ရောမဩဝါဒကျမ်း
1
1-2 သန့်ရှင်းသောကျမ်းဂန်များ၌ ပရောဖက်တို့ဆင့်ဆိုနှင့်သော ဘုရားသခင့်သတင်းတော်မြတ်အလို့ငှါ တမန်တော်အဖြစ် သန့်ခြားခေါ်ထားပြီးသည့်အတိုင်း။
3-7 ခရစ်တော်ယေရှု၏ကျွန်ပေါလုက၊ ရုပ်ခန္ဓာအလျောက် ဒါဝိဒ်မင်းမျိုးဖြစ်တော်မူထသော၊ သန့်ရှင်းသောနံခန္ဓာအလျောက် သေခြင်းမှရှင်ပြန်ထမြောက်ခြင်းအားဖြင့် ဘုရားသခင့်သားတော်အဖြစ် တန်ခိုးကြီးစွာထင်ရှားတော်မူထသော၊ ငါတို့အရှင်ယေရှုခရစ်တည်းဟူသော ထိုသားတော့်အကြောင်း၊ ရောမမြို့တွင်ဘုရားသခင်ချစ်လျက် သီးသန့်ခေါ်ထားတော်မူသူ သင်တို့ရှိသမျှထံရေးလိုက်သည်မှာ၊ ယေရှုခရစ်ခေါ်ထားတော်မူခဲ့ရာ သင်တို့ပါဝင်သောလူမျိုးခြားခပ်သိမ်းတို့တွင် နာမတော်အဖို့ ယုံကြည်၍လိုက်နာစေအံ့သောငှါ ထိုအရှင်ကြောင့် တမန်တော်ရာထူးနှင့်ကျေးဇူးတော်ကို ငါတို့ခံရကြသည်နှင့်အညီ ငါတို့အဘဘုရားသခင်နှင့်အရှင်ယေရှုခရစ်အထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော။
8 သင်တို့ယုံကြည်ခြင်းသည် တစ်လောကလုံးတွင် ကြေငြာလျက်ရှိသောကြောင့် သင်တို့ရှိသမျှအတွက် ငါ၏ဘုရားသခင့်ကျေးဇူးတော်ကို ယေရှုခရစ်အားဖြင့်ငါဦးစွာချီးမွမ်း၏။
9-10 ဘုရားသခင်အလိုတော်ရှိလျှင် သင်တို့ထံမကြာမမြင့်မီ ငါလာဖြစ်ခွင့်ရှိစေရန်ပဌနာပြုလေရာရာ သင်တို့အားအစဉ်သတိရလျက် တောင်းလျှောက်သည်ကို သားတော်၏သတင်းတော်မြတ်ကြားပြောစဉ် စိတ်အာရုံဖြင့်ငါဝတ်ပြုရာ ဘုရားသခင်သိမြင်တော်မူ၏။
11 ငါသည် ဝိညာဉ်ဆုကျေးဇူးတစ်စုံတစ်ရာကိုဝေမျှသည့်အလျောက် တည်ကြည်ရစေခြင်းငှါ သင်တို့ကိုတွေ့မြင်လိုလှ၏။
12 ထိုသို့ဆိုသော် ငါနှင့်သင်တို့သည် နှစ်ဘက်လုံးသဒ္ဓါယုံကြည်ခြင်းအားဖြင့်၊ အချင်းချင်း နှစ်သိမ့်ခွင့်ရစေရန်တည်း။
13 ညီအစ်ကိုတို့၊ ငါသည်တစ်ပါးသောလူမျိုးခြားတို့ဘောင်တွင်နည်းတူ သင်တို့တွင်လည်း အကျိုးတစ်စုံတစ်ရာရအံ့သောငှါ ကြိမ်ဖန်များစွာလာရောက်မည်ကြံသော်လည်း ယခုတိုင်ကန့်ကွက်ခံရကြောင်း သင်တို့မသိဘဲမနေစေလို။
14 ငါသည်ဂရိတ်လူမျိုးနှင့်အရိုင်းလူမျိုး၊ ပညာရှိသူနှင့်မရှိသူအပေါင်းတို့နှင့်စပ်၍ တာဝန်ကြွေး ရှိသည့်အလျောက်၊
15 ရောမမြို့ရှိသင်တို့အားလည်း သတင်းတော်မြတ်ကိုကြားပြောရန် အခွင့်ရတိုင်းစိတ်စေတနာရှိ၏။
16 သတင်းတော်မြတ်သည် ဦးစွာယုဒလူမျိုး၊ နောက်လူမျိုးခြားတို့တွင်ယုံကြည်သူတိုင်းအား ကယ်တင်ခြင်းအလို့ငှါ ဘုရားသခင်၏တန်ခိုးတော်ဖြစ်သဖြင့် ထိုသတင်းတော့်အတွက်ငါရှက်သည်မဟုတ်။
17 ဖြောင့်မတ်သူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်ဟူသော ကျမ်းချက်အရ ဘုရားသခင်၏ဖြောင့်မတ်တော်မူခြင်းသည် အဆင့်ဆင့်တိုးတက်သောယုံကြည်ခြင်းဖြင့် သတင်းတော်မြတ်၌ ထင်ရှားလျက်ရှိ၏။
18-19 ဘုရားသခင်ဖော်ပြတော်မူသည့်အလျောက် ကိုယ်တော့်အကြောင်းသိအပ်သမျှ ထင်ရှားပြီးဖြစ်၍၊ သမ္မာတရားကိုမတရားသဖြင့်ဖိစီးသူတို့၏ ဘုရားမဲ့နေခြင်းနှင့်တရားမဲ့နေခြင်း ခပ်သိမ်းအပေါ်တွင်မူကား ဘုရားသခင့်အမျက်တော်သည် ကောင်းကင်မှထင်ရှားလျက်ရှိ၏။
20-21 ဖန်ဆင်းထားသောအရာများကိုထောက်ရှုသဖြင့် နိစ္စတန်ခိုးတော်နှင့်ဘုရားအဖြစ် တော်တည်းဟူသောကွယ်ဝှက်ရာများကို ဤလောကဖန်ဆင်းသည်ကစ၍ ထင်ရှားပြီးဖြစ်သောကြောင့် ဘုရားသခင်ကိုသိလျက်ပင် ဘုရားအနေနှင့်ဘုန်းတော်ကျေးဇူးတော်ကိုမချီးမွမ်းဘဲ အဝိဇ္ဇာ စိတ်၌မှောင်ကျသည့်တိုင်အောင် အချည်းနှီးတွေးဆဆင်ခြင်ကြသောထိုသူတို့သည် ထုချေရန်မရှိ။
22 ပညာရှိသည်ဟု ကိုယ်ကိုဂုဏ်တင်လျက် လူမိုက်အဖြစ်ရောက်၍၊
23 သင်္ခါရကင်းသောဘုရားသခင့်ဘုန်းတော်အစား၊ သင်္ခါရဖြစ်သောလူ၊ ငှက်၊ ခြေလေးချောင်း တိရစ္ဆာန်နှင့် တွားတတ်သောသတ္တဝါတို့၏ပုံသဏ္ဌာန်ကို လဲယူကြလေစွ။
24-25 သို့ဖြစ်၍၊ ဘုရားသခင်၏ဟုတ်မှန်ရာအစား မုသာကိုလဲယူလျက် ဖန်ဆင်းတော်မူသောအရှင့်အစား ဖန်ဆင်းထားသောအရာအား ဝတ်ပြုကိုးကွယ်သောထိုသူတို့ကို ဘုရားသခင်သည် ချင်းတို့စိတ်နှလုံးတပ်မက်ခြင်းအလျောက် ကိုယ်ခန္ဓာအသရေပျက်စေရန် ညစ်ညူးခြင်းအဖြစ်သို့ အပ်လိုက်တော်မူ၏။ ထိုအရှင်၌ ကမ္ဘာအဆက်ဆက်မင်္ဂလာရှိ၏။ အာမင်။
26 သို့ဖြစ်၍လည်း ယုတ်ညံ့သောဝါသနာသို့ ဘုရားသခင်အပ်လိုက်တော်မူသည့်အတိုင်း မိန်းမဖြစ်သူတို့သည် ဓမ္ဓတာထုံးစံအစား ဆန့်ကျင့်သောထုံးစံကိုကျင့်ကြသည့်နည်းတူ၊
27 ယောက်ျားဖြစ်သူတို့သည် ဓမ္ဓတာအတိုင်းမိန်းမနှင့်ဆက်ဆံသောထုံးစံကိုစွန့်ပြီးလျှင် တစ်ယောက်ကိုတစ်ယောက် ရာဂမီးတောက်လျက် အဗြဟ္မမှုကိုယောက်ျားချင်းပြုသဖြင့် မိုက်မှားသည်နှင့်အမျှ အကျိုးဆက်ကိုကိုယ်တိုင်ခံရကြ၏။
28 ထိုသူတို့သည် ဘုရားသခင်အား သိကျွမ်းရခွင့်ကိုသဘောမကျဘဲ နေကြသည့်နည်းတူ၊ ဘုရားသခင်လည်း၊ မသင့်မလျော်ရာများကိုပြုကြစေရန် သဘောတော်မကျသောစိတ်သို့အပ်လိုက်တော်မူသဖြင့်၊
29 ဒုစရိုက်အမျိုးမျိုးတည်းဟူသော ဆိုးသွမ်းခြင်း၊ တပ်မက်ခြင်း၊ ယုတ်မာခြင်း၊ ညူစူခြင်း၊ လူကိုသတ်ခြင်း၊ ရန်ခိုက်ဖြစ်ခြင်း၊ လှည့်ဖြားခြင်း၊ မျက်မုန်းကြိုးခြင်းများနှင့်ပြည့်လျှံသူ၊
30 ကုန်းချောသူ၊ အသရေဖျက်သူ၊ ဘုရားသခင်ရွံရှာသူ၊ စော်ကားသူ၊ မာနထောင်လွှားသူ၊ ဝင့်ဝါသူ၊ ပြစ်မှုကွန့်မြူးသူ၊ မိဘစကားကိုမလိုက်နာသူ၊
31 ဉာဏ်တုံးသူ၊ သစ္စာဖျက်သူ၊ သင်္ဂဟကင်းသူ၊ ကရုဏာမဲ့သူများဖြစ်ကြသည့်အလျောက်၊
32 ထိုသို့ပြုကျင့်သူတိုင်း သေဒဏ်ခံထိုက်သည်ဟု ဘုရားသခင်ပြဌာန်းချက်ကိုသိလျက်ပင် ကိုယ်တိုင်ပြုသည်သာမက ပြုကျင့်တတ်သူတို့ကိုလည်း သဘောကျသူများဖြစ်ကြသည်တကား။