ဆာလံ။ 76
1 ယုဒပြည်တွင်၊ ဘုရားသခင်ကျော်စောလျက်၊ ဣသရေလတိုင်းတွင်၊ နာမတော်ကြီးမြတ်ကြ၏။
2 ယေရုရှလင်မြို့မှာ၊ တဲတော်၊ ဇိအုန်တောင်မှာ၊ စံရာတော်ရှိ၏။
3 ထိုအရပ်၌၊ လေးမြှား၊ ဒိုင်းလွှား၊ ဓားလွယ်နှင့်စစ်လက်နက်များကိုချိုးဖျက်တော်မူပြီ။
4 ကိုယ်တော်သည်၊ လုယူရာတောင်တန်းအထက်၊ အရောင်တောက်၍ ဘုန်းကြီးတော်မူ၏။
5 ရဲရင့်သူတို့သည်၊ အလုအယက်ခံရ၍၊ အအိပ်ကြီး အိပ်ကြရပြီ။ အားကြီးသူ တစ်ဦးတစ်ယောက်မျှ ကိုယ့်လက်ရုံးကိုမသုံးရ။
6 အိုယာကုပ်၏ဘုရားသခင်၊ ကိုယ်တော်ဆုံးမတော်မူသဖြင့်၊ ရထားတပ်၊ မြင်းတပ်များသည်၊ အိပ်မောကျရကြပါပြီ။
7 ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ ကြောက်ရွံ့ဖွယ်ဖြစ်တော်မူ၏။အမျက်တော်ထွက်သောအခါ၊ ရှေ့တော်၌မည်သူခံရပ်နိုင်ပါမည်နည်း။
8-9 ဘုရားသခင်သည်၊ စီရင်ဆုံးဖြတ်သဖြင့်၊ မြေကြီးပေါ်ရှိ စိတ်နှိမ့်ချသူတို့ကို ကယ်တင်ရန်ထတော်မူသောအခါ၊ ကောင်းကင်ထဲမှ၊ စီရင်ချက်ကိုထုတ်ပြတော်မူရာ၊ မြေပထဝီကြောက်ရွံ့၍ ဆိတ်ဆိတ်နေရ၏။
10 ကိုယ်တော်သည်၊ လူတို့ဒေါသဖြင့် ဂုဏ်တော်ကိုချီးမွမ်းရာ၊ ကျန်ဒေါသဖြင့်ခါးစည်းရာအကြောင်း၊ မုချဖြစ်စေတော်မူလိမ့်မည်။
11 ကတိသစ္စာပြု၍၊ သင်တို့ဘုရားသခင်ထာဝရဘုရားအား၊ သစ္စာဝတ်ကိုဖြေကြလော့။ အခြံအရံတော်ဟူသမျှလည်း၊ ကြောက်ရွံ့ဖွယ်ဘုရားသခင့်အထံတော်သို့၊ လက် ဆောင်တော်များကိုဆက်သကြစေ။
12 အမင်းမင်းတို့စိတ်မာန်ကိုပယ်ဖြတ်၍၊ မြေကြီးရှင်ဘုရင်တို့၌၊ ကြောက်မက်ဖွယ်ဖြစ်တော်မူ၏။