14
ယုံကြည်ခြင်းအားနည်းသူ့ကို လက်ခံရာတွင်၊ သူ့စေတနာကိုအပြစ်မတင်ရ။ တစ်ဦးတစ်ယောက်သည် ခဲဖွယ်အမျိုးမျိုးကိုစားအပ်သည်ဟုစိတ်ချအံ့။ အားနည်းသူသည် ဟင်းသီးဟင်းရွက်ကိုသာစားအံ့။ စားသူသည် မစားသူ့ကိုမထီလေးစားခြင်း၊ မစားသူလည်း စားသူ့ကိုစီရင်ခြင်း မပြုစေလင့်။ နှစ်ဦးလုံးကို ဘုရားသခင်လက်ခံတော်မူပြီ။ အရှင်တစ်ပါး၏အစေခံကိုစီရင်သောသင်ကား မည်သူနည်း။ ထိုသူတည်ရခြင်း၊ မတည်ရခြင်းသည် ကိုယ့်အရှင်နှင့်သာဆိုင်၏။ တည်နေစေရန် အရှင်ဘုရား၌တန်ခိုးရှိတော်မူသောကြောင့် သူတည်နေလိမ့်မည်။ တစ်ဦးတစ်ယောက်သည် တစ်နေ့ထက်တစ်နေ့မြတ်သည်ဟုမှတ်အံ့။ တစ်ဦးတစ်ယောက်သည် နေ့တိုင်း အမြတ်တူသည်ဟုမှတ်အံ့။ အသီးအသီးကိုယ့်စိတ်လုံးလုံးချစေ။ နေ့ကိုထောက်သူသည် အရှင်ဘုရားအဖို့ထောက်သည့်အလျောက် စားသူသည်ဘုရားသခင့် ကျေးဇူးတော်ကိုချီးမွမ်းသည်နှင့် အရှင်ဘုရားအဖို့စား၏။ မစားသူလည်း အရှင်ဘုရားအဖို့ရှောင်လျက် ဘုရားသခင့်ကျေးဇူးတော်ကိုချီးမွမ်း၏။ ငါတို့တွင် မည်သူမျှကိုယ့်အဖို့အသက်ရှင်လျက် ကိုယ့်အဖို့သေသည်မဟုတ်။ ငါတို့အသက်ရှင်သည်မှာ အရှင်ဘုရားအဖို့ရှင်၏။ သေသည်မှာလည်း အရှင်ဘုရားအဖို့သေ၏။ ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ အရှင်ဘုရားပိုင်ဆိုင်တော်မူရာဖြစ်ကြ၏။ သို့နှင့်အညီ ခရစ်တော်သည် သူသေသူရှင်တို့အပေါ်တွင်အုပ်စိုးခွင့်ရအံ့သောငှါ အသေခံ၍ ရှင်ပြန်တော်မူ၏။ 10-11 တစ်ဦးကား သင့်ညီအစ်ကိုကိုစီရင်ခြင်း၊ တစ်ဦးကား သင့်ညီအစ်ကိုကိုမထီလေးစားခြင်း အဘယ်ကြောင့်ပြုသနည်း။ လူတိုင်းငါ့ရှေ့တွင်ဒူးထောက်ခြင်း၊ နှုတ်ဖြင့်ငါဘုရားကိုချီးမွမ်းခြင်းပြုရလိမ့်မည်ဟု အသက်တော်ကိုတိုင်တည်၍ ထာဝရဘုရား၏ဗျာဒိတ်တော်ရှိကြောင်း ကျမ်းချက်အရငါတို့ရှိသမျှသည် ဘုရားသခင်၏တရားပလ္လင်တော်ရှေ့ ရပ်ရကြလိမ့်မည်။ 12 သို့ဖြစ်၍ ငါတို့အသီးအသီးသည် ကိုယ့်အကြောင်းကိုဘုရားသခင့်ရှေ့ဖော်ပြရကြလတ္တံ့။
13 ထိုကြောင့် ထပ်မံ၍တ​စ်ေယာက်ကိုတစ်ယောက် မစီရင်ဘဲနေကြကုန်အံ့။ ညီအစ်ကိုချင်းအားမှောက်မှားရန်၊ တိုက်လဲရန်အကြောင်းမရှိစေခြင်းငှါသာ စီမံကြလော့။ 14 ပြကတေ့အလျောက် မသန့်သောခဲဖွယ်တစ်မျိုးမျှမရှိကြောင်း အရှင်ယေရှုအားဖြင့် ငါစိတ်ချစွာသိသော်လည်း မသန့်ဟုထင်မှတ်သူ့အဖို့ကားမသန့်ဖြစ်သဖြင့်၊ 15 စားဖွယ်ခဲဖွယ်အကြောင်းကြောင့် သင့်ညီအစ်ကိုစိတ်နာလျှင် သင်သည်မေတ္တာတရားအလျောက် ကျင့်ကြံပြုမူတော့သည်မဟုတ်ပြီ။ ခရစ်တော်အသေခံတော်မူရသောသူ့ကို သင့်စားဖွယ်ခဲဖွယ်ကြောင့် ပျက်စီးရာမရောက်စေနှင့်။ 16 သင်တို့၌တော်လျော်သောအမှုကိုလည်း မကောင်းပြောဆိုမခံရစေနှင့်။ 17 ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်း၌မတည်။ သန့်ရှင်းသောဝိညာဉ်တော် အားဖြင့်ရသောဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်း၊ ရွှင်လန်းခြင်းများ၌တည်၏။ 18 ထိုသို့ခရစ်တော်၏အစေတော်ကိုခံသူသည် ဘုရားသခင့်စိတ်တော်နှင့်တွေ့ရာ လူတို့ရှေ့မျက်နှာရရာရောက်လိမ့်မည်။ 19 ထိုကြောင့် ငါတို့သည် ငြိမ်သက်ခြင်း၊ အချင်းချင်းတည်ဆောက်ခြင်းအမှုများကို ကြံစည်ကြ၏။ 20 စားဖွယ်ခဲဖွယ်အတွက်ကြောင့် ဘုရားသခင့်အမှုတော်ကိုမဖျက်နှင့်။ ခဲဖွယ်အမျိုးမျိုး သန့်သည်မှန်သော်လည်း စားမှုကြောင့် မှောက်မှားစေသူ၌အဆိုးဖြစ်၏။ 21 အသားစားခြင်း၊ စပျစ်ရည်သောက်ခြင်းစသော သင့်ညီအစ်ကိုကိုတိုက်လဲစေရန် မည်သည်ကို မျှမပြုဘဲနေသင့်၏။ 22 သင့်စိတ်ချခြင်းသည် ဘုရားသခင့်ရှေ့ကိုယ်တွင်သာရှိစေလော့။ ကိုယ့်သဘောကျရာနှင့်စပ်၍ ကိုယ်ကိုစီရင်ခြင်းကင်းသောသူသည် မင်္ဂလာရှိ၏။ 23 ဒွိဟနှင့်စားလျှင်မူကား စိတ်မချဘဲစားသောကြောင့် အပြစ်စီရင်ရာရောက်၏။ စိတ်မချဘဲပြုသမျှသည် အပြစ်ဖြစ်၏။