ဆာလံ။ 79
အိုဘုရားသခင်၊ လူမျိုးခြားတို့သည်၊ ပိုင်ရာတော်ထဲသို့ဝင်ပြီးလျှင်၊ သန့်ရှင်းသောဗိမာန်တော်ကိုမသန့်စေလျက်၊ ယေရုရှလင်မြို့ကိုဖြိုဖျက်လျက်၊ ကျွန်တော်ရင်းတို့အလောင်းများကို၊ လေသတ္တဝါ၊ ကြည်ညိုသူတို့အသားကို၊ မြေသတ္တဝါတို့အစာဖြစ်စေသည့်ပြင်၊ အသွေးကိုလည်းယေရုရှလင်မြို့ပတ်လည်၌ရေကဲ့သို့သွန်ကြ၍၊ သင်္ဂြိုဟ်မည့်သူမရှိချေ။ အကျွန်ုပ်တို့သည်ပြည်နီးချင်းတို့ကဲ့ရဲ့ရာ၊ ပတ်ဝန်းကျင်ရှိသူတို့ပြက်ရယ်ပြု၍ သရော်ရာဖြစ်ကြပါ၏။ အိုထာဝရဘုရား၊ အမျက်တော်မငြိမ်းဘဲ၊ မည်မျှကြာထားလျက်နေပါမည်နည်း။ ရှုစိတ်တော်မမူခြင်းသည်၊ မီးကဲ့သို့လောင်လျက်နေမည်လော။ 6-7 ယာကုပ်အမျိုးကိုမျိုစားလျက်၊ နေထိုင်ရာပါဖျက်ဆီးကြသည့်အတွက်၊ ကိုယ်တော်ကိုမသိသောလူမျိုးခြားများ၊ နာမတော်အားပဌနာမပြုသောတိုင်းနိုင်ငံများအပေါ် တွင်၊ အမျက်တော်ကိုသွန်းလောင်းတော်မူပါ။ ဘိုးဘေးတို့ဒုစရိုက်များကို အကျွန်ုပ်တို့အပေါ်၌မှတ်တော်မမူဘဲ၊ အလွန်နိမ့်ကျလျက်ရှိသောအကျွန်ုပ်တို့ကို၊ ကရုဏာတော်သည်အလျင်အမြန်ကူမပါစေသော။ အကျွန်ုပ်တို့ကိုကယ်တင်တော်မူသောဘုရားသခင်၊ နာမတော်ဘုန်းအသရေကိုထောက်၍မစတော်မူပါ။ နာမတော်အတွက်ကယ်လွှတ်၍၊ အပြစ်များကိုဖြေရှင်း တော်မူပါ။ 10 သူတို့ဘုရားကား၊ အဘယ်မှာနည်းဟု၊ လူမျိုးခြားတို့သည်အဘယ့်ကြောင့်လှောင်ပြောင်ခွင့်ရကြအံ့နည်း။ သွန်းပြီးသောကျွန်တော်ရင်းတို့အသွေးအတွက်၊ လက်စားချေတော်မူခြင်းကို၊ အကျွန်ုပ်တို့မျက်မှောက်၌လူမျိုးခြားတို့သိကြပါစေသော။ 11 ရှေ့တော်သို့အချုပ်ခံရသူ၏ညည်းတွားသံကြားရောက်စေ၍၊ လက်ရုံးတော်တန်ခိုးကြီးသည်နှင့်အညီ၊ သေဒဏ်ကျသူတို့ကို စောင့်ထိန်းလျက်၊ 12 ကိုယ်တော်အားပြည်နီးချင်းတို့ကဲ့ရဲ့ခြင်းအပြစ်ကို၊ ကိုယ့်ရင်ခွင်ထဲသို့ခုနစ်ဆဆပ်ပေးတော်မူပါ၊ အရှင်ဘုရား။ 13 ထိုသို့သောအားဖြင့်စားကျက်တော်ရှိသိုးစုတည်းဟူသော၊ လူမျိုးတော်ဖြစ်သူအကျွန်ုပ်တို့သည်၊ ကျေးဇူးတော်ကိုအစဉ်ချီးမွမ်း၍၊ ဂုဏ်တော်ကိုလူမျိုးအဆက်ဆက်ဖော်ပြကြပါလိမ့်မည်။