရကြ၏။
12 သို့ဖြစ်၍ လူတစ်ယောက်ကြောင့် အပြစ်တရားသည်ဤလောကထဲသို့ဝင်လာလျက် သေခြင်းတရားလည်း အပြစ်တရားကြောင့်ဝင်ရောက်သဖြင့် လူခပ်သိမ်းတို့ပြစ်မှားကြသည့်အလျောက် ရှိသမျှအပေါ်သို့ သေခြင်းတရားသင့်ရောက်သည်နှင့်အညီ၊
13 ပညတ်တရားမရှိမီ ဤလောက၌အပြစ်တည်နှင့်လျက်ပင်၊ ပညတ်တရားမရှိသည့်ကာလ အပြစ်မတင်ရသော်လည်း၊
14 အာဒံ့လက်ထက်မှ မောရှေ့လက်ထက်တိုင် အာဒံလွန်ကျူးမှုအလိုက် မပြစ်မှားသူတို့အပေါ်တွင်ပင် သေခြင်းတရားမင်းမူသတည်း။ ထိုအာဒံသည်ကြွလာလတ္တံ့့သောအရှင့်ပုံဖြစ်ခဲ့သော်လည်း၊
15 လွန်ကျူးမှုအလိုက်နှင့် ဆုကျေးဇူးတော်တူသည်မဟုတ်။ တစ်ဦး၏လွန်ကျူးမှုအားဖြင့် အများသေသည်မှန်က ဘုရားသခင်၏ကျေးဇူးတော်နှင့် ယေရှုခရစ်တည်းဟူသောတစ်ပါးသူ၏ကျေးဇူးအားဖြင့် သက်ရောက်သောဆုတော်သည် အများတို့အဖို့သာ၍ကြွယ်ဝ၏။
16 ၎င်းပြင် တစ်ဦး၏ပြစ်မှုအကျိုးဆက်အလိုက်နှင့် ဆုတော်တူသည်မဟုတ်။ တစ်ဦးကြောင့် ပြစ်ဒဏ်စီရင်ချက်သင့်ရောက်သည်မှန်က လွန်ကျူးမှုအများကြောင့် တရားသေလွှတ်ချက်ဆုကျေး ဇူးတော်သက်ရောက်သတည်း။
17 တစ်ဦး၏လွန်ကျူးမှုအတွက် သေခြင်းတရားသည် ထိုလူကြောင့်မင်းမူသည်မှန်က ကြွယ်ဝသောကျေးဇူးတော်နှင့် ဖြောင့်မတ်ခြင်းဆုတော်ကိုခံရသူတို့သည် ယေရှုခရစ်တည်းဟူသောတစ်ပါးသူကြောင့် အသက်ရှင်လျက် မုချမင်းမူရကြလိမ့်မည်။
18 သို့ဖြစ်၍ လွန်ကျူးမှုတစ်ခုကြောင့် လူခပ်သိမ်းတို့သည်အပြစ်စီရင်ခံရသည့်နည်းတူပင် ဖြောင့်မတ်မှုတစ်ခုကြောင့် လူခပ်သိမ်းတို့သည် အသက်ရှင်ခြင်းနှင့်ဆိုင်သော ဖြောင့်မတ်ရာရောက်ရကြ၏။
19 တစ်နည်း တစ်ဦး၏နားမထောင်ခြင်းကြောင့် အများသည်အပြစ်သားအဖြစ်ရောက်သည့်နည်းတူပင်၊ တစ်ပါးသူ၏နားထောင်ခြင်းကြောင့် အများသည်ဖြောင့်မတ်သူ့အဖြစ်ရောက်ရကြလိမ့်မည်။
20 ပညတ်တရားသည် လွန်ကျူးမှုဖောင်းပွစေရန်ထပ်ဝင်သော်လည်း အပြစ်တရားဖောင်းပွရာ၌ ကျေးဇူးတရားသာ၍ကြွယ်ဝ၏။
21 သို့မှ အပြစ်တရားသည် သေခြင်းအလို့ငှါမင်းမူခဲ့သည့်နည်းတူပင် ကျေးဇူးတရားသည် ငါတို့အရှင်ယေရှုခရစ်အားဖြင့် ဖြောင့်မတ်ခြင်းကြောင့် ထာဝရအသက်အလို့ငှါမင်းမူရလိမ့်သတည်း။