ဆာလံ။ 75
1 အိုဘုရားသခင်၊ နာမတော်နီးကပ်သဖြင့်၊ ကိုယ်တော်ကိုအကျွန်ုပ်တို့ချီးမွမ်း၍၊ ထောမနာပြုကြပါ၏။ အံ့ဖွယ်ရာအမှုတော်များကို၊ လူတို့ပြန်ကြားကြပါ၏။
2 ငါသည်၊ ထိုက်သင့်သောအချိန်ကိုချိန်းချက်ပြီးလျှင်၊ မျှတစွာစီရင်ဆုံးဖြတ်မည်။
3 တည်ရာတိုင်များကိုငါထောက်ခံခဲ့သော်လည်း၊ မြေပထဝီနှင့်နေထိုင်သမျှပါ၊ ပျက်ပြားရကြ၏။
4 မောက်မာသူတို့အား၊ မောက်မာသောအကျင့်ကိုမကျင့်ကြနှင့်ဟူ၍လည်းေကာင်း၊
5 လူဆိုးတို့အား၊ သင်တို့ဦးချိုကိုမမြှောက်မဝင့်ကြနှင့်။ လည်ပင်းခိုင်မာလျက် မဝါမကြွားကြနှင့်ဟူ၍လည်းေကာင်း၊ ငါအမိန့်ရှိသည်မှာ၊
6 အရှေ့၊ အနောက်၊ ကန္တာရရှိတောင်တန်းကမဟုတ်၊ ဘုရားသခင်သာလျှင်၊
7 စီရင်ဆုံးဖြတ်ဆဲဖြစ်သည့်အလျောက်၊ တစ်ဦးကိုနှိမ့်ချ၍၊ တစ်ဦးကိုချီးမြှောက်တော်မူ၏။
8 ထာဝရဘုရားကိုင်တော်မူသောဖလား၌ဆူပွက်သောစပျစ်ရည်၊ ရောစပ်ပြီးစပျစ်ရည်အပြည့်ရှိသဖြင့်၊ သွန်ချတော်မူရာ၊ အနစ်အဖတ်ကိုပင်မြေကြီးပေါ်ရှိ လူဆိုးအပေါင်းတို့သုံးသောက်ကြရမည် ဟူ၍တည်း။
9 ငါမူကား၊ အစဉ်မပြတ်ပြန်ကြား၍၊ ယာကုပ်၏ဘုရားသခင်အားကျူးဧပါမည်။
10 လူဆိုးတို့၏ဦးချိုအပေါင်းကိုငါဖြတ်မည်။ ဖြောင့်မတ်သူတို့၏ဦးချိုများမူကား၊ ရှည်မြင့်ခံရလိမ့်မည်။