28
1 ထိုသို့ဘေးလွတ်ပြီးမှထိုကျွန်းကို မော်လတခေါ်ကြောင်းသိကြ၏။
2 ကျွန်းသားတို့သည်ငါတို့ကို ကျေးဇူးအထူးပြုလျက် မိုဃ်းရွာ၍ ချမ်းဧသောကြောင့်မီးဖိုပြီးလျှင်ရှိသမျှကို ဧည့်ခံကြ၏။
3 ထိုအခါ ပေါလုသည် ထင်းတပွေ့ခွေ၍ မီးပုံပေါ်သို့ထည့်လိုက်သော်၊ မြွေဆိုးတစ်ကောင်သည် မီးပူ၍ ထွက်လာပြီးလျှင်သူ့လက်ကိုခဲ၏။
4 ပေါလုလက်မှ ထိုအကောင်တွဲလွဲနေသည်ကို ကျွန်းသားတို့မြင်ကြသော်စင်စစ်၍သူသည် လူသတ်ဖြစ်သည်ပင်လယ်ဘေးမှလွတ်သော်လည်းအသက်ချမ်းသာရစေရန် သမာနတ်ခွင့်မပြုဟု အချင်းချင်းပြောဆိုကြ၏။
5 သို့ရာတွင်ဘေးမဖြစ်ဘဲ ထိုအကောင်ကို မီးထဲသို့ ပေါလုခါချလိုက်သော်၊
6 ယောင်ယမ်းမည်ဟူ၍၎င်း ၊ ရုတ်ခြင်းလဲသေမည်ဟူ၍၎င်း ၊ အောက်မေ့လျက်နေသောထိုသူတို့သည် ကြာမြင့်စွာကြည့်နေပြီးနောက်၊ မည့်သည့်အန္တရာယ်မျှ မဖြစ်ကြောင်းသိမြင်ရာ စိတ်ပြောင်း၍ ဘုရားပါတကားဟုဆိုကြ၏။
7 ထိုအရပ်အနီး လယ်ယာပိုင်သော ပုဗလိဆိုသူကျွန်းစားသည် ငါတို့ကိုလက်ခံပြီးလျှင်၊ သုံးရက်ဧည့်ဝတ်ပြု၏။
8 ထိုအခါ ပုဗလိအဘသည် ဖျားနာ၊ ဝမ်းကိုက်နာများကြောင့် ပက်လက်နေရာ၊ ပေါလုဝင်၍ ပဌနာပြုပြီးလျှင်လက်တင်သဖြင့် ကျန်းမာစေသည့်နောက်၊
9 ထိုကျွန်းတွင် သူနာရှိသမျှလည်းလာရောက်၍ ကျန်းမာခွင့်ရကြသည်နှင့်အညီ။
10 ငါတို့ကို ရိုသေစွာကန်တော့သည့်ပြင် ငါတို့လွှင့်သွားကြပြန်သော် လိုအပ်သမျှကို တင်လိုက်ကြ၏။
11 သုံးလကြာသော် ထိုကျွန်းတွင် ဆောင်းခိုသော နတ်ညီနောင်ရုပ်ပါ အာလေဇန်ဒြိယမြို့ သင်္ဘောကို ငါတို့စီးသွားကြလျှင်၊
12 သုရကုတ်မြို့တွင် သုံးရက်ဆိုက်နေပြီးမှလွှင့်ပြန်ရာ၊
13 လေခိုးတိုက်လျက် ရေဂျုံမြို့သို့ရောက်၍ နောက်တစ်ရက်တောင်လေတိုက်သဖြင့်၊ ဒုတိယရက်၌ ပေါတယောလိမြို့သို့ဆိုက်ရောက်ကြ၏။
14 ထိုမြို့တွင် ညီအစ်ကိုများကိုတွေ့သော် ခုနစ်ရက်တည်းခိုစေရန် ငါတို့ကိုပင့်ခေါ်ကြ၏။ ထိုသို့ပင်ငါတို့သည် ရောမမြို့သို့ရောက်ကြသတည်း။
15 မြို့တော်နေ ညီအစ်ကိုများ ငါတို့လာကြောင်းကြားသိသည့်ကာလ၊ အပ္ပိဖောရုံမြို့နှင့် တြိတပယ်ရနေမြို့ရောက် ခရီးဦးကြိုလာကြသည့်အတိုင်း ပေါလုတွေ့သော် ဘုရားသခင့်ကျေးဇူးတော်ကို ချီးမွမ်း၍ စိတ်အေးလေ၏။
16 ရောမမြို့သို့ ဝင်ရောက်ကြသည့်ကာလ ပေါလုသည် အစောင့်အကြပ်စစ်သည်နှင့် သီးခြားနေထိုင်ခွင့်ရ၏။
17 ထိုနောက်သုံးရက်ကြာသော် ယုဒလူမျိုးတို့အနက်အကြီးအကဲတို့ကို ပေါလုခေါ်ဘိတ်၍ ရောက်လာကြသည့်အတိုင်း ပြောဆိုသည်မှာ အချင်း ညီအစ်ကိုတို့ ငါသည် လူမျိုးတော်နှင့်၎င်း၊ မိရိုးဘလာထုံးစံများနှင့်၎င်း၊ ဆန့်ကျင်မှုမပြုဘဲလျက် ယေရုရှလင်မြို့မှရောမလူမျိုးတို့လက်သို့ အကျဉ်း အပ်လိုက်ကြရာ၊
18 စစ်မေးပြီးနောက်သေပြစ်မတွေ့သဖြင့်၊ ငါ့ကိုလွှတ်လိုကြရာတွင်
19 ယုဒလူမျိုးတို့ ငြင်းဆိုကြသည်နှင့် လူမျိုးသားချင်းတို့အပေါ်တွင်တုံ့ပြန်စွဲဆိုခြင်းကို ငါမပြုလိုသော်လည်း၊ ကဲသာမင်းထံ အယူတော်ခံရ၏။
20 သို့ဖြစ်၍ဣသရေလလူမျိုးတို့ မြော်လင့်ခြင်း အကြောင်းကြောင့်၊ ဤသံကြိုးနှင့် ချည်နှောင်ခံရသဖြင့်၊ ငါထံလာရောက်ဆွေးနွေးကြရန် သင်တို့ကိုဘိတ်ကြားလို ပါသည်ဟုဆိုရာ၊
21 ထိုသူတို့က သင်နှင့်စပ်၍ယုဒပြည်မှစာများမရမကောင်းပြောဆိုပြန်ကြားသူ ဆွေမျိုးသားချင်းလည်းမရောက်၊
22 သို့ရာတွင်ဤဂိုဏ်းနှင့်စပ်၍အရပ်ရပ်တွင် ငြင်းဆိုကြကြောင်း၊ ငါတို့သိရသဖြင့်၊ သင့်သဘောမြတ်ရာကိုကြားလိုသည်ဟု ပြန်ဆိုကြ၏။
23 သို့နှင့်အညီ၊ နေ့ချိန်းချက်ပြီးသော်၊ ပေါလုတည်းခိုရာအိမ်သို့ အများတို့လာရောက်ကြရာ၊ ပေါလုသည် နံနက်အချိန်မှ ညနေအချိန်တိုင် မောရှေ၏ ပညတ္တိကျမ်း၊ ပရောဖက်ကျမ်းများကို ကိုး၍ ဘုရားသခင့်နိုင်ငံတော့်အကြောင်း သက်သေခံလျက်၊ ယေရှုအကြောင်းသဘောကျစေရန်ဘော်ပြရာ၊
24 ဟောပြောချက်များကို အချို့တို့ သဘောကျလျက်၊ အချို့တို့မယုံကြချေ။
25-29 ထိုသို့ အချင်းချင်းသဘောမတူကြသောကြောင့် ပေါလုက သင်တို့ကြားလျက်ပင်နားမလည်ရ။ ကြည့်လျက်ပင်မသိမမြင်ရဟု ထိုလူမျိုးအား သွားရောက်ဆင့်ဆိုလော့။ ထိုလူမျိုးသည် မျက်စိနှင့်မြင်ခွင့်၊ နားနှင့်ကြားခွင့်၊ စိတ်နှလုံးနှင့်နားလည်ခွင့်ရလျက်၊ ငါ့ထံမှချမ်းသာရရန် ပြန်လာခွင့် မရှိစေခြင်းငှါ၊ စိတ်နှလုံးထိုင်းမှိုင်းစေ၍ နားကိုလေးစေသည့်ပြင်၊ မျက်စိကိုလည်း ဖုံးအုပ်ကြလေပြီဟု ပရောဖက်ဟေရှာယဖြင့် သင်တို့ဘိုးဘေးများအား သန့်ရှင်းသောဝိညာဉ်တော်ပေးသော ဗျာဒိတ်တော် သင့်လျော်စွတကား။ သို့နှင့်အညီ၊ ဘုရားသခင်၏ ကယ်တင်တော်မူခြင်းဤ အကြောင်းကိုလူမျိုးခြားတို့ထံ ပို့တော်မူလိုသဖြင့်၊ သူတို့နာယူကြလိမ့်မည်ကို သိမှတ် ကြလော့ဟူသောသြဝါဒတစ်ချက်ဆိုပြီးမှ ထိုသူတို့ထွက်သွား ကြ၏။
30-31 ပေါလုသည် ကိုယ့်အိမ်ငှားတွင် လာရောက်သမျှသောသူတို့ကို လက်ခံလျက် ဘုရားသခင့်နိုင်ငံတော့်အကြောင်း ကြားပြောခြင်း၊ အရှင်ယေရှုခရစ်ဆိုင်ရာအကြောင်း သင်ကြားခြင်းများကို ကန့်ကွက်သူမရှိဘဲ နှစ်နှစ်တိုင်တိုင်ရဲရင့်စွာဆောင်ရွက်လေ၏။