ဆာလံ။ 70
အိုဘုရားသခင်၊ အကျွန်ုပ်ကိုကယ်လွှတ်တော်မူပါ။ အိုထာဝရဘုရား၊ အမြန်ကြွ၍မစတော်မူပါ။ အကျွန်ုပ်အသက်အန္တရာယ်ကိုရှာကြံသောသူတို့သည်၊ အရှက်ကွဲ၍ အကျိုးယုတ်ကြပါစေသော။ ဘေးအန္တရာယ်ရှာကြံသူတို့လန်၍ အသရေပျက်ကြပါစေသော။ ဟေ့ဟေ့ဟုဆိုတတ်သူသည်၊ အရှက်ကွဲ၍ လန်ကြပါစေသော။ ကိုယ်တော်ကိုလိုက်ရှာသူရှိသမျှတို့မှာ၊ ကိုယ်တော်၌ ရွှင်လန်းဝမ်းမြောက်လျက်၊ ကယ်တင်ရာအကြောင်းကို နှစ်သက်သမျှသူတို့လည်း၊ ဘုရားသခင်သည် ကြီးမြတ်တော်မူစေသတည်းဟု၊ အစဉ်မပြတ်မြွက်ဆိုကြပါစေသော။ အကျွန်ုပ်မူကား၊ ဆင်းရဲနွမ်းပါးပါ၏။ အိုဘုရားသခင်၊ အမြန်ကြွ၍ မစတော်မူပါ။ ကိုယ်တော်သည်၊ အကျွန်ုပ်ကိုထောက်မကယ်လွှတ်သောအရှင်ဖြစ်တော်မူပါ၏။ အို ထာဝရဘုရား၊ ဆိုင်းလင့်တော်မမူပါနှင့်။