13
1 အစိုးရမင်းတို့အောက် လူတိုင်းဝန်ခံလျက်ရှိနေစေ။ ဘုရားသခင်နှင့်ကင်း၍ မည်သည့်အစိုးရ မျှမရှိသည်နှင့်အညီ၊ ယခုအစိုးရတို့ကို ဘုရားသခင်ခန့်ထားတော်မူ၏။
2 သို့ဖြစ်၍ အစိုးရကိုခုခံသူသည် ဘုရားသခင်ထုတ်ဆင့်တော်မူချက်ကို ခုခံရာရောက်၏။ ထိုသို့ခုခံသူတို့သည် အပြစ်စီရင်ခံရကြလတ္တံ့။
3-4 အရာရှိတို့သည် အကောင်းပြုသူတို့မဟုတ်၊ အဆိုးပြုသူတို့ကြောက်ရွံ့ရန်ဖြစ်၍ အစိုးရကို ကြောက်ရွံခြင်းသင်ကင်းလိုလျှင် အကောင်းပြုကျင့်လော့။ သင့်ကောင်းကျိုးအလို့ငှါ ဘုရားသခင့် အမှုတော်ဆောင်ဖြစ်သောအစိုးရချီးမွမ်းလိမ့်မည်။ အဆိုးပြုလျှင်မူကား ဘုရားသခင့်အမှုတော်ဆောင်ဖြစ်သောအစိုးရသည် အကြောင်းမဲ့ဓားမဆောင်။ အဆိုးပြုသူ့အပေါ်တွင် အမျက်တော်ဒဏ်သင့်စေသူဖြစ်သောကြောင့် ကြောက်ရွံ့လော့။
5-6 ထိုသို့နိုင်ငံရေးကိုကြည့်ရှုလျက်နေရသူ၊ ဘုရားသခင့်အမှုတော်ဆောင်များဖြစ်သောကြောင့် အမျက်တော်ဒဏ်အတွက်သာမဟုတ်၊ သြတ္တပ္ပစိတ်အတွက်လည်းအခွန်ဆက်ရသည့်နည်းတူ အစိုးရ တို့အောက်ဝန်ခံလျက်နေကြရမည်။
7 အခွန်ခံထိုက်သူ့အား အခွန်၊ အကောက်ခံထိုက်သူ့အား အကောက်၊ ခန့်ညားထိုက်သူ့အား အခန့်အညား၊ ရိုသေထိုက်သူ့အား အရိုအသေကို မင်းအသီးအသီးအားပေးသင့်သည့်အလျောက် ဆက်ပေးကြလော့။
8 အချင်းချင်းထံမေတ္တာကြွေးမှတစ်ပါး မည်သူ့ထံမည်သည့်ကြွေးမျှမခံနှင့်။ သူတစ်ထူးကိုမေတ္တာရှိသူသည် ပညတ်တရားကို အပြည့်အစုံစောင့်ရှောက်လေပြီ။
9 အသို့ဆိုသော် အပေါင်းအဖော်ကိုကိုယ်နှင့်အမျှချစ်လော့ဟူသောအမိန့်ကား သူ့သားအိမ်ရာ ကိုမပြစ်မှားနှင့်။ သူ့အသက်ကိုမသတ်နှင့်။ သူ့ဥစ္စာကိုမခိုးနှင့်။ တပ်မက်သောစိတ်မရှိနှင့်စသော ပညတ်ရှိသမျှ၏အချုပ်ဖြစ်သတည်း။
10 မေတ္တာရှိလျှင် အပေါင်းအဖော်အား မည်သည့်မကောင်းကိုမျှပြုမည်မဟုတ်။ သို့ဖြစ်၍ မေတ္တာရှိခြင်းသည် ပညတ်တရားကိုအပြည့်အစုံစောင့်ရှောက်ရာစောင့်ရှောက်ကြောင်းဖြစ်၏။
11 ယခုမှာ ငါတို့ကယ်တင်ခြင်းသည် ယုံကြည်ကြသည့်အခါကနီးသည်ထက်သာ၍နီးသဖြင့် အိပ်ပျော်ရာမှနိုးချိန်တန်သော ယခုကာလကိုသိမှတ်လျက် ထိုသို့ပြုကျင့်ကြလော့။
12 ညဉ့်ကုန်၍နေ့တော်ရောက်လုပြီ။ ထိုကြောင့် မှောင်မိုက်ဆိုင်ရာအကျင့်တန်ဆာများကိုပယ်ပြီးလျှင်၊
13 အလင်းဆိုင်ရာလက်နက်စုံကိုဆင်ယင်ကြသည့်ပြင် ပျော်ပါး၍မူးယစ်ခြင်း၊ မှားယွင်း၍ ကာမဂုဏ်လိုက်စားခြင်း၊ ခိုက်ရန်ဖြစ်၍ဆိုင်ပြိုင်ခြင်းများကိုရှောင်လျက် နေ့အခါနှင့်သင့်လျော်သောအကျင့်အကြံများကို ပြုမူကြကုန်အံ့။
14 ရုပ်ခန္ဓာအဖို့၊ ဆိုင်ရာတပ်မက်ခြင်းများအလို့ငှါ တင်ရင်မကြံစည်ဘဲ အရှင်ယေရှုခရစ်ကို ဝတ်ဆင်ကြလော့။