ဆာလံ။ 78
1 ငါ့လူမျိုးတို့၊ ငါ့တရားကိုနာခံ၍၊ နှုတ်မြွက်သောစကားများကိုနားထောင်ကြလော့။
2 ပုံဆောင်သောစကားကို နှုတ်မြွက်လျက်၊ ရှေးကာလကနက်နဲရာများကိုဖော်ပြမည်။
3 ဘိုးဘေးတို့ကြားပြော၍၊ ငါတို့ကြားသိသောအရာများကို၊
4 သားမြေးတို့မှမထိမ်မချန်ဘဲ၊ ထာဝရဘုရား၏ချီးမွမ်းဖွယ်သောတန်ခိုးတော်များ၊ ပြုတော်မူသောအံ့ဖွယ်ရာများကို၊ နောက်လူမျိုးတစ်ဆက်အား ပြန်ကြားကြမည်။
5-6 ကိုယ်တော်သည်၊ ယာကုပ်အမျိုး၌သက်သေခံချက်ကိုပြဋ္ဌာန်း၍၊ ဣသရေလလူမျိုး၌တရားတော်ကိုထားတော်မူသည့်ပြင်၊ သားမြေးတို့အားဘိုးဘေးတို့ပြန်ကြားသဖြင့်၊ သိမြင်သောနောက်လူမျိုးတစ်ဆက်၊ ဖွားမြင်လတ္တံ့သောသားတို့လည်း၊ မြေးမြစ်တို့အားဆင့်ဆိုရကြမည့်အကြောင်း၊ ပညတ်တော်မူသည်မှာ၊ ခဲယဉ်း၍ပုန်ကန်တတ်သောအဆက်၊
7-8 စိတ်နှလုံးမတည်ကြည်ဘဲ၊ ဘုရားသခင့်ရှေ့စိတ်ဝိညာဉ်၌ သစ္စာမရှိသောအဆက်မဟုတ်။ ဘုရားသခင့်အမှုတော်များကိုမမေ့ဘဲ၊ ဘုရားသခင်၌စိတ်ချလျက်၊ ပညတ်တော်များကိုစောင့်ထိန်းသောလူမျိုးဖြစ်စေခြင်းငှာတည်း။
9 လေးလက်နက်ကိုင်ဧဖရိမ့်အမျိုးသားတို့သည်၊ စစ်တိုက်သောနေ့၌ဆုတ်ပြေး၍၊
10 ဘုရားသခင်၏ပဋိညာဉ်တော်ကိုမစောင့်၊ တရားတော်လမ်း၌မလျှောက်ဟုငြင်းဆိုလျက်၊
11 ပြတော်မူသောအမှုတော်များနှင့်၊ အံ့ဖွယ်ရာများကိုမေ့လျော့ကြ၏။
12 အိဂျစ်ပြည်၊ ဇောနလွင်ပြင်တွင်၊ ဘိုးဘေးတို့မျက်မှောက်၌အံ့ဖွယ်ရာများကိုပြုနှင့်တော်မူရာ၊
13 ပင်လယ်ကိုခွဲလျက်၊ ရေများကိုစုပုံ၍ ဖြတ်သွားစေခြင်း၊
14 နေ့အခါ၌တိမ်တိုက်ဖြင့်လည်းေကာင်း၊ ညဉ့်ရှိသမျှမီးအလင်းဖြင့်လည်းေကာင်း၊ လမ်းပြခြင်း၊ သဲကန္တာရ၌ကျောက်တောင်များကိုခွဲ၍၊
15 ပင်လယ်နှင့်အမျှရေများစွာကိုတိုက်ခြင်း၊
16 ကျောက်တောင်ထဲကစမ်းရေထွက်စေ၍၊ မြစ်ရေကဲ့သို့စီးစေခြင်းစီရင်တော်မူ၏။
17 ထိုသူတို့မှာမူ၊ မြင့်မြတ်သောဘုရားကို၊ သဲကန္တာရတွင်ပုန်ကန်ခြင်းအားဖြင့်ပြစ်မှားမြဲပြစ်မှားလျက်၊
18 ကိုယ့်အလိုအလျောက်အစားကိုတောင်း၍၊ စိတ်နှလုံး၌ ဘုရားသခင်ကိုစုံစမ်းကြသည်မှာ၊
19 ဘုရားသခင်သည်သဲကန္တာရ၌၊ စားပွဲပြင်နိုင်သလော။
20 ကျောက်တောင်ကိုရိုက်တော်မူသဖြင့်၊ မြစ်ရေကဲ့သို့ရေထွက်စီးသည်မှန်သော်လည်း၊ လူမျိုးတော်အဖို့ဟင်းလျာကိုစီမံ၍၊ ထမင်းကိုပေးနိုင်သေးသလောဟု၊ ဘုရားသခင်အားတော်လှန်ပြောဆိုကြ၏။
21 သူတို့သည် ဘုရားသခင်၌မယုံကြည်၊ ကယ်တင်တော်မူခြင်းကျေးဇူးကိုမကိုးစားဘဲနေကြသဖြင့်၊
22 ထာဝရဘုရားကြားသိ၍၊ အမျက်ထားတော်မူရာ၊ ယာကုပ်အမျိုးတစ်ဘက်၌ မီးတောက်ငြိလျက်၊ ဣသရေလအမျိုးတစ်ဘက်၌ အမျက်တော်ထွက်၏။
23 သို့ရာတွင်၊ အထက်အာကာသများအားအမိန့်ရှိ၍၊
24 ကောင်းကင်တံခါးများကိုဖွင့်ရာ၊ စားရန်မန္နကိုရွာစေလျက်၊ ကောင်းကင်ဆန်စပါးကိုသနားတော်မူသဖြင့်၊
25 လူတို့သည်တန်ခိုးရှင်တို့ဩဇာကိုသုံးဆောင်၍၊ ဝပြောစွာစားခွင့်ရကြ၏။
26 ကောင်းကင်၌ အရှေ့လေကိုလွှတ်ခြင်း၊ တန်ခိုးတော်ဖြင့် တောင်လေကိုပို့ခြင်းပြု၍၊ မြေမုန့်နှင့်အမျှဟင်းလျာကိုလည်းေကာင်း၊
27 သမုဒ္ဒရာသဲလုံးနှင့်အမျှ၊ ငှက်သတ္တဝါများကိုလည်းေကာင်း၊ ရွာစေလျက်၊ တပ်ချရာအလယ်၊
28 စခန်းချရာပတ်လည်၌ ကျစေသည့်အလျောက်၊
29 သူတို့စားလိုတိုင်းပေးတော်မူသဖြင့်၊ ဝစွာစားရကြ၏။
30 ထိုသို့တပ်မက်သောအစာကိုစားလျက်၊
31 မရောင့်ရဲသေးမီ၊ ဘုရားသခင့်အမျက်တော်သင့်ရောက်သဖြင့်၊ သန်မာသူတို့ကိုကွပ်မျက်၍၊ ဣသရေလအမျိုးလက်ရွေးတို့ကိုလှဲချသော်လည်း၊
32 အံ့ဖွယ်ရာအမှုတော်များကိုမယုံဘဲ၊ ပြစ်မှားလျက်ရှိနေကြသဖြင့်၊
33 သူတို့ရက်တာကိုတစ်ရှူတစ်ရှိုက်၊ နှစ်တာကိုအလန့်တကြားပြတ်စေတော်မူ၏။
34 ကွပ်မျက်တော်မူရာ၊ ကိုယ်တော်ကိုလိုက်ရှာလျက်၊ ဘုရားသခင့်ထံစိတ်ဇောနှင့်ရှာဖွေပြန်လာလျက်၊
35 ဘုရားသခင်သည်၊ ကိုယ့်ကျောက်တောင်၊ မြင့်မြတ်သောဘုရားသခင်သည်၊ ကိုယ်ကိုရွေးနုတ်သောအရှင်ဖြစ်တော်မူကြောင်း၊ သတိရကြပြန်၏၊။
36 သို့ရာတွင်၊ နှုတ်ဖြင့်မြှောက်ပင့်လျက်၊ လျှာဖြင့်မုသာဆိုလျက်၊ ရှေ့တော်၌စိတ်နှလုံးမတည်ကြည်၊
37 ပဋိညာဉ်တော်၌သစ္စာမစောင့်ဘဲနေကြ၏။
38 ကရုဏာတော်နှင့်ပြည့်စုံသောကိုယ်တော်မူကား၊ သူတို့ကိုမဖျက်ဆီးဘဲ၊ ဒုစရိုက်ကိုဖြေလွှတ်လျက်၊ အမျက်တော်အကုန်မနှိုးဆော်ဘဲ၊ ကြိမ်ဖန်များစွာလွှဲလျက်၊
39 အသွေးအသားမျှသာ၊ တိုက်သွား၍ မပြန်ရသောလေမျှသာဖြစ်ကြောင်းကို အမှတ်ရတော်မူရာ၊
40 ကိုယ်တော်ကိုသဲကန္တာရ၌ကြိမ်ဖန်များစွာပုန်ကန်၍၊ သဲတော၌ စိတ်တော်နာဖွယ်ပြုကြ သည်တကား။
41 သူတို့သည်ေဖာက်ပြန်လျက်၊ ဘုရားသခင်ကိုစုံစမ်း၍၊ ဣသရေလလူမျိုး၏သန့်ရှင်းတော်မူသောအရှင့်အမျက်တော်တိုက်လျက်၊
42 လက်ရုံးတော်ကိုလည်းေကာင်း၊ ရန်ဘက်ပြုသူတို့ထံမှရွေးနုတ်တော်မူသောနေ့ရက်ကာလကိုလည်းေကာင်း၊ သတိလစ်ကြသည်မှာ၊
43 အိဂျစ်ပြည်၌လက္ခဏာသက်သေတော်များ၊ ဇောနလွင်ပြင်၌အံ့ဖွယ်တန်ခိုးတော်များကိုစီရင်လျက်၊
44 ရေမသောက်ရစေရန်မြစ်ရေ၊ ချောင်းရေများကို၊ သွေးဖြစ်စေတော်မူခြင်း၊
45 ကိုက်တတ်သောမှက်များနှင့်၊ ဖျက်ဆီးတတ်သောဖားများကိုလွှတ်တော်မူခြင်း၊
46 အသီးအနှံကိုနှံကောင်များသို့လည်းေကာင်း၊ ချွေးနဲစာကိုကျိုင်းကောင်များသို့လည်းေကာင်း၊ အပ်ပေးတော်မူခြင်း၊
47 စပျစ်ပင်များကိုမိုးသီးဖြင့်လည်းေကာင်း၊ ပိုးစာပင်များကိုနှင်းခဲဖြင့်လည်းေကာင်း၊ ဖျက်ဆီးတော်မူခြင်း၊
48 သိုး၊ နွားများကို မိုးသီး၌လည်းေကာင်း၊ တိရစ္ဆာန်များကိုမိုးကြိုးမီး၌လည်းေကာင်း၊ လွှဲအပ်တော်မူခြင်း၊
49 ဒုက္ခဆိုင်ရာစေတမန်တို့ဖြစ်သောအမျက်၊ ဒေါသ၊ သောကနှင့် အမျက်တော်အရှိန်ကိုစေလွှတ်တော်မူခြင်း၊
50 အမျက်တော်လမ်းကိုပြင်ဆင်လျက်၊ သူတို့အသက်မသေစေရန် ညှာတာတော်မမူဘဲ၊ ကပ်ရောဂါသို့အပ်ပြီးလျှင်၊
51 ဟာမအမျိုးတဲများရှိ၊ ခွန်အား၏ကနဦးဖြစ်သူ၊ အိဂျစ်ပြည်ရှိဩရသဟူသမျှကို ဒဏ်ခတ်ခြင်းများပြင်၊
52 လူမျိုးတော်ကိုသိုးများကဲ့သို့ထုတ်ဆောင်၍၊ သဲကန္တာရ၌ သိုးစုကဲ့သို့လမ်းပြတော်မူခြင်း၊
53 ပင်လယ်အလွှမ်းအမိုးကို ရန်သူတို့ခံကြရာ၊ ကြောက်ရွံ့ခြင်းကင်းလျက်၊ ဘေးကင်းစွာပို့ဆောင်တော်မူခြင်း၊
54 ညာလက်ရုံးတော်ဖြင့်အပိုင်ရတော်မူသော ဤတောင်တန်း၊ သန့်ရှင်းရာပြည်တော်အစွန်းသို့လိုက်ပို့တော်မူခြင်း၊
55 လူမျိုးခြားတို့ကိုရှေ့မှနှင်ထုတ်ပြီးလျှင်၊ ဣသရေလအနွယ်များ၏အပိုင်အဖြစ်၊ တာထိုးဝေပေးလျက်၊ တဲများတွင် နေရာချတော်မူခြင်းများတည်း။
56 သို့ဖြစ်ပါလျက်၊ သူတို့သည်ြမင့်မြတ်သောဘုရားသခင်ကို စုံစမ်း၍ ပုန်ကန်ပြီးလျှင်၊ သက်သေခံတော်မူချက်များကို မစောင့်မထိန်း၊
57 ဘိုးဘေးတို့ဘာဝေဖာက်ပြန်လျက်၊ သစ္စာဖျက်လျက်၊ လိမ်ဖယ်သောလေးကဲ့သို့လွဲကြ၍၊ မြင့်ရာဌာနများဖြင့် အမျက်တော်တိုက်လျက်၊
58 ရုပ်ပွားဆင်းတုများဖြင့် ရှုစိတ်တော်မမူခြင်းကိုဖြစ်စေကြ၏။
59 ဘုရားသခင်သည် ကြားသိ၍၊ အမျက်ထားတော်မူရာ၊ ဣသရေလလူမျိုးကိုများစွာရွံရှာသဖြင့်၊
60 လူတို့တွင်ကိန်းဝပ်တော်မူရာ၊ ရှိလောတဲတော်ကိုစွန့်ခွာ၍၊ ခွန်အားတော်ကိုသိမ်းသွားရာသို့လည်းေကာင်း၊
61 ဘုန်းတော်ကိုရန်ဘက်တို့လက်သို့လည်းေကာင်း၊ လွှဲအပ်လျက်၊
62 ပိုင်တော်မူရာကိုအမျက်တော်ထားသဖြင့်၊ လူမျိုးတော်တို့၌ ဓားဘေးသင့်စေတော်မူလျှင်၊
63 လူပျိုတို့မီးကျွမ်းလောင်၍၊ အပျိုတို့သည် မင်္ဂလာဆောင်သီချင်းကြားခွင့်၊
64 ဓားဘေးဖြင့် ပရောဟိတ်တို့ကျဆုံး၍၊ မုဆိုးမတို့သည်မြည်တမ်းမှုပြုခွင့်မရကြ။
65 ထိုအခါ၊ အရှင်ဘုရားသည် အိပ်ပျော်ရာမှနိုးလာသောသူကဲ့သို့လည်းေကာင်း၊ စပျစ်ရည်ကြောင့် ဟစ်အော်သောသူရဲကဲ့သို့လည်းေကာင်း၊ နိုးတော်မူပြီးလျှင်၊
66 ရန်ဘက်တို့ကိုဒဏ်ခတ်တွန်းလှန်သဖြင့်၊ အစဉ်အမြဲအရှက်ကွဲစေတော်မူ၏။
67 ၎င်းပြင်၊ ဧဖရိမ့်အနွယ်ကိုမရွေးဘဲ၊ ယောသပ်၏တဲကိုငြင်းပယ်၍၊
68 ယုဒအနွယ်ကိုလည်းေကာင်း၊ နှစ်သက်တော်မူရာဇိအုန်တောင်ကိုလည်းေကာင်း၊ ရွေးတော်မူလျက်၊
69 သန့်ရှင်းရာဌာနတော်ကိုဘဝဂ်ပမာဏ၊ ကာလအစဉ်တည်သောမြေပထဝီကဲ့သို့တည်ဆောက်တော်မူ၏။
70 ကျွန်တော်ရင်းဒါဝိဒ်ကိုလည်းရွေးကောက်လျက်၊ သိုးခြံများထဲကထုတ်ယူလျက်၊
71 လူမျိုးတော်ဖြစ်သောယာကုပ်၊ ပိုင်တော်မူရာ ဣသရေလလူမျိုးကိုထိန်းကျောင်းစေရန်၊ နို့ငင်သိုးမများကိုလိုက်ပို့ရာမှခေါ်တော်မူခဲ့၏။
72 ထိုမင်းလည်းစုံလင်သောစိတ်အတိုင်း၊ ထိန်းကျောင်း၍၊ ကျွမ်းကျင်သောလက်ဖြင့်လမ်းပြခဲ့သတည်း။