ဆာလံ။ 77
1 ငါသည်၊ ဘုရားသခင့်ထံ၊ အသံလွှင့်လျက်အော်ဟစ်မည်။ ဘုရားသခင့်ထံ၊ အသံလွှင့်သဖြင့်၊ နားညောင်းတော်မူလိမ့်မည်။
2 ဒုက္ခရောက်သည့်ကာလ၊ အရှင်ဘုရားကိုရှာေဖွလျက်၊ ညဉ့်အခါ၌အားမလျော့ဘဲ လက်ဆန့်လျက်နေခိုက်၊ နှစ်သိမ့်ရာကိုငါငြင်းဆို၏။
3 ဘုရားသခင်ကိုသတိရ၍ မြည်တမ်းခြင်း၊ စဉ်းစား၍စိတ်ပျက်ခြင်းရှိရ၏။
4 မျက်ခမ်းကိုမြစ်တားတော်မူသဖြင့်၊ ပြောဆိုခွင့်မရသည့်တိုင်အောင်၊ ငါလူးလှိမ့်ရာ၊
5 ရှေးကာလနေ့ရက်များကိုလည်းေကာင်း၊ ရှေ့မဆွကနှစ်များကိုလည်းေကာင်း၊ ဆင်ခြင်လျက်၊
6 ကိုယ့်ညဉ့်သီချင်းကိုသတိရ၍၊ ကိုယ့်စိတ်နှလုံးနှင့်ဆွေးနွေးလျက်၊ ငါ့ဝိညာဉ်စစ်ဆေးသည်မှာ၊
7 အရှင်ဘုရားသည်၊ ကာလအစဉ်စွန့်ထား၍၊ နောက်နောင်နှစ်သက်တော်မမူဘဲနေမည်လော။
8 ကာလအစဉ်ကရုဏာတော်ကုန်ခန်း၍၊ လူမျိုးအစဉ်အဆက်ကတိတော်ပြတ်စဲပြီလော။
9 ဘုရားသခင်သည်၊ ကျေးဇူးပြုရန်သတိလစ်၍၊ အမျက်တော်ဖြင့်၊ ကရုဏာတော်ကိုရုပ်သိမ်းတော်မူပြီလောဟူ၍တည်း။
10 တစ်ဖန်၊ ငါဝန်ခံသည်ကား၊ အားနည်းသဖြင့်ထိုအတိုင်းစဉ်းစားသော်လည်း၊ မြင့်မြတ်သောဘုရား၏ညာလက်ရုံးတော်စီမံသော နှစ်များအတွင်း၊
11 ထာဝရဘုရား၏အမှုတော်များကိုအောက်မေ့ခြင်း၊ ရှေးကာလပြုဖူးတော်မူသောအံ့ဖွယ်ရာများကိုသတိရခြင်း၊
12 ပြုတော်မူသမျှကိုဆင်ခြင်ခြင်း၊ စီရင်တော်မူသမျှကိုစဉ်းစားခြင်းပြုပါမည်။
13 အိုဘုရားသခင်၊ နည်းလမ်းတော်သည်သန့်ရှင်းရာတရား၌တည်ရှိ၍၊ ဘုရားသခင်ကဲ့သို့မည်သည့်ဘုရားကြီးမြတ်သနည်း။
14 ကိုယ်တော်သည်၊ အံ့ဖွယ်ရာများကိုစီရင်လျက်၊ လူမျိုးတို့တွင်တန်ခိုးတော်ကိုပြတော်မူသောဘုရားဖြစ်တော်မူပါ၏။
15 လူမျိုးတော်တည်းဟူသော ယာကုပ်နှင့်ယောသပ်၏သားမြေးတို့ကို၊ လက်ရုံးတော်ဖြင့်ရွေးနုတ်တော်မူပါပြီဟူ၍တည်း။
16 အိုဘုရားသခင်၊ ရေများသည်ကိုယ်တော်ကိုဖူးမြင်ကြပါပြီ။ ရေများသည်ကိုယ်တော်ကိုဖူးမြင်၍ ကြောက်ရွံ့ကြပါ၏။ နက်ရှိုင်းရာများလည်းတုန်လှုပ်ကြပါ၏။
17 မိုးတိမ်များသည်ရေကိုသွန်ချ၍၊ ကောင်းကင်လည်းအသံပြုရာ၊ မြှားတော်များထွက်လာကြပါ၏။
18 လေဗွေ၌၊ ကိုယ်တော်၏မိုးကြိုးသံလွှင့်၍၊ လျှပ်စစ်များပြက်သဖြင့်၊ လောကကိုလင်းစေရာ၊ မြေကြီးတုန်တုန်လှုပ်လှုပ်ရှိ၏။
19 လမ်းတော်သည်၊ ပင်လယ်၌၊ လမ်းခရီးတော်လည်း၊ သမုဒ္ဒရာ၌ရှိသဖြင့်၊ ခြေတော်ရာများမထင်ရှားပါ။
20 မောရှေနှင့်အာရုန်တို့လက်ဖြင့်၊ လူမျိုးတော်ကိုသိုးစုကဲ့သို့လမ်းပြတော်မူပါ၏။