11
1 သို့ဖြစ်လျှင် ဘုရားသခင်သည် လူမျိုးတော်ကိုစွန့်ပစ်တော်မူသလော။ ထိုသို့မဖြစ်စေရာ။ ငါ့ကိုယ်တိုင်သည် ဣသရေလလူမျိုး၊ အာဗြဟံ့အဆက်၊ ဗင်္ယာမိန့်အနွယ်ဖြစ်၏။
2-3 တင်ရင်သိမှတ်တော်မူသောလူမျိုးတော်ကို ဘုရားသခင်စွန့်ပစ်တော်မူသည်မဟုတ်။ အိုထာဝရဘုရား၊ ထိုသူတို့သည် ပရောဖက်တော်များကိုကွပ်မျက်လျက် ပူဇော်ရာပလ္လင်တော်များကို ဖြိုဖျက်ကြပါပြီ။ တစ်ယောက်တည်းကျန်သောအကျွန်ုပ်အသက်အန္တရာယ်ကိုပင် ရှာကြံကြပါသည်ဟု ဣသရေလလူမျိုးကို ဘုရားသခင့်ရှေ့၊ ကျမ်းဂန်တွင် ဧလိယမည်သို့စွပ်စွဲကြောင်းကိုလည်းကောင်း၊
4 ဗာလနတ်ရှေ့၌ဒူးမထောက်သူခုနစ်ထောင်တို့ကို ငါ့အဖို့ကြွင်းစေပြီဟု ဗျာဒိတ်တော်တုန့်ပြန်ကြောင်းကိုလည်းကောင်း မသိကြလော။
5 ထိုနည်းတူ ယခုကာလ၌လည်း ကျေးဇူးတော့်ဆိုင်ရာရွေးကောက်တော်မူခြင်းအတိုင်း အကြွင်းအကျန်တို့ရှိကြ၏။
6 ကျေးဇူးတော်နှင့်ဆိုင်က၊ ကိုယ်ကျင့်အားဖြင့်မဟုတ်။ အကယ်၍ဟုတ်ခဲ့လျှင် ကျေးဇူးတော်သည် ကျေးဇူးတော်မှန်မဟုတ်ဖြစ်လေပြီ။
7 သို့ဖြစ်လျှင်မည်သို့နည်း။ ဣသရေလလူမျိုးအနက် ရွေးကောက်တော်မူသူတို့သာ ထိုလူမျိုးတို့ လိုက်ရှာရာကိုတွေ့မှီကြ၍ ကျန်သူတို့ကားစိတ်ခဲယဉ်းကြ၏။
8 ထိုအတိုင်းပင်၊ သူတို့အား အိပ်မောကျသောသဘော၊ မမြင်နိုင်သောမျက်စိ၊ မကြားနိုင်သောနားများကို ယနေ့တိုင်အောင်ဘုရားသခင်ပေးတော်မူသည်ဟု ကျမ်းချက်ရှိသည့်ပြင်၊
9 သူတို့စားသောက်ပွဲသည် ကိုယ်၌ကျော့ကွင်း၊ ထောင်ချောက်၊ ခလုတ်၊ ဝိပါက်ဖြစ်ပါစေ။
10 မျက်စိလည်းမမြင်နိုင်အောင်ကွယ်စေလျက် ကျောကိုအစဉ်ကုန်းစေတော်မူပါဟု ဒါဝိဒ်မင်းဖွဲ့ဆိုလေ၏။
11 သို့ဖြစ်လျှင် ခလုတ်တိုက်၍ကျဆုံးကြသလောဟု ငါမေးအံ့။ ထိုသို့မဖြစ်စေရာ။ သူတို့လဲပြိုခြင်းကြောင့် လူမျိုးခြားတို့၌ကယ်တင်ခြင်းသက်ရောက်သဖြင့် အားကျသောသဘောကိုရကောင်းရကြလိမ့်မည်။
12 ထိုသူတို့လဲပြိုခြင်းကြောင့် ဤလောက၌လည်းကောင်း၊ ဆုံးရှုံးခြင်းကြောင့်လူမျိုးခြားတို့၌လည်းကောင်း၊ သုခချမ်းသာဖြစ်လျှင် သူတို့စုံလင်ရာရောက်ခြင်းကြောင့် မည်မျှသုခချမ်းသာဖြစ်မည်နည်း။
13-14 လူမျိုးခြားဖြစ်သူသင်တို့အား ဆိုသောငါသည် လူမျိုးခြားတို့ဆိုင်ရာ တမန်တော်ဖြစ်သည့်အလျောက်၊ ထိုရာထူးကိုဂုဏ်တင်သည်မှာ ကိုယ့်အမျိုးသားချင်းတို့၌အားကျသောသဘောဖြစ်ပွားစေ၍ အချို့ကိုကယ်တင်ခွင့်ရကောင်းရလိမ့်မည်ဟု ေမျှာ်လင့်၏။
15 သူတို့ကွာဝေးရခြင်းဖြင့် ဤလောကသည် မိတ်သဟာယဖွဲ့ခွင့်ရသည်မှန်က သူတို့ပြန်ဝင်ခြင်းဖြင့် သေခြင်းမှရှင်ခွင့်ရမည်မဟုတ်လော။
16 မုန့်ဆန်ဦးသီးသန့်လျှင် တစ်ပုံလုံးသီးသန့်၏။ အမြစ်သီးသန့်လျှင်လည်း အကိုင်းအခက်များသီးသန့်၏။
17 သို့ရာတွင် အကိုင်းအခက်အချို့ကိုချိုးပစ်ပြီးနောက် ရိုင်းသောသံလွင်လက်ဖြစ်သူသင်သည် ဆက်ထားခြင်းခံလျက် ယဉ်သောသံလွင်ပင်မမြစ်၏သြဇာကို ဆက်ဆံရလျှင်၊
18 ထိုအကိုင်းအခက်များအပေါ်တွင် မဝါကြွားနှင့်။ ဝါကြွားခဲ့လျှင် အမြစ်ကိုသင်ထောက်မသည်မဟုတ်။
19 အမြစ်ကသင့်ကိုထောက်မ၏။ ကျွန်ုပ်ကိုဆက်ထားရန် အကိုင်းအခက်များကိုချိုးပစ်တော်မူသည်ဟု သင်ဆိုလျှင်၊
20 မယုံကြည်ခြင်းကြောင့် ချိုးပစ်ခံရသည်မှန်၏။ သင်လည်းယုံကြည်ခြင်းကြောင့်သာတည်နေရ၏။
21 သို့ရာတွင် ဘုရားသခင်သည် ပြကတေ့ရှိရင်းအကိုင်းအခက်များကို ညှာတော်မမူလျှင် သင့်အားလည်းညှာတော်မမူမည်ကိုထောက်၍ စိတ်နေမမြင့်ဘဲကြောက်ရွံ့ခြင်းရှိလော့။
22 ဘုရားသခင်ကျေးဇူးပြုတော်မူခြင်းနှင့် ကြမ်းကြုတ်တော်မူခြင်းကိုထောက်ရှုဦးလော့။ ကျဆုံးသူတို့အပေါ်တွင် ကြမ်းကြုတ်ခြင်း၊ ကျေးဇူးတော်၌တည်နေစဉ် သင့်အပေါ်တွင်ကျေးဇူးပြုခြင်းကို ပြတော်မူ၏။ မတည်မနေလျှင်မူကား သင်ကိုယ်တိုင်ဖြတ်ပစ်ခံရလိမ့်မည်။
23 ထိုသူတို့လည်း မယုံကြည်သောအဖြစ်၌မတည်မနေလျှင် တစ်ဖန်ဆက်ထားနိုင်ေသာဘုရားသခင်သည် ဆက်ထားတော်မူဦးမည်။
24 ပြကတေ့အတိုင်း ရိုင်းသောသံလွင်ပင်မှဖြတ်ယူသောသင့်ကို ယဉ်သောသံလွင်ပင်၌ ပြကတေ့နှင့်ဆန့်ကျင်လျက်ဆက်ထားတော်မူလျှင် ပြကတေ့အခက်များကိုမူရင်းသံလွင်ပင်မ၌ သာ၍ပြန်ဆက်တော်မူမည်မဟုတ်လော။
25 ညီအစ်ကိုတို့၊ ဉာဏ်ကောင်းသည်ဟုသင်တို့အထင်အမြင်မကြီးစေရန် ငါဖွင့်ပြသည့်နက်နဲရာမှာ လူမျိုးခြားတို့စုံလင်စွာတိုးဝင်သည့်တိုင်အောင် ဣသရေလအချို့အဝက် စိတ်ခဲယဉ်းကြသော်လည်း၊
26-27 တိုးဝင်ကြပြီးမှ ရွေးနုတ်သောအရှင်သည်ဇိအုန်မြို့ကပေါ်ထွန်းလျက် မတရားမှုများကို ယာကုပ်အမျိုးမှပယ်ရှားတော်မူမည်။ ထိုသို့သူတို့အပြစ်များကိုငါဆောင်သွားရာ၌ ဖွဲ့ခဲ့ရင်းပဋိညာဉ်ကို ငါအတည်ပြုမည်ဟူသောကျမ်းချက်အရ၊ ဣသရေလတစ်မျိုးလုံးကယ်တင်ရာရောက်ကြလိမ့်သတည်း။
28-29 သတင်းတော်မြတ်ကိုထောက်လျှင် သင်တို့အတွက်ကြောင့် သူတို့သည်ရန်သူတော်များ မှန်သော်လည်း ရွေးကောက်တော်မူခြင်းကိုထောက်လျှင် ဆုချတော်မူခြင်းနှင့်ခေါ်ထားတော်မူခြင်းကို နောင်တလွတ်ဘုရားသခင်ပေးတော်မူသည့်အတိုင်း ဘိုးဘေးတို့အတွက်ကြောင့် မြတ်နိုးတော်မူသူများဖြစ်ကြ၏။
30 အထက်က ဘုရားသခင့်ဗျာဒိတ်တော်ကို နားမထောင်သောသင်တို့သည် ထိုသူတို့နား မထောင်ခြင်းအားဖြင့် ကရုဏာတော်ကိုယခုခံစားခွင့်ရကြသည့်နည်းတူ၊
31 သူတို့လည်း သင်တို့ခံစားရသောကရုဏာတော်ကို ခံစားခွင့်ရအံ့သောငှါ နားမထောင်ဘဲယခုရှိနေကြ၏။
32 အသို့ဆိုသော် ဘုရားသခင်သည်သူခပ်သိမ်းတို့အပေါ်တွင် ကရုဏာသက်တော်မူအံသောငှါ သူခပ်သိမ်းတို့ကိုနားမထောင်ခြင်း၌ အကျဉ်းချထားတော်မူ၏။
33 ဘုရားသခင်၏ ကြွယ်ဝသောဉာဏ်ပညာနှင့်အသိပညာတော်သည် အလွန်နက်နဲလျက် စီရင်တော်မူချက်များကို ရှာဖွေ၍မရ။ နည်းလမ်းတော်များကိုလည်း နှိုက်၍မမီနိုင်ပါတကား။
34 ထာဝရဘုရား၏ဉာဏ်တော်ကိုသိကျွမ်းသူ၊ ကိုယ်တော့်တိုင်ပင်သူကား မည်သူနည်း။
35 တုံ့ပြန်တော်မူရစေခြင်းငှါ မည်သူဆက်သနှင့်ဖူးသနည်း။
36 အရာခပ်သိမ်းသည် ကိုယ်တော်မှ၊ ကိုယ်တော်ဖြင့်၊ ကိုယ်တော့်အဖို့ဖြစ်၏။ ကမ္ဘာအဆက်ဆက် ဘုန်းတော်ကြီးပါစေသတည်း။ အာမင်။