4
1 ၎င်းပြင် ရုပ်ခန္ဓာအလျောက် ငါတို့အမျိုးအဘဖြစ်သောအာဗြဟံအကြောင်း မည်သို့ဆိုရအံ့နည်း။
2 အာဗြဟံသည် ကိုယ်ကျင့်အားဖြင့် ဖြောင့်မတ်ရာရောက်သည်မှန်က ဝါကြွားရန်အကြောင်းရှိလေပြီ။ ဘုရားသခင့်ရှေ့တော်မှာမူ ရှိသည်မဟုတ်။
3 ကျမ်းချက်အဆိုမှာ အာဗြဟံသည်ဘုရားသခင်ကိုယုံကြည်သဖြင့် သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟု မှတ်တော်မူသည်ဟူ၍တည်း။
4 လုပ်ဆောင်ရသူအခရသည်မှာ ကျေးဇူးအားဖြင့်မဟုတ်။ အလုပ်အတွက်ဟုမှတ်ရ၏။
5 ဘုရားမဲ့နေသူတို့ကို ဖြောင့်မတ်ရာရောက်စေသောအရှင်အား ကိုယ်ကျင့်ကင်းလျက်ယုံကြည်သူ၌မူကား ယုံကြည်ခြင်းကိုဖြောင့်မတ်ခြင်းဟု မှတ်တော်မူ၏။
6 ထိုအတူ ဒါဝိဒ်မင်းကလည်း ကိုယ်ကျင့်ကင်းလျက်ဖြောင့်မတ်သည်ဟု ဘုရားသခင်မှတ်တော်မူသူ့အပေါ်တွင် မြွက်ဆိုသောမင်္ဂလာကား၊
7 ဒုစရိုက်ဖြေလွှတ်ခြင်း၊ အပြစ်ဖုံးအုပ်ခြင်းခံရသူတို့သည်မင်္ဂလာရှိ၏။
8 အပြစ်ကို ထာဝရဘုရားမှတ်တော်မူခြင်းမခံရသူ၌ မင်္ဂလာရှိသည်ဟူ၍တည်း။
9 ထိုမင်္ဂလာစကားကို လှီးဖြတ်ခြင်းခံသူတို့အပေါ်တွင်သာမြွက်ဆိုသလော။ မခံသူတို့အပေါ်တွင်လည်း မြွက်ဆိုသည်မဟုတ်လော။ အာဗြဟံ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟုမှတ်တော်မူကြောင်း ငါတို့ဆိုကြသည်မှာ၊
10 မည်သို့မှတ်တော်မူသနည်း။ လှီးဖြတ်ခြင်းမင်္ဂလာခံပြီးမှလော။ မခံမီလော။ ခံပြီးမှမဟုတ်။ မခံမီပင်တည်း။
11-12 လှီးဖြတ်ခြင်းမင်္ဂလာမခံမီပင် ယုံကြည်သဖြင့်ရသောဖြောင့်မတ်ခြင်းလက္ခဏာတံဆိပ်အဖြစ် လှီးဖြတ်ခြင်းကိုခံရ၏။ သို့မှ ထိုမင်္ဂလာမဲ့လျက်ပင် ယုံကြည်ကြသဖြင့်ဖြောင့်မတ်သည်ဟု မှတ်တော်မူသူ ခပ်သိမ်းတို့အဘအဖြစ်ရောက်သည့်ပြင် မင်္ဂလာခံကြပြီးသာမက ငါတို့အဘအာဗြဟံမခံမီပင် ယုံကြည်ခြင်းခြေရာတွင် လိုက်ေလျှာက်ကြသူတို့အဘအဖြစ်လည်း ရောက်ခဲ့လေပြီ။
13 ဤလောကကိုအပိုင်ရမည်ဟု အာဗြဟံနှင့်အဆက်အနွယ်တို့ အားထားတော်မူသောကတိတော်ကို ပညတ်တရားအားဖြင့်မဟုတ်၊ ယုံကြည်ခြင်းကြောင့်ဖြောင့်မတ်ခြင်းအားဖြင့် ရကြ၏။
14 ပညတ်တရားအားဖြင့် အပိုင်ရသည်မှန်လျှင် ယုံကြည်ခြင်းသည်အချည်းနှီး၊ ကတိတော် လည်းအကျိုးမဲ့ဖြစ်လေပြီ။
15 ပညတ်တရားမရှိလျှင် လွန်ကျူးမှုမရှိဖြစ်၍ ပညတ်တရားအားဖြင့် အမျက်တော်ဒဏ်ဖြစ်ပွားရ၏။
16-17 သို့နှင့်အညီ ပညတ်တရားတော်ဆိုင်ရာအမျိုးအနွယ်၌သာ ကတိတော်ကိုတည်စေရန်မဟုတ်။ လူသေတို့အားရှင်ပြန်စေခြင်း၊ မဖြစ်သေးသူတို့အားဖြစ်ပြီးကဲ့သို့ မိန့်ဆိုခြင်းပြုတော်မူသော ဘုရားသခင့်မျက်မှောက်တော်တွင် ယုံကြည်သူသင့်ကိုလူမျိုးအများတို့၏အဘဦးအဖြစ် ငါခန့်ထားပြီဟု ကျမ်းချက်အရ ငါတို့ရှိသမျှ၏အဘဖြစ်သူ အာဗြဟံ၏သဒ္ဓါဆိုင်ရာ အမျိုးအနွယ်အပေါင်းတို့၌လည်း ကျေးဇူးတော်အားဖြင့်တည်စေရန် ယုံကြည်ခြင်းကြောင့်ဖြစ်သတည်း။
18 အာဗြဟံသည်ထိုနှင့်အမျှ သင့်အမျိုးအနွယ်ဖြစ်လိမ့်မည်ဟူသော ဗျာဒိတ်တော်အတိုင်း၊ လူမျိုးအများတို့၏အဘဦးဖြစ်ခြင်းငှါ စောင့်ေမျှာ်ရန်မဲ့လျက် စောင့်ေမျှာ်၍ယုံကြည်နေရာ၊
19 အသက်တစ်ရာခန့်ရှိ၍ သူ၌သေသောကိုယ်ကိုလည်းကောင်း၊ စာရာ၏သေသောဝမ်းကိုလည်းကောင်း၊ ထောက်ရှု ဆင်ခြင်သော်လည်း ယုံကြည်ခြင်းမလျော့ဘဲ၊
20-21 ဘုရားသခင်၏ကတိတော်ကို ယုံမှားသံသယကင်းလျက်၊ ဘုန်းတော်ကိုချီးမြှောက်လျက်၊ ကတိတော်အတိုင်းဆောင်ရွက်တော်မူနိုင်ကြောင်း စိတ်လုံးလုံးချ၍ ယုံကြည်ခြင်းတိုးတက်သဖြင့်၊
22 ထိုယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းဟုမှတ်တော်မူ၏။
23-25 မှတ်တော်မူသည်ဟု အာဗြဟံကိုသာရည်လျက်ရေးထားသည်မဟုတ်။ ငါတို့လွန်ကျူးမှုများကြောင့် ပို့အပ်ခြင်း၊ ငါတို့ဖြောင့်မတ်ရာရောက်ကြစေရန် ရှင်ပြန်ထမြောက်ခြင်းခံတော်မူပြီးသော ငါတို့အရှင်ယေရှုကို သူသေတို့အထဲမှရှင်ပြန်ထမြောက်စေတော်မူသောအရှင်အား ယုံကြည်ကြသည့်အလျောက်၊ ထိုသို့မှတ်တော်မူအံ့သောငါတို့ကိုလည်း ရည်လျက်ရေးထားသတည်း။