17
1 ခမည်းတော်အရိုက်အရာ၌နန်းစံသော ယောရှဖတ်မင်းသည်၊ ဣသရေလနိုင်ငံကိုခုခံရန်၊ ကိုယ့်နိုင်ငံခိုင်ခန့်စေလျက်၊
2 ယုဒပြည်လုံးရှိ ခံတပ်မြို့များတွင်၊ ဗိုလ်ထုများကိုလည်းေကာင်း၊ ယုဒပြည်မှစ၍၊ ခမည်းတော်အာသမင်းသိမ်းစုပါ ဧဖရိမ်နယ်ရှိမြို့ရွာတိုင်းတွင်၊ ကင်းတပ်များကိုလည်းေကာင်း၊ ထားလေ၏။
3-4 ယောရှဖတ်မင်းသည် ဗာလနတ်များကိုမရှာမဖွေ၊ ခမည်းတော်ဘုရားကိုသာရှာဖွေလျက်၊ ဣသရေလနိုင်ငံသားတို့အလေ့အကျင့်သို့မလိုက်၊ ပညတ်တော်များနှင့် ဘင်တော်ဒါဝိဒ်မင်း၏ပဌမနည်းလမ်းအတိုင်းလိုက်လျှောက်သောကြောင့်၊
5 ထိုမင်းနှင့်အတူ ထာဝရဘုရားရှိ၍၊ အာဏာတည်စေတော်မူ၏။ ယုဒတစ်မျိုးလုံးလက်ဆောင်ပဏ္ဏာဆက်သွင်းသဖြင့်၊ စည်းစိမ်ချမ်းသာဂုဏ်အသရေများပြားလေ၏။
6 ထာဝရဘုရား၏နည်းလမ်းတော်များကိုစိတ်အားထက်သန်လျက်၊ ယုဒပြည်ရှိမြင့်ရာဌာနနှင့် တံခွန်တိုင်များကိုပယ်ရှား၏။
7-8 နန်းစံသုံးနှစ်တွင်၊ မှူးတော်မတ်တော်ဖြစ်သောဗင်ဟဲလ၊ ဩဗဒိ၊ ဇာခရိ၊ နာသနေလ၊ မိက္ခာတို့ကိုလည်းေကာင်း၊ လေဝိဂိုဏ်းသားရှေမာယ၊ နာသနိ၊ ဇေဗဒိ၊ အာသဟေလ၊ ရှေမိရာမုတ်၊ ယောနသန်၊ အဒေါနိယ၊ တောဘိယ၊ တောဘဒေါနိယတို့ကိုလည်းေကာင်း၊ ပရောဟိတ်ဧလိရှမာနှင့် ယဟောရံတို့ကိုလည်းေကာင်း၊ ယုဒမြို့ရွာများတွင်ဩဝါဒပေးစေရန်လွှတ်လိုက်သည်နှင့်အညီ၊
9 ယုဒပြည်လုံးနှံ့ဒေသစာရီလှည့်လည်လျက်၊ ပါရှိသောထာဝရဘုရား၏ ပညတ္တိကျမ်းအရ၊ မြို့သူမြို့သားတို့ကို ဩဝါဒပေးကြလေ၏။
10 ယုဒပြည်ပတ်ဝန်းကျင်ရှိသမျှ တိုင်းနိုင်ငံသားတို့အပေါ်သို့၊ ထာဝရဘုရားထံမှဖြစ်ပွားသော ထိတ်လန့်ခြင်းသက်ရောက်သည်ဖြစ်၍၊ ယောရှဖတ်မင်းကိုစစ်မတိုက်ဝံ့ကြချေ။
11 ဖိလိတ္တိလူမျိုးအချို့တို့သည် ယောရှဖတ်မင်းထံငွေခွန်တော်၊ ပဏ္ဏာတော်များကိုဆက်သွင်း၍၊ အာရပ်လူမျိုးတို့လည်း၊ သိုးထီးခုနစ်ထောင့်ခုနစ်ရာ၊ ဆိတ်ထီးခုနစ်ထောင့် ခုနစ်ရာများကိုဆက်သကြ၏။
12 ယောရှဖတ်မင်းသည် ခွန်အားဗလကြီးပွားလျက်၊ ယုဒပြည်တွင် ခံတပ်နှင့်ရိက္ခာတော် သိုထားရာမြို့များကိုတည်ဆောက်သည့်ပြင်၊
13 ယုဒမြို့ရွာ၌တည်ဆောက်မှုများပြား၍၊ ယေရုရှလင်မြို့တွင် စစ်ခေါင်းမာသောသူရဲများကိုထား၏။
14 အိမ်ထောင်များအလိုက်စာရင်းဝင်သော ယုဒအနွယ်၊ ထောင်တပ်မှူးတို့မှာ၊ ဗိုလ်မှူးအာဒနနှင့် စစ်ခေါင်းမာသူသုံးသိန်း၊
15 ဒုတိယဗိုလ်မှူး ယောဟနန်နှင့် နှစ်သိန်းရှစ်သောင်း၊
16 တတိယ၊ ထာဝရဘုရားထံကိုယ်စိတ်နှစ်ပါးကိုလှူသော၊ ဇိခရိသားအာမသိနှင့် စစ်ခေါင်းမာ သူနှစ်သိန်း၊
17 ဗင်္ယာမိန့်အနွယ်၊ စစ်ခေါင်းမာသူဧလျာဒနှင့်၊ လေး၊ ဒိုင်းလွှားကိုင်နှစ်သိန်း၊
18 ဒုတိယ၊ ယောဇဗဒ်နှင့်၊ လက်နက်ကိုင်သူရဲတစ်သိန်းရှစ်သောင်းတို့တည်း။
19 ယုဒပြည်လုံးနှံ့ခံတပ်မြို့များတွင် ဘုရင်မင်းထားသော သူရဲများမှတစ်ပါး၊ အမှုတော်ကိုထမ်းဆောင်သူတို့ကား၊ ထိုသူတို့ပင်တည်း။