2
1 ထိုကြောင့် သူတစ်ထူးကိုစီရင်သောအချင်းလူ၊ သင်၌ထုချေရန်မရှိ။ စီရင်သောသင်သည်၊ ထိုအမှုအတိုင်းပင် ပြုကျင့်တတ်သည်ဖြစ်၍ သူတစ်ထူးကိုစီရင်ရာတွင် ကိုယ်ကိုအပြစ်စီရင်ရာရောက်သည်တကား။
2 ထိုသို့ပြုကျင့်တတ်သူတို့အပေါ်တွင် ဘုရားသခင်စီရင်တော်မူချက်သည်၊ အဟုတ်အမှန် အတိုင်းသင့်ရောက်ကြောင်း ငါတို့သိကြ၏။
3 ထိုအတိုင်း ပြုကျင့်သူတို့ကိုစီရင်လျက် ကိုယ်တိုင်ပြုတတ်သောအချင်းလူ၊ သင်သည်ဘုရား သခင်စီရင်တော်မူချက်နှင့် ကင်းလွတ်မည်ထင်မှတ်သလော။
4 သို့မဟုတ် ဘုရားသခင်၏မေတ္တာကျေးဇူးတော်သည် သင့်ကိုနောင်တရစေရန် ပို့ဆောင်ကြောင်း မသိမမှတ်ဘဲ ကိုယ်တော်၌ကြွယ်ဝသောကရုဏာရှိခြင်း၊ သည်းခံခြင်း၊ စိတ်ရှည်ခြင်းများကို မထီလေးစားပြုသလော။
5 ထိုသို့ပြုလျှင် သင်သည် ဘုရားသခင်၏တရားသဖြင့်စီရင်တော်မူချက်ထင်ရှားရာ၊ အမျက်တော်သင့်ရာနေ့တော်တိုင်အောင် နောင်တရခြင်းကင်း၍ ခဲယဉ်းသောစိတ်သဘောအရ အမျက်တော်ဒဏ်ကိုသိုထားဆည်းပူးလျက် နေရက်လေစွတကား။
6 ကိုယ်တော်သည် လူအသီးအသီးအပြုအမူအလျောက် ဆပ်ပေးတော်မူသည်မှာ တည်ကြည်စွာသုစရိုက်ပြုလျက်၊
7 ဘုန်းပွင့်ခြင်း၊ အသရေရှိခြင်း၊ သင်္ခါရကင်းခြင်းအဖြစ်ကိုရှာသောသူတို့အား ထာဝရအသက်ကိုလည်းကောင်း၊
8 ဖီဆန်သောသဘောရှိ၍ သမ္မာတရားကိုမနာမယူ၊ မတရားကိုနာယူသူတို့အား ဒေါသအမျက်ဒဏ်ကိုလည်းကောင်း၊ ဆပ်ပေးတော်မူသည်နှင့်အညီ၊
9 ဦးစွာယုဒလူမျိုး၊ နောက်လူမျိုးခြားတို့အနက် ဒုစရိုက်ပြုနေသူတိုင်းအပေါ်သို့ ငြိုငြင်ကျဉ်းကျပ်ခြင်း၊
10 ဦးစွာယုဒလူမျိုး၊ နောက်လူမျိုးခြားတို့အနက် သုစရိုက်ပြုသူတိုင်း၌ဘုန်းပွင့်ခြင်း၊ အသရေရှိခြင်း၊ ချမ်းသာခြင်းရောက်လတ္တံ့။
11-12 ဘုရားသခင်၌မျက်နှာငဲ့ခြင်းမရှိသည်ဖြစ်၍၊ ပညတ်တရားလွတ်ပြစ်မှားသူတို့သည် ပညတ်တရားလွတ်ပျက်စီးရလတ္တံ့။ ပညတ်တရားသိလျက်ပြစ်မှားသူတို့လည်း ပညတ်တရား အတိုင်းစီရင်ခံရလတ္တံ့။
13-16 အသို့ဆိုသော် ပညတ်တရားမရသောလူမျိုးခြားတို့သည် ဇာတိသဘာဝအလျောက် ပညတ်တရားတော်ယှဉ်ရာအကျင့်ကျင့်လျှင် သြတ္တပ္ပစိတ်များသက်သေခံလျက် ကိုယ့်ထင်မြင်ချက်များစွဲဆိုတုံ၊ ထုချေတုံပြုရာတွင် ပညတ်တရားမရသော်လည်း စိတ်နှလုံး၌အက္ခရာတင်ပြီးသော ပညတ်တရားတော်အကျိုးကိုဖော်ပြသည့်အလျောက် ကိုယ့်အဖို့ပညတ်တရားအဖြစ်ရောက်ကြပြီဖြစ်သဖြင့် ငါဟောချက်အရ ခရစ်တော်ယေရှုအားဖြင့် လူတို့ကွယ်ဝှက်ရာများကို ဘုရားသခင်စီရင်ဆုံးဖြတ်တော်မူအံ့သောနေ့၌ ပညတ်တရားကြားနာသူတို့မဟုတ်။ လိုက်နာသူတို့သာ ရှေ့တော်တွင်ဖြောင့်မတ်ရာရောက်ကြလတ္တံ့့။
17 သင်သည်ယုဒလူမျိုးဟု သမုတ်ခံရသည်နှင့်အညီ ပညတ်တရား၌အားကိုးသူ၊ ဘုရားသခင်ကြောင့် ဝါကြွားသူ၊
18 အလိုတော်ကိုသိသူ၊ ပညတ်တရားတော်ကိုနာရ၍ အထူးအမြတ်ကိုသဘောကျသူဖြစ်သည့်ပြင်၊
19-20 ပညတ်တရားတော်၌ အသိပညာနှင့်သမ္မာအသွင်ကိုခံလျက် သူကန်းတို့လမ်းပြ၊ မှောင်ကျသူတို့အလင်း၊ လူမိုက်တို့ဆရာ၊ သူငယ်တို့ဥပဇ္စျာယ်ဖြစ်သည်ဟူ၍ စိတ်ချထင်မှတ်သည်မှန်က၊ သူတစ်ထူးကို သင်ကြားလျက်၊
21 ကိုယ်ကိုမသင်ကြားလော။ သူ့ဥစ္စာကိုမခိုးရဟုဟောလျက် ကိုယ်တိုင်ခိုးသလော။
22 သူ့သားအိမ်ရာကို မပြစ်မှားရဟုဆိုလျက် ကိုယ်တိုင်ပြစ်မှားသလော။ ရုပ်ပွားဆင်းတုကိုရွံရှာလျက် ၎င်းကျောင်းများကို လုရက်သလော။
23 ပညတ်တရားကြောင့် ဝါကြွားသောသင်ကား ထိုပညတ်တရားကိုကျူးလွန်သဖြင့် ဘုရားသခင့်နာမတော်ကိုရှုတ်ချရက်လေစွ။
24 ကျမ်းဆိုရှိသည့်အတိုင်းပင်၊ သင်တို့ကြောင့်လူမျိုးခြားတို့သည် ဘုရားသခင့်နာမတော်ကို ဆဲရေးပုတ်ခတ်ကြပြီတကား။
25 သင်သည်ပညတ်တရားအတိုင်းပြုကျင့်လျှင် လှီးဖြတ်ခြင်းမင်္ဂလာအားဖြင့် အကျိုးရှိသည်မှန်၏။ ပညတ်တရားကိုကျူးလွန်သူဖြစ်မူ သင်ခံသောမင်္ဂလာသည် မခံသကဲ့သို့ဖြစ်၏။
26 သို့မှန်လျှင် လှီးဖြတ်ခြင်းမင်္ဂလာမခံသူသည် ပညတ်တော်ပြဌာန်းချက်များကိုစောင့်ရှောက်က သူ့မင်္ဂလာမဲ့ခြင်းကို ခံခြင်းကဲ့သို့မှတ်ယူရမည့်ပြင်၊
27 ဇာတိမဖျက်၊ မခံရလျက်ပင် ပညတ်တရားတော်ကိုစောင့်ရှောက်သောထိုသူသည် ကျမ်းကိုးနှင့် ထိုမင်္ဂလာခံခဲ့သော်လည်း ပညတ်တရားတော်ကို ကျူးလွန်သောသင့်အား စီရင်လိမ့်မည်မဟုတ်လော။
28 အပြင်အမှတ်အားဖြင့်သာ ယုဒလူမျိုးစစ်၊ ရုပ်ခန္ဓာ၌အပြင်အမှတ်အားဖြင့်သာ လှီးဖြတ်ခြင်း မင်္ဂလာစစ်ဖြစ်သည်မဟုတ်။
29 အတွင်းအမှတ်အားဖြင့် ယုဒလူမျိုးစစ်ဖြစ်ရသည့်ပြင် အက္ခရာနှင့်မစပ်ဆိုင်ဘဲ စိတ်နှလုံး နံခန္ဓာ၌လှီးဖြတ်ခြင်းမင်္ဂလာစစ်ကိုခံရ၏။ ထိုသို့သောသူတို့သည် လူတို့ထံမဟုတ်၊ ဘုရားသခင့်အထံတော်မှ အချီးအမွမ်းခံရကြသတည်း။