ဆာလံ။ 73
တတိယတွဲ
1 ဘုရားသခင်သည်၊ ဣသရေလလူမျိုးတည်းဟူသော၊ နှလုံးသန့်ရှင်းသူတို့အပေါ်တွင်၊ မုချကျေးဇူးပြုတော်မူ၏။
2-3 ငါမူကား၊ လူဆိုးတို့၏ကောင်းစားခြင်းကိုမြင်၍၊ မောက်မာသူတို့ကိုငြူစူမိသဖြင့်၊ ခြေကုန်လုလျက်၊ ခြေချော်လုလျက်ရှိခဲ့လေစွ။
4 ထိုသူတို့သည်၊ သေသည့်အခါနာကျင်ခြင်းမရှိ။ ခိုင်မာသောကာယရှိကြ၏။
5 သူတစ်ထူးတို့ကဲ့သို့ဒုက္ခမရှိ။ အနှောင့်အယှက်လည်းမခံကြရ။
6 ထို့ကြောင့်၊ မာနကိုလည်ဆွဲပြုလျက်၊ ညှဉ်းပန်းခြင်းကိုဝတ်လုံသဖွယ်ခြုံတတ်ကြ၏။
7 ဆူဖြိုးသောကြောင့်၊ မျက်လုံးပြူးလျက်၊ စိတ်ကွန့်မြူခြင်းများပြားလှ၏။
8 ပြက်ရယ်ပြုံးလျက်၊ ဆိုးသွမ်းသောညှဉ်းပန်းခြင်းအကြောင်းကိုလည်းေကာင်း၊ ထောင်လွှားသောစကားကိုလည်းေကာင်း၊ ပြောဆိုတတ်ကြ၏။
9 ကိုယ့်နှုတ်ကို၊ ကောင်းကင်ဘုံနှင့်ဆန့်ကျင်ဘက်ထား၍၊ ကိုယ့်လျှာလည်း၊ မြေကြီးတစ်ေလျှာက်လုံးလှည့်လည်တတ်၏။
10 ထို့ကြောင့်ကိုယ့်လူမျိုးသည်၊ သူတို့ထံခိုဝင်၍၊ ရေကိုအပြည့်အလျှံသောက်ရကြ၏။
11 ဘုရားသခင်သည် မည်သို့သိတော်မူအံ့နည်း။ မြင့်မြတ်သောဘုရား၌၊ အသိပညာရှိသလောဟု ဆိုတတ်ကြ၏။
12 လူဆိုးတို့သည် ထိုသို့ဖြစ်လျက်ပင်၊ အစဉ်ချမ်းသာ၍၊ ဥစ္စာဓနပွားများ၏။
13 ငါမူကား၊ ငါ့နှလုံးကိုသန့်စင်စေ၍၊ အပြစ်ကင်းခြင်းနှင့် လက်များကိုဆေးကြောသော်လည်း၊ မုချအကျိုးမရှိ။
14 နေ့ရှိသရွေ့နှောင့်ရှက်ခြင်းနံနက်တိုင်းဆုံးမခြင်းကိုငါခံရ၏။
15 ထိုအတိုင်းပြန်ကြားမည်ဟု၊ အကျွန်ုပ်ကြံစည်ခဲ့လျှင်၊ ကိုယ်တော်၏အမျိုးသားတို့အား၊ သစ္စာဖျက်ရာရောက်ပါပြီ။
16 ထိုအခြင်းအရာကိုသိမြင်အောင်ဆင်ခြင်သောအခါ၊ အလွန်ခက်ခဲကြောင်းကို တွေ့ရလျက်၊
17 ဘုရားသခင်၏သန့်ရှင်းရာဌာနထဲသို့ဝင်ရသည့်ကာလမှသာ၊
18 သူတို့အဆုံးကိုဆင်ခြင်မိရာ၊ ကိုယ်တော်သည် သူတို့ကိုချော်လဲသောအရပ်များ၌ထား၍၊ ပျက်စီးရာသို့စင်စစ်ချတော်မူသဖြင့်၊
19 တစ်ခဏချင်းတွင်၊ ပယ်ရှားရာခံရကြပါပြီ။ ဘေးဥပဒ်များအားဖြင့်၊ ရှင်းရှင်းကွယ်ပျောက်ကြပါပြီတကား။
20 အိုအရှင်ဘုရား၊ အိပ်မက်ကိုနိုး၍ မေ့သကဲ့သို့၊ ကိုယ်တော်နှိုးသောအခါ၊ သူတို့၏အသွင်ကိုပင်ပယ်ဖျက်တော်မူပါလိမ့်မည်။
21 ထိုအတိုင်းအကျွန်ုပ်သည်စိတ်ပူဆွေးလျက်၊ ကျောက်ကပ်နာကျင်ရာ၊
22 ရှေ့တော်၌မိုက်မဲသူ၊ ပညာမဲ့သူ၊ တိရစ္ဆာန်သဘောရှိသူဖြစ်သော်လည်း၊
23 အပါးတော်တွင်အစဉ်မပြတ်နေသော၊ အကျွန်ုပ်၏ညာလက်ကိုကိုင်စွဲတော်မူသည့်ပြင်၊
24 အကြံပေး၍လမ်းပြပြီးနောက်၊ ဘုန်းတော်ကိုဝင်စားရန်လက်ခံတော်မူလိမ့်မည်။
25 ကောင်းကင်ဘုံမှာအကျွန်ုပ်၌မည်သူရှိပါသနည်း။ မြေကြီးပေါ်မှာလည်း၊ ကိုယ်တော်မှတစ်ပါးမည်သူ့ကိုမျှအလိုမရှိပါ။
26 အကျွန်ုပ်အသွေးအသားနှင့်နှလုံးယိုယွင်းရသော်လည်း၊ ဘုရားသခင်သည်၊ အကျွန်ုပ်စိတ်နှလုံး၏ကျောက်တောင်၊ အကျွန်ုပ်၏ဝေပုံ၊ အစဉ်ဖြစ်တော်မူ၏။
27 ကိုယ်တော်နှင့်ဝေးကွာစွာနေသူတို့သည်၊ မုချပျက်စီးရကြပါလိမ့်မည်။ ကိုယ်တော်နှင့်ကွာ၍၊ မှားယွင်းသူအပေါင်းတို့ကိုပယ်ရှားတော်မူ၏။
28 ငါမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်၍ အကျိုးရှိ၏။ အရှင်ထာဝရဘုရား၌ခိုလှုံလျက်နေရသဖြင့်၊ အမှုတော်ရှိသမျှကိုကြားပြောခွင့်ရပါ၏။