ဆာလံ။ 10
အိုထာဝရဘုရား၊ ဒုက္ခရောက်သောကာလတွင်၊ အဘယ့်ကြောင့်ပုန်းကွယ်လျက်ဝေးကွာစွာနေတော်မူပါသနည်း။ လူဆိုးတို့သည်၊ မာနထောင်လွှားလျက် ဆင်းရဲသားတို့ကိုလိုက်လံသဖြင့်၊ ကိုယ်ကြံစည်သောပရိယာယ်များ၌မိကြပါစေသော၊ လူဆိုးသည်၊ ကိုယ့်လိုရင်းဆန္ဒအကြောင်းဝါကြွားလျက်၊ လောဘကြီးသောစိတ်နှင့်ထာဝရဘုရားကိုပုတ်ခတ်၍၊ မထီလေးစားပြုတတ်ပါ၏။ မျက်နှာမော်မောက်လျက်၊ စစ်ဆေးတော်မမူဟူ၍လည်းေကာင်း၊ ဘုရားမရှိဟူ၍လည်းေကာင်း၊ အခါခပ်သိမ်းအောက်မေ့တတ်ပါ၏။ မမြင်သာအောင်စီရင်ဆုံးဖြတ်တော်မူချက်မြင့်လှရာတွင်၊ အခါခပ်သိမ်းအကြံမြောက်သဖြင့်၊ ရန်ဘက်ရှိသမျှတို့အား မထီမဲ့မြင်ပြုတတ်၏။ ငါရွေ့ရမည်မဟုတ်။ သားစဉ်မြေးဆက်မဆင်းရဲရဟု၊ စိတ်တွင်အောက်မေ့ရာ၊ နှုတ်သည် ကျိန်ဆဲခြင်း၊ လှည့်စားခြင်း၊ နှိပ်စက်ခြင်းနှင့်ပြည့်လျက်၊ လျှာအောက်၌အကျိုးဖျက်ဆီးခြင်းနှင့် မကောင်းပြုကျင့်ခြင်းတည်ပါ၏။ ကျေးရွာများတွင်ခိုအောင်းလျက်၊ ပုန်းကွယ်ရာများတွင်၊ အပြစ်ကင်းသူ့ကိုသတ်ဖြတ်လျက်၊ ခိုကိုးရာမဲ့သူ့ကို ချောင်းကြည့်လျက်နေပါ၏။ ပိတ်ပေါင်းတွင်ခြင်္သေ့အောင်းနေသကဲ့သို့၊ ပုန်းကွယ်ရာ၌ခိုအောင်း၍၊ ဆင်းရဲသားကိုဖမ်းဆီးရန်ချောင်းမြောင်းနေပါ၏။ ကိုယ့်ပိုက်ဖြင့် ဖမ်းမိဆွဲယူလေစွတကား။ 10 ဝပ်လျက်ငုံ့လျက်နေစဉ်၊ ခွန်အားကြီးသောမောင်းဖြင့်၊ ခိုကိုးရာမဲ့ဖြစ်သူတို့ကျဆုံးရကြပါ၏။ 11 ဘုရားသခင်မေ့လျော့နေတော်မူပြီ။ မျက်နှာတော်လွှဲထားတော်မူ၏။ မည်သည့်အခါမျှရှုမြင်တော်မူမည်မဟုတ်ဟု၊ စိတ်တွင်အောက်မေ့တတ်ပါ၏။
12 အိုထာဝရဘုရား၊ ထတော်မူပါ။ အိုဘုရားသခင်၊ လက်ရုံးတော်ကိုချီတော်မူပါ။ ဆင်းရဲသားတို့ကိုမေ့တော်မမူပါနှင့်။ 13 လူဆိုးကား၊ ဘုရားသခင်ကိုမထီလေးစားပြုလျက်၊ စစ်ဆေးတော်မမူဟုအဘယ်ကြောင့်စိတ်တွင်အောက်မေ့ရသနည်း။ 14 ကိုယ်တော်မြင်တော်မူပါ၏။ အကျိုးဖျက်ဆီးခြင်းနှင့်အငြိုးထားခြင်းများကို၊ လက်စားချေရန် ရှုကြည့်တော်မူပါ၏။ ခိုကိုးရာမဲ့သူသည်၊ ကိုယ်တော့်ထံကိုယ်ကိုလွှဲအပ်ပါ၏။ ဖသက်ဆိုးကိုလည်း၊ ကိုယ်တော်မစတော်မူပါ၏။ 15 လူဆိုး၏လက်ရုံးကိုချိုး၍၊ လူသွမ်း၏ဆိုးသွမ်းခြင်းကို၊ မကုန်မချင်းစစ်ဆေးတော်မူပါ။ 16 ထာဝရဘုရားသည်၊ ကာလအစဉ်ဘုရင်မင်းမြတ်ဖြစ်တော်မူ၍၊ ပြည်တော်ထဲမှ လူမျိုးခြားတို့ပျောက်ကွယ်ကြပြီ။ 17 အိုထာဝရဘုရား၊ ကိုယ်တော်သည်စိတ်နှိမ့်ချသူတို့အလိုဆန္ဒကိုသိလျက်၊ သူတို့စိတ်နှလုံးကိုပြုပြင်လျက် နားညောင်းတော်မူသည့်အလျောက်၊ 18 ဖသက်ဆိုးနှင့်နှိပ်စက်ခံရသူတို့အမှုကိုဆုံးဖြတ်တော်မူသဖြင့်၊ မြေကြီးသားဖြစ်သောသူသည်၊ ကြောက်မက်ဖွယ်နေတော့မည်မဟုတ်။