35
ယောရှိမင်းသည်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရားရှေ့၊ ပသခါပွဲကျင်းပရာ၊ ပဌမလဆယ့်လေးရက်တွင်၊ ပသခါသိုးသားငယ်ကိုစီရင်ကြလေ၏။ ဘုရင်မင်းသည်၊ ပရောဟိတ်တို့အားဆိုင်ရာတာဝန်ကို အပ်လျက်၊ ဗိမာန်တော်ဝတ်ဆောင်ရွက်ကြစေရန်နှိုးဆော်သည့်ပြင်၊ ထာဝရဘုရားအဖို့သီးသန့်၍၊ ဣသရေလတစ်မျိုးလုံးကို ဩဝါဒပေးရသော လေဝိဂိုဏ်းသားတို့အားလည်း၊ သင်တို့ပခုံးပေါ်တွင်ဝန်မဖြစ်စေရန်၊ သန့်ရှင်းသောသေတ္တာတော်ကို၊ ဒါဝိဒ်မင်းသားတော်ဣသရေလဘုရင်ရှောလမုန်မင်း တည်ဆောက်ခဲ့သော ဗိမာန်တော်တွင်းသို့ပြန်သွင်းကြလော့။ ယခုမှစ၍ကိုယ့်ဘုရားသခင်ထာဝရဘုရားအမှုတော်နှင့် လူမျိုးတော် ဣသရေလအမှုကိုဆောင်ရွက်လျက်၊ ဣသရေလဘုရင်ဒါဝိဒ်မင်း၊ သားတော်ရှောလမုန်မင်းတို့ စာတန်းနှင့်အညီ၊ အိမ်ထောင်အလိုက်၊ အလှည့်ကျသည့်အတိုင်း ကိုယ်ကိုပြင်ဆင်၍၊ ဆွေမျိုးသားချင်းဖြစ်သောလူပရိသတ်၌ခွဲခြားသောအိမ်ထောင်များနှင့်အမျှ၊ လေဝိဂိုဏ်းသားအိမ်ထောင်အနက်၊ သန့်ရှင်းရာဌာနတော်တွင်ဆိုင်ရာတစ်စုစီရပ်နေစဉ်၊ မောရှေအားဖြင့်၊ ထာဝရဘုရားထားတော်မူခဲ့သောဗျာဒိတ်တော်အတိုင်းဆောင်ရွက်ရန်၊ ကိုယ်ကိုသန့်ရှင်းစေပြီးမှ၊ ပသခါသိုးသားငယ်ကိုစီရင်၍၊ အမျိုးသားချင်းတို့အဖို့ အသင့်ပြင်ဆင်ကြလော့ဟုမိန့်ဆို၏။ ယောရှိမင်းသည်၊ ပိုင်တော်မူရာအနက်၊ ပသခါပူဇော်သက္ကာအဖြစ်၊ သိုးဆိတ်သုံးသောင်း၊ နွားသုံးထောင်များကိုလူပရိသတ်အားပေးရာ၊ မှူးတော်မတ်တော်တို့လည်း၊ ပရောဟိတ်၊ လေဝိဂိုဏ်းသား၊ လူပရိသတ်တို့အား၊ စေတနာနှင့်ပေးကြသော်၊ ဘုရားသခင့်ဗိမာန်တော်မှူး ဟိလခိ၊ ဇာခရိ၊ ယေဟေလတို့ သည်၊ ပရောဟိတ်တို့အား၊ ပသခါပူဇော်သက္ကာအဖြစ်၊ သိုးဆိတ်နှစ်ထောင့်ခြောက်ရာ၊ နွားသုံးရာများကိုလည်းေကာင်း၊ လေဝိဂိုဏ်းသားအကြီးအကဲ ကောနနိ၊ ညီရှေမာယ၊ နာသနေလတို့နှင့်၊ ဟာရှဘ်၊ ယေလ၊ ယောဇဗဒ်တို့သည်၊ လေဝိဂိုဏ်းသားတို့အား၊ သိုးဆိတ်ငါးထောင်၊ နွားငါးရာ များကိုလည်းေကာင်း၊ ပေးကြ၏။ 10 ထိုသို့ဝတ်တော်ကိုအသင့်ပြင်ဆင်ကြလျှင်၊ ပရောဟိတ်တို့သည် ကိုယ့်ဆိုင်ရာ၌လည်းေကာင်း၊ လေဝိဂိုဏ်းသားတို့သည် ခွဲခြားရာ၌လည်းေကာင်း၊ အမိန့်တော်အတိုင်းရပ်လျက်၊ 11 ပသခါသိုးသားငယ်ကို စီရင်ပြီးနောက်၊ အရေခွာရသူလေဝိဂိုဏ်းသားတို့လက်မှ၊ အသွေးကိုပရောဟိတ်တို့ခံယူ၍ သွန်းပက်သည့်ပြင်၊ 12 လူပရိသတ်၌ခွဲခြားသော အိမ်ထောင်တိုင်းအားပေး၍၊ မောရှေ၏ကျမ်းချက်အရ ထာဝရဘုရားထံဆက်ကပ်စိမ့်သောငှာ၊ မီးရှို့ရန်အပိုင်းများကိုခွဲထုတ်ကြ၏။ နွားများ ကိုလည်းထိုနည်းတူပြုကြ၏။ 13 ဆုံးဖြတ်ချက်အတိုင်းပသခါသိုးသားငယ်ကို မီးကင်လျက်၊ အခြားသီးသန့်ရာများကိုကား၊ အိုးအမျိုးမျိုးနှင့်ပြုတ်၍၊ လူပရိသတ်အပေါင်းတို့အား၊ အလျင်အမြန်ပေးပြီးနောက်၊ 14 အာရုန့်အနွယ်ပရောဟိတ်တို့သည်၊ မီးရှို့ရာသက္ကာနှင့်ဆီဥများကို၊ ညဉ့်တိုင်အောင်ပူဇော်ရသည့်အတွက်၊ ကိုယ်မှစ၍အာရုန့်အနွယ်ပရောဟိတ်တို့အဖို့၊ လေဝိဂိုဏ်းသားတို့ပြင်ဆင်ရကြ၏။ 15 ဒါဝိဒ်မင်းနှင့်အဆိုတော်ယေဒုသုန်၊ ဟေမန်၊ အာသင်တို့စီရင်ခဲ့သည့်အတိုင်း၊ အာသင်ဂိုဏ်းသားသီဆိုသူတို့သည်ကိုယ်ဆိုင်ရာ၌လည်းေကာင်း၊ တံခါးစောင့်တို့သည်တံခါးတိုင်း၌လည်းေကာင်း၊ ဆွေမျိုးသားချင်းလေဝိဂိုဏ်းသားတို့ပြင်ဆင်သည့်အလျောက်၊ မရွှေ့ဘဲ စောင့်နေရကြ၏။ 16 ​ထိုသို့ယောရှိမင်းအမိန့်တော်အရ ပသခါပွဲကိုကျင်းပလျက်၊ ထာဝရဘုရားအား ပူဇော်ရာပလ္လင်တော်ပေါ်တွင်၊ မီးရှို့ရာသက္ကာများကို ဆက်ကပ်ကြရန်၊ ဘုရားဝတ်ကို နေ့ချင်းပြင်ဆင်ကြကုန်၏။ 17 လာရောက်စည်းဝေးသောဣသရေလအမျိုးသားတို့လည်း၊ ပသခါပွဲ၊ တဆေးမဲ့မုန့်ပွဲကို၊ ထိုအခါ၊ ခုနစ်ရက်ပတ်လုံးကျင်းပလေ၏။ 18-19 ယောရှိမင်းနန်းစံဆယ့်ရှစ်နှစ်တွင်၊ ယောရှိမင်းမှစသော၊ ပရောဟိတ်၊ လေဝိဂိုဏ်းသား၊ ယေရုရှလင်မြို့သူမြို့သား၊ ယုဒ၊ ဣသရေလပရိသတ်အပေါင်းတို့ကျင်းပကြသော ထိုပသခါပွဲနည်းတူ၊ ပရောဖက်ရှမွေလလက်ထက်မှစ၍၊ ဣသရေလဘုရင်တစ်ပါးမျှ မကျင်းပဘူးချေ။
20 ယောရှိမင်းသည်၊ ဗိမာန်တော်အမှုကိုအကုန်အစင်စီမံပြီးနောက်၊ ဥဖရတ်မြစ်အနီး၊ ခါခေမိတ်မြို့သို့ စစ်ချီ၍လာသောအိဂျစ်ဘုရင် နေခေါမင်းကို ဆီးဆို့ရန်၊ ချီထွက် သည့်ကာလ၊ 21 အကြည်တော်ယုဒဘုရင်သည်၊ ကျွန်ုပ်နှင့်မည်သို့ဆိုင်ပါသနည်း။ ယခုအကြည်တော်ကိုတိုက်ရန်မဟုတ်၊ ရန်သူတော်ကိုသာတိုက်ရန်ချီလာပါ၏။ အဆောတလျင်ချီ သွားစေခြင်းငှာ ဘုရားသခင်မိန့်တော်မူပါပြီ။ ဖျက်ဆီးတော်မူခြင်းနှင့်ကင်းလွတ်အောင်၊ ကျွန်ုပ်ဘက်၌တည်ရှိတော်မူသောဘုရားသခင့်အစွမ်းကိုရှောင်လော့ဟု၊ ရာဇသံစေလွှတ်သော်လည်း၊ 22 ယောရှိမင်းသည်၊ ဗျာဒိတ်တော်ခံ နေခေါမင်း စကားကိုမလိုက်နာဘဲ၊ မင်းမြောက်တန်ဆာကို ချွတ်၍၊ ထိုမင်းနှင့်စစ်တိုက်ရန်တပ်ဤလှည့်ချီစေပြီးလျှင်၊ မေဂိဒ္ဒေါချိုင့်သို့ဆိုက်ရောက်စစ်တိုက်ကြရာ၊ 23 ယောရှိမင်းကိုလေးအမှုထမ်းတို့ထိမှန်အောင်ပစ်သဖြင့်၊ ငါ့ကိုထိပြီ။ ဆောင်ယူလော့ဟု၊ ဘုရင်မင်းမိန့်ဆိုသည့်အတိုင်း၊ 24 ကျေးကျွန်တို့သည် စစ်ရထားမှ ဒုတိယရထားသို့ရွှေ့ပြောင်းပြီးလျှင်၊ ယေရုရှလင်မြို့သို့ယူသွားလေ၏။ ကွယ်လွန်၍၊ ဘေးတော်ဘိုးတော်တို့၏သင်္ချိုင်းတော်တွင် စ္ျာပနပြုကြရာ၊ ယေရုရှလင်မြို့မှစသောယုဒတစ်မျိုးလုံးသည်၊ ယောရှိမင်းအတွက် ငိုကြွေးမြည်တမ်းမှုကိုပြုကြကုန်၏။ 25 ယောရှိမင်းအတွက်ယေရမိဖွဲ့ဆိုသောငိုချင်းကိုရည်၍လည်း၊ ဣသရေလလူမျိုးတို့ ထုံးဖွဲ့ချက်အလျောက်၊ ယနေ့တိုင်အောင်အငြိမ့်သည်အငြိမ့်သားတို့သီဆိုကြသည့်ပြင်၊ ငိုချင်းလင်္ကာတွင်ပါဝင်သတည်း။ 26-27 ယောရှိမင်းအစအဆုံးပြုမူကျင့်ကြံသော အကြွင်းအကျန်နှင့်၊ ထာဝရဘုရား၏ ပညတ္တိကျမ်းအရ ကောင်းမှုပါ၊ ဣသရေလ၊ ယုဒရာဇဝင်တွင်ရေးထားလျက်ရှိ၏။