ဆာလံ။ 9
ထာဝရဘုရား၏ကျေးဇူးတော်ကို၊ စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းလျက်၊ အံ့ဖွယ်ရာအမှုတော်ရှိသမျှကိုေဖာ်ပြပါမည်။ မြင့်မြတ်သောအရှင်၊ ကိုယ်တော်၌ အားရရွှင်လန်းလျက်၊ နာမတော်ဂုဏ်တော်ကိုကျူးဧပါမည်။ အကျွန်ုပ်ရန်သူတို့သည်၊ ရှေ့တော်၌ ပြန်ဆုတ်ပြိုလဲပျက်စီးရကြပါ၏။ တရားပလ္လင်သို့တက်လျက်၊ ဖြောင့်မှန်စွာဆုံးဖြတ်တော်မူသောကိုယ်တော်သည်၊ အကျွန်ုပ်အမှုကိုစီရင်ဆုံးဖြတ်တော်မူပါ၏။ လူမျိုးခြားတို့ကိုဆုံးမ၍၊ လူဆိုးတို့ကိုဖျက်ဆီးပြီးလျှင်၊ အမည်ပါကာလ အစဉ်အဆက် ချေဖျောက်တော်မူပါပြီ။ ရန်သူတို့သည်ကုန်ဆုံးလျက်၊ အစဉ်ဆိတ်ညံရာရောက်ကြပြီ။ နုတ်ပယ်တော်မူသောမြို့များလည်းအမှတ်မျှမရှိပါ။ ထာဝရဘုရားမူကား၊ ကာလအစဉ်စံနေ၍၊ တရားပလ္လင်တော်ကိုပြင်ဆင်တော်မူသည့်အလျောက်၊ တစ်လောကလုံးကိုဖြောင့်မတ်စွာဆုံးဖြတ်လျက်၊ လူအမျိုးမျိုးတို့ကိုမျှတစွာစီရင်တော်မူလိမ့်မည်။ ဒုက္ခရောက်သောကာလတွင်လည်း၊ နှိပ်စက်ခံရသူတို့အဖို့၊ ထာဝရဘုရားသည် ရဲတိုက်သဖွယ်ဖြစ်တော်မူလိမ့်မည်။ 10 အိုထာဝရဘုရား၊ ကိုယ်တော်အားရှာဖွေသူတို့ကိုစွန့်ထားတော်မမူသောကြောင့်၊ နာမတော်အကျွမ်းဝင်သူတို့သည်၊ ကိုယ်တော်၌ ကိုးစားကြလိမ့်မည်။ 11-12 လူသတ်မှုကိုစစ်ဆေးတော်မူသောအရှင်သည်၊ ဆင်းရဲသားတို့အော်ဟစ်သံကိုသတိမလစ်ဘဲ၊ မှတ်သားတော်မူသောကြောင့်၊ ဇိအုန်မြို့၌စံနေတော်မူသောထာဝရဘုရားထံကျူးဧလျက်၊ အမှုတော်များကို၊ လူမျိုးတို့ဘောင်တွင်ဖော်ပြကြလော့။ 13 သေခြင်းတံခါးများမှ၊ အကျွန်ုပ်ကိုချီကြွတော်မူသောအိုထာဝရဘုရား၊ သနားတော်မူ၍၊ မုန်းထားသူတို့ကြောင့်ခံရသော ဒုက္ခကိုရှုမြင်တော်မူပါ။ 14 သို့မှဂုဏ်တော်အပေါင်းကို အကျွန်ုပ်ေဖာ်ပြပါမည်။ သတို့သမီးဇိအုန်မြို့တံခါးများ၌၊ ကယ်တင်တော်မူခြင်းကိုအကြောင်းပြု၍ ရွှင်လန်းပါမည်။ 15 လူမျိုးခြားတို့သည်၊ တူးလုပ်သောတွင်း၌နစ်မြုပ်လျက်၊ ဝှက်ထားသောပိုက်တွင်ခြေမိလျက်ရှိနေပါပြီ။ 16 ထာဝရဘုရားသည် တရားသဖြင့်ဆုံးဖြတ်လျက်၊ လူဆိုးကို ကိုယ့်လက်ဖြစ်ကျော့ကွင်း၌မိစေလျက် ထင်ရှားတော်မူပါပြီ။ 17 ဘုရားသခင်ကိုမေ့လျော့သူလူမျိုးခြားရှိသမျှတည်းဟူသောလူဆိုးတို့သည်၊ မရဏာ့နိုင်ငံသို့ပြန်ရကြမည်။ 18 နွမ်းပါးသောသူတို့ကို၊ အစဉ်မေ့လျော့၍နေတော်မူမည်မဟုတ်။ သူဆင်းရဲတို့၏စောင့်မေျှာ်ခြင်းလည်း၊ အစဉ်ပျက်ရမည်မဟုတ်။ 19 အိုထာဝရဘုရား၊ နိုးထ၍ လူကိုအနိုင်ပေးတော်မမူပါနှင့်။ လူမျိုးခြားတို့ကို၊ ရှေ့တော်၌တရားဆုံးဖြတ်တော်မူပါ။ 20 အိုထာဝရဘုရား၊ လူမျိုးခြားတို့၌ ကြောက်မက်ဖွယ်စီမံ၍၊ လူမျှသာဖြစ်ကြောင်းသိကြပါစေသော။