18
ယောရှဖတ်မင်းသည်၊ ဂုဏ်အသရေစည်းစိမ်ချမ်းသာများပြား၍၊ အာဟပ်မင်းနှင့်အမျိုး ဆက်လျက်၊ နှစ်အတော်ကြာသော်၊ ရှာမရိမြို့ရှိ အာဟပ်မင်းထံလာခိုက်၊ ဣသရေလဘုရင်အာဟပ်မင်းသည်၊ ယောရှဖတ်မင်းနှင့် လိုက်ပါသူတို့အဖို့၊ သိုးနွားများစွာကိုစီရင်ပြီးမှ၊ ဂိလဒ်နယ်၊ ရာမုတ်မြို့ကိုကူညီတိုက်ခိုက်ရန်နှိုးဆော်သည်မှာ၊ အကြည်တော်သည်၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့၊ ကျွန်ုပ်နှင့်အတူစစ်ချီမည်လောဟု၊ ယုဒဘုရင်ယောရှဖတ်မင်းအားမေးရာ၊ ကျွန်ုပ်သည်အကြည်တော်ကဲ့သို့လည်းေကာင်း၊ ဗိုလ် ထုလည်းအကြည်တော့်ဗိုလ်ထုကဲ့သို့လည်းေကာင်း၊ ဖြစ်ပါ၍၊ စစ်ကူပါမည်ဟု ပြန်ဆိုလေ၏။ ယောရှဖတ်မင်းကလည်း၊ ထာဝရဘုရား၏ဗျာဒိတ်တော်ကိုဦးစွာမေးလျှောက်ပါလော့ဟု၊ ဣသရေလဘုရင်အားဆိုသည့်အတိုင်း၊ ဣသရေလဘုရင်သည်၊ ပရောဖက်လေးရာတို့ကိုစုရုံးစေပြီးလျှင်၊ ငါတို့သည်၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့စစ်ချီသင့်သလော၊ မချီသင့်လောဟုမေးရာ၊ ချီတော်မူပါ။ ဘုရင်မင်းလက်တော်သို့ ဘုရားသခင်အပ်နှင်းတော်မူလိမ့်မည်ဟု တင်လျှောက်ကြ၏။ ကျွန်ုပ်တို့မေးမြန်းရန်၊ ထာဝရဘုရား၏ပရောဖက်ရှိပါသေးသလောဟု၊ ယောရှဖတ်မင်းမေးပြန်သော်၊ ဣသရေလဘုရင်က၊ ထာဝရဘုရားထံမေးလျှောက်ရန်၊ ဣမလသားမိက္ခာတစ်ပါးရှိသေး၏။ ထိုသူ့ကိုကား မနှစ်သက်။ ကျွန်ုပ်၌မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကား ကိုသာအစဉ်ဟောတတ်သည်ဟု၊ ယောရှဖတ်မင်းအားဆိုလျှင်၊ အကြည်တော်၊ ထိုသို့မထင်ပါလင့်ဟု၊ ယောရှဖတ်မင်းပြန်ဆိုသည်နှင့်၊ ဣသရေလဘုရင်သည် အမတ်တစ်ယောက်ကိုခေါ်၍၊ ဣမလသားမိက္ခာကို အမြန်ခေါ်သွင်းလော့ဟုမိန့်ဆိုလေ၏။ ထိုအခါ၊ ယုဒဘုရင်ယောရှဖတ်မင်းနှင့်၊ ဣသရေလဘုရင်တို့သည်၊ ရှမာရိမြို့တံခါးရှေ့ တလင်းပြင်၌၊ ကိုယ်စီရာဇပလ္လင်ထက်၊ မင်းမြောက်တန်ဆာဆင်ယင်စံနေကြစဉ်၊ ရှေ့တော်တွင် ပရောဖက်အပေါင်းတို့ ဟောပြောကြရာ၊ 10 ခေနာနာ့သားဇေဒကိသည်၊ လုပ်ခဲ့သောသံဦးချိုတစ်စုံကိုယူဆောင်လျက်၊ ရှုရိတပ်မပျက်မချင်း၊ ဤဦးချိုဖြင့်ခတ်ဝှေ့တော်မူရမည်ဟူ၍၊ ထာဝရဘုရားဗျာဒိတ်တော်ရှိသည်ဟုဆိုသည့်ပြင်၊ 11 ပရောဖက်အပေါင်းတို့ကလည်း၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့စစ်ချီ၍၊ အောင်မြင်တော်မူပါစေသော။ ဘုရင်မင်းလက်တော်သို့ထာဝရဘုရား အပ်နှင်းတော်မူပါလိမ့်မည်ဟု ဟောပြောကြကုန်၏။ 12 မိက္ခာကိုခေါ်သောသူက၊ ပရောဖက်အပေါင်းတို့သည်၊ မင်္ဂလာစကားကိုသာဘုရင်မင်းအား၊ တစ်ခွန်းတစ်သံတည်းဟောကြပါပြီ။ ကိုယ်တော်လည်း၊ သူတို့နည်းတူ၊ မင်္ဂလာစကားကိုသာဟောတော်မူပါဟုတိုက်တွန်းလျှင်၊ 13 ထာဝရဘုရားအသက်ရှင်တော်မူသည့်အတိုင်း၊ ငါ့ဘုရားသခင်၏ဗျာဒိတ်တော်ချက်ကိုသာ ဆင့်ဆိုပါမည်ဟု၊ မိက္ခာပြန်ပြောလေ၏။ 14 ရှေ့တော်သို့ရောက်သောအခါ၊ ဘုရင်မင်းက၊ အချင်းမိက္ခာ၊ ငါတို့သည်၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့စစ်ချီသင့်သလော၊ မချီသင့်သလောဟုမေးလျှင်၊ စစ်ချီ၍ အောင်မြင်တော်မူကြပါစေသော။ ဘုရင်မင်းတို့လက်သို့အပ်နှင်းခြင်းခံရလိမ့်မည်ဟု မိက္ခာပြန်ဆိုသော်၊ 15 ဘုရင်မင်းက၊ ထာဝရဘုရား၏နာမတော်ကိုထောက်၍၊ ဟုတ်မှန်ရာမှတစ်ပါး၊ မည်သည်ကိုမျှ မဟောစေရန်၊ ဘယ်နှစ်ကြိမ်သစ္စာဆိုစေရမည်နည်းဟုမိန့်ဆိုသည့်ကာလ၊ 16 ဣသရေလတစ်မျိုးလုံးသည်၊ အထိန်းမဲ့သိုးအုပ်ကဲ့သို့၊ တောင်ရိုးပေါ်တွင်ကွဲလွင့်လျက်နေကြသည်ကို၊ အကျွန်ုပ်မြော်မြင်ရလေစွ။ အရှင်မရှိသောဤသူအသီးအသီးတို့၊ ကိုယ့်နေရာရင်းသို့ဘေးမဲ့ပြန်ကြပါလေစေဟူ၍၊ ထာဝရဘုရားမိန့်တော်မူသည်ဟုဆင့်ဆိုလေ၏။ 17 ထိုအခါ၊ ဣသရေလဘုရင်က၊ ဤသူသည်အကျွန်ုပ်၌မင်္ဂလာစကားကိုမဟော၊ အမင်္ဂလာစကားကိုသာဟောတတ်သည်ဟူ၍၊ ကျွန်ုပ်ပြောခဲ့ပြီမဟုတ်လောဟု၊ ယောရှဖတ်မင်းအားဆိုလျှင်၊ မိက္ခာဖော်ပြသည်မှာ၊ 18 ထာဝရဘုရား၏ဗျာဒိတ်တော်ကိုနာခံကြပါဦး။ ထာဝရဘုရားသည် ပလ္လင်တော်ထက်စံတော်မူလျက်၊ ဝဲယာတော်နှစ်ဘက်၌ ကောင်းကင်ဗိုလ်ခြေအပေါင်းတို့ခစားနေ ကြသည်ကိုအကျွန်ုပ်မြင်ရပါပြီ။ 19 ထာဝရဘုရားကလည်း၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့စစ်ချီ၍ကျဆုံးစေရန်၊ ဣသရေလဘုရင်အာဟပ်ကိုမည်သူသွေးဆောင်မည်နည်းဟုမေးတော်မူလျှင်၊ ထိုထိုဤဤ တစ်ပါးတစ်မျိုးစီလျှောက်ပြီးနောက်၊ 20 ထာဝရဘုရားမျက်မှောက်တော်၌ ဝိညာဉ်တစ်ပါးထွက်ရပ်လျက်၊ အကျွန်ုပ်သွေးဆောင်ပါမည်ဟုလျှောက်သော်၊ 21 အသို့နည်းဟု၊ ထာဝရဘုရားမေးတော်မူရာ၊ ထိုမင်း၏ပရောဖက်အပေါင်းတို့နှုတ်တွင်၊ လှည့်ပတ်သောနတ်အဖြစ်၊ အကျွန်ုပ်သွားရောက်စောင့်တည်ပါမည်ဟုပြန်လျှောက်သည်နှင့်အညီ၊ သွား၍ထိုသို့ပြုလော့။ သွေးဆောင်နိုင်လိမ့်မည်ဟုမိန့်တော်မူ၏။ 22 သို့ဖြစ်၍ထာဝရဘုရားသည်၊ ထိုပရောဖက်တို့နှုတ်တွင်လှည့်ပတ်သော နတ်ပူးကပ်စေတော်မူသည့်အတိုင်း၊ ဘုရင်မင်းအပေါ်၌လည်း၊ အမင်္ဂလာဗျာဒိတ်ကိုပေးတော်မူ ခဲ့ပြီဟုဖော်ပြလေ၏။ 23 ထိုနောက်ခေနာနာ့သားဇေဒကိသည်ချဉ်းလာ၍၊ မိက္ခာ၏ပါးကိုပုတ်လျက်၊ ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ငါ့ထံမှထွက်ခွာ၍သင့်ကိုထောက်ခံရန်၊ မည်သို့ရောက် လာသနည်းဟုမေးလျှင်၊ 24 ပုန်းရှောင်ခြင်းငှာ အတွင်းခန်းသို့ဝင်သောနေ့၌ပင်၊ သိရလိမ့်မည်ဟု၊ မိက္ခာပြန်ဆို၏။ 25 ဣသရေလဘုရင်ကလည်း၊ မိက္ခာကိုမြို့ဝန်အာမုတ်နှင့်သားတော်ယောရှတို့ထံယူသွား၍၊ 26 ချမ်းသာစွာ ငါမပြန်မီတိုင်အောင်၊ နှောင်အိမ်၌သွင်းလျက်၊ ဆင်းရဲစွာစားသောက်စေ၊ ဟူသောအမိန့်တော်ကိုဆင့်ဆိုကြလော့ဟုမိန့်မှာလျှင်၊ 27 မိက္ခာက၊ အကယ်၍ ဘုရင်မင်းချမ်းသာစွာပြန်လာရလျှင်၊ ထာဝရဘုရားသည် အကျွန်ုပ်အားဖြင့်ဗျာဒိတ်ပေးတော်မူသည်မဟုတ်ဟူ၍လည်းေကာင်း၊ အိုလူမျိုးအပေါင်းတို့၊ နာခံကြလော့ဟူ၍လည်းေကာင်း၊ ဆိုလေ၏။
28 ထိုနောက်၊ ဣသရေလဘုရင်နှင့် ယုဒဘုရင်ယောရှဖတ်မင်းတို့သည်၊ ဂိလဒ်နယ်၊ ရာမုတ်မြို့သို့စစ်ချီကြရာ၊ 29 ဣသရေလဘုရင်က၊ ကျွန်ုပ်သည်မင်းမြောက်တန်ဆာမဆင်ဘဲ စစ်ပွဲသို့ဝင်မည်။ အကြည်တော်မူကား၊ မင်းမြောက်တန်ဆာကိုဆင်ယင်ပါလော့ဟု၊ ယောရှဖတ်မင်းအားဆိုပြီးမှ၊ ဣသရေလဘုရင်သည်၊ မင်းမြောက်တန်ဆာမဆင်ဘဲ စစ်ပွဲသို့ဝင်ကြသတည်း။ 30 ရှုရိဘုရင်က၊ အခြားသူ၊ အယုတ်အမြတ်အလတ်တို့ကိုမတိုက်ဘဲ၊ ဣသရေလဘုရင်ကိုသာတိုက်ကြလော့ဟု၊ ရထားတပ်ဗိုလ်မှူးတို့အားမိန့်မှာနှင့်သည့်အတိုင်း၊ 31 ရထားတပ်ဗိုလ်မှူးတို့သည်၊ ယောရှဖတ်မင်းကိုမြင်ကြသောအခါ၊ ဤသူကားဣသရေလ ဘုရင်တည်းဟုအောက်မေ့လျက်၊ တိုက်ရန်ဝိုင်းဆီးကြရာ၊ ယောရှဖတ်မင်းဟစ် ခေါ်သံပြုလျှင်၊ ထာဝရဘုရားသခင်မစ၍ ရန်သူတို့ကိုဆုတ်ခွာစေတော်မူ၏။ 32 ဣသရေလဘုရင်မဟုတ်ကြောင်း ရထားတပ်မှူးတို့သိသော်၊ လွှဲရှောင်ကြလေ၏။ 33 သူရဲတစ်ယောက်ယမ်းဆပစ်ခတ်သောမြှားသည်၊ ဣသရေလဘုရင်ကို၊ သံချပ်ရင်အုပ်အမြိတ်ကြားတွင်မှန်သော်၊ ငါ့ကိုထိပြီ။ စစ်ပွဲကလှည့်မောင်းလော့ဟု၊ ရထားတော်ထိန်းအားမိန့်ဆိုပြီးနောက်၊ 34 တစ်နေ့လုံးတိုးတက်တိုက်ခိုက်ကြ၏။ ဣသရေလဘုရင်သည်၊ ရထားတော်ကိုတံကဲပြု လျက်၊ ညနေစောင်းတိုင်တိုင် ရှုရိတပ်ဘက်သို့မျက်နှာမူ၍နေပြီးလျှင်၊ နေဝင်ချိန်ခန့်တွင်ကွယ်လွန်လေ၏။