19
ယုဒဘုရင်ယောရှဖတ်မင်းမူကား၊ ဘေးကင်းလျက်၊ ယေရုရှလင်မြို့နန်းတော်သို့ပြန်လာရာ၊ ဟာနန့်သားအမြော်အမြင်ဆရာယေဟုသည်၊ ခရီးဦးကြိုဆိုလျက်၊ ယောရှဖတ်မင်းအားလျှောက်ဆိုသည်မှာ၊ ဘုရင်မင်းသည်လူဆိုးကိုထောက်မအပ်သလော။ ထာဝရ ဘုရားအား မုန်းထားသူတို့ကို ချစ်အပ်သလော။ ဤအမှုကြောင့်ထာဝရဘုရားအမျက်တော်သည်၊ ဘုရင်မင်းအပေါ်သို့ သင့်ရောက်လေပြီ။ သို့ရာတွင်၊ တစ်ပြည်လုံး၌တံခွန်တိုင်များကိုပယ်ရှား၍၊ ဘုရားသခင်ကို ရှာဖွေရန် စိတ်စွဲလမ်းသည်မှာ၊ ဘုရင်မင်း၌ ကောင်းသောအကျင့်ရှိသေးသည်ဟု လျှောက်ဆို၏။ ယောရှဖတ်မင်းသည်၊ ယေရုရှလင်မြို့၌စံနေသည့်ကာလ၊ ဗေရရှေဘမြို့မှစ၍ဧဖရိမ်ခင်တန်းတိုင်အောင့်လှည့်လည်လျက်၊ ပြည်သူပြည်သားတို့ကို၊ ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရား ဘက်တော်သို့ပြန်ဝင်စေ၏။ ယုဒနိုင်ငံတွင် ခံတပ်မြို့အသီးအသီး၌ တရားသူကြီးတို့ကိုခန့်ထား၍ မိန့်ဆိုသည်မှာ၊ သင်တို့စီရင်မှုကိုသတိထားကြလော့။ လူ့ကိုယ်စားမဟုတ်။ စီရင်ရာပါရှိတော်မူသော ထာဝရဘုရား၏ ကိုယ်စားစီရင်ရကြသောကြောင့်၊ ထာဝရဘုရားကိုကြောက်ရွံ့သောစိတ်ရှိလျက် သတိနှင့်စီရင်ကြလော့။ ငါတို့ဘုရားသခင်ထာဝရဘုရားသည်၊ မျက်နှာကြီးငယ်မထောက်၊ တံစိုးကိုမစား။ မတရားစီရင် တော်မူသည်မဟုတ်ဟုမိန့်ဆို၏။ ယေရုရှလင်မြို့သို့ပြန်လာသောအခါ၊ ယောရှဖတ်မင်းသည်၊ သာသနာမှုနှင့် လောကမှုများကိုစီရင်ကြစေရန်၊ ပရောဟိတ်၊ လေဝိဂိုဏ်းသား၊ ဣသရေလအိမ်ထောင် အအုပ်အချုပ်တို့ကိုရွေးချယ်ခန့်ထား၍မိန့်ဆိုသည်မှာ၊ ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ သစ္စာစောင့်လျက်၊ စုံလင်သောစိတ်နှလုံးနှင့်၊ စီရင်ကြ လော့။ 10 မြို့ရွာတစ်လျှောက်နေထိုင်သောအမျိုးသားချင်းတို့သည်၊ သွေးသွန်းမှု၊ ပညတ်တော်နှင့်တရားတော်လွန်ကျူးမှု၊ ထုံးဖွဲ့ဆုံးဖြတ်ချက်လွန်ကျူးမှုတစ်စုံတစ်ရာအတွက်၊ သင်တို့ရှေ့ အယူခံသောအခါ၊ သင်တို့နှင့်အယူခံသူအမျိုးသားချင်းတို့အပေါ်သို့အမျက်တော်သင့်မည်ကိုစိုးရိမ်လျက်၊ ထာဝရဘုရားမျက်မှောက်တော်တွင်ပြစ်ဒဏ်ခံထိုက်ရာမရောက်ကြစေရန်၊ သတိပေးလော့။ ထိုသို့ပြုလျှင်၊ သင်တို့သည် ပြစ်ဒဏ်ခံထိုက်ကြမည်မဟုတ်။ 11 သာသနာမှု၌၊ ပရောဟိတ်အာမရိသည် သင်တို့အပေါ်တွင်ဥက္ကဋ္ဌဖြစ်ရမည်။ မင်းမှု၌၊ ယုဒအနွယ်ကိုအုပ်ချုပ်သူ၊ ဣရှမေလသားဇေဗဒိသည် ဥက္ကဋ္ဌဖြစ်ရမည်။ လေဝိ ဂိုဏ်းသားတို့မူကား၊ တရားစာရေးကြီးဖြစ်ကြရမည်။ အားယူကြလော့။ ထာဝရဘုရားသည် ကောင်းသောသူတို့ဘက်၌ တည်ရှိတော်မူပါစေသောဟုမိန့်မြွက်လေ၏။