ဆာလံ။ 69
1 အိုဘုရားသခင်၊ ရေဘေးသည်၊ အကျွန်ုပ်ထံရောက်ပြီဖြစ်၍၊ ကယ်ဆယ်တော်မူပါ။
2 ခြေနင်းရာမရ။ နက်ရှိုင်းသောညွှန်ပြောင်းထဲမှာ ကျွံလျက်၊ ရေကြီးလွှမ်းမိုးရာ ရေနက်ထဲသို့ကျရောက်ပါပြီ။
3 အော်ဟစ်မောပန်းလျက်၊ လည်ချောင်းသွေ့ခြောက်လျက်၊ အကျွန်ုပ်ဘုရားသခင့်ထံစောင့်မေျှာ်လျက်၊ မျက်စိအားကုန်ပါပြီ။
4 အကြောင်းမဲ့မုန်းထားသူတို့သည်၊ အကျွန်ုပ်ဆံပင်ထက်များလှ၍၊ အမှတ်မဲ့ပယ်ရှားမည့်ရန်ဘက်တို့သည်၊ ခွန်အားကြီးလျက်၊ အကျွန်ုပ်မလုယူသောပစ္စည်းကြောင့် လျော်စေကြပါ၏။
5 အိုဘုရားသခင်၊ အကျွန်ုပ်မိုက်မဲခြင်းကို၊ ကိုယ်တော်သိတော်မူပါ၏။ အပြစ်များလည်း၊ ရှေ့တော်၌ကွယ်လျက်မနေပါ။
6 ဗိုလ်ခြေတို့အရှင်ဘုရားသခင်၊ ကိုယ်တော်ကိုစောင့်မေျှာ်သူတို့သည်၊ အကျွန်ုပ်အတွက်ကြောင့် အရှက်မကွဲကြပါစေနှင့်။ အိုဣသရေလလူမျိုး၏ဘုရားသခင်၊ ကိုယ်တော်ကိုရှာဖွေသူတို့သည်၊ အကျွန်ုပ်အတွက်ကြောင့် အသရေမပျက်ကြပါစေနှင့်။
7 အကျွန်ုပ်မူကား၊ ကိုယ်တော့်အတွက်ကဲ့ရဲ့ခြင်း၊ အရှက်ကွဲ၍မျက်နှာပျက်ခြင်းခံခဲ့ရပါပြီ။
8 ညီအစ်ကိုချင်းတို့တွင်သူစိမ်း၊ အမိသားချင်းတို့တွင်နိုင်ငံခြားသားဖြစ်နေပါပြီ။
9 ဗိမာန်တော်အတွက်ထက်သန်ခြင်းစေတနာသည်၊ အကျွန်ုပ်ကိုကျွမ်းပါ၏။ ကိုယ်တော်ကိုကဲ့ရဲ့သူတို့၏ ကဲ့ရဲ့ခြင်းများသည်၊ အကျွန်ုပ်အပေါ်သို့သင့်ရောက်ပါ၏။
10 အကျွန်ုပ်သည်ငိုကြွေး၍၊ အစာရှောင်လျက်ကဲ့ရဲ့ခြင်း၊
11 လျှော်တေဝတ်လျက်ပုံခိုင်းခြင်းခံရပါပြီ။
12 မြို့တံခါးဝ၌ထိုင်နေသူတို့သည်၊ အကျွန်ုပ်အကြောင်းကုန်းချောခြင်း၊ သေသောက်ကြူးတို့သည်၊ ေတးဖွဲ့ခြင်းကိုပြုတတ်ကြပါ၏။
13 အကျွန်ုပ်မူကား၊ အိုထာဝရဘုရား။ လက်ခံတော်မူဖွယ်အချိန်၌၊ ကိုယ်တော့်ထံပဌနာပြုပါ၏။ အိုဘုရားသခင်၊ ကရုဏာတော်များပြားသည့်အလျောက်၊ ကယ်တင် တော်မူခြင်းတည်တံ့သည့်အလျောက်၊ တုံ့ပြန်၍၊
14 ညွှန်ပြောင်းတွင်မကျွံစေဘဲ၊ ကယ်ဆယ်လျက်မုန်းထားသူတို့ဘေးနှင့် နက်ရှိုင်းရာရေဘေးမှလွတ်မြောက်စေတော်မူပါ။
15 ရေအလျဉ်လွှမ်းမိုးခွင့်၊ ဗွက်အိုင်နစ်မြုပ်ခွင့်၊ ချောက်တွင်းမျိုစားခွင့်ရစေတော်မမူပါလင့်။
16 အိုထာဝရဘုရား၊ မေတ္တာကျေးဇူးတော်မွန်မြတ်သောကြောင့်၊ တုံ့ပြန်တော်မူပါ။ ကရုဏာတော်များပြားသည့်အလျောက်၊ နားလှည့်တော်မူပါ။
17 ကျွန်တော်မျိုးမှမျက်နှာလွှဲတော်မမူဘဲ၊ အကျဉ်းအကျပ်သို့ရောက်ပြီဖြစ်၍၊ အလျင်အမြန်ထူးတော်မူပါ။
18 ကြွရောက်၍အကျွန်ုပ်အသက်ကိုရွေးနုတ်ခြင်း၊ ရန်သူတို့ကြောင့်ရွေးယူခြင်းပြုတော်မူပါ။
19 အကျွန်ုပ်ခံရသော ကဲ့ရဲ့ခြင်း၊ အရှက်ကွဲခြင်း၊ အသရေပျက်ခြင်းများကိုသိ၍၊ ရန်သူရှိသမျှကိုလည်း ဒိဋ္ဌမြင်တော်မူပါ၏။
20 အကျွန်ုပ်သည် ကဲ့ရဲ့ခြင်းကြောင့်၊ စိတ်ကြေမွလျက်ပူဆွေးပါ၏။ သနားမည့်သူကိုကြည့်၍မမြင်။ စာနာမည့်သူကိုရှာ၍မတွေ့ပါ။
21 အကျွန်ုပ်စားလိုသော်၊ ဆေးခါးကိုကျွေးလျက်၊ ရေငတ်သော်၊ ပုံးရည်ကိုတိုက်ကြပါ၏။
22 သူတို့စားသောက်ပွဲသည်၊ ကိုယ့်ရှေ့မှာကျော့ကွင်းကဲ့သို့လည်းေကာင်း၊ စိတ်ချရာအကြောင်းသည်၊ ညွှတ်ကွင်းကဲ့သို့လည်းေကာင်း၊ ဖြစ်ပါစေ။
23 မျက်စိကိုမမြင်နိုင်အောင်ကွယ်စေလျက်၊ ခါးကိုအစဉ်နုန့်နဲ့စေတော်မူပါ။
24 သူတို့အပေါ်သို့အမျက်တော်ကိုသွန်းလောင်း၍၊ အမျက်တော်ရှိန်ဖြင့်အုပ်မိကြပါစေ။
25 စခန်းချရာအရပ်ကို ဖုန်းဆိုးကုန်း၊ တဲများကို လူဆိတ်ညံရာဖြစ်ပါစေ။
26 အသို့ဆိုသော်၊ သူတို့သည်၊ ဒဏ်ခတ်တော်မူခြင်းခံရသူ့ကိုလိုက်လံလျက်၊ ထိရှတော်မူခြင်းခံရသူတို့ဝေဒနာကိုပြန်ကြားတတ်ကြပါ၏။
27 သူတို့ဒုစရိုက်၌၊ ဒုစရိုက်ထပ်ဆင့်တော်မူ၍၊ ဖြောင့်မတ်တော်မူခြင်းကို ဝင်စားခွင့်မရပါစေနှင့်။
28 အသက်စာရင်း၌၊ သူတို့အမည်များကိုချေ၍၊ ဖြောင့်မတ်သူတို့နှင့်အတူစာရင်းဝင်ခွင့်မရကြပါစေနှင့်။
29 အကျွန်ုပ်မူကား၊ ဆင်းရဲနာကျင်ပါ၏။ အိုဘုရားသခင်၊ ကယ်တင်တော်မူခြင်းသည်၊ အကျွန်ုပ်ကိုချီးမြှင့်ပါစေသော။
30 သီချင်းဖွဲ့ဆို၍၊ ဘုရားသခင်၏နာမတော်ကိုချီမွမ်းခြင်းထောမနာဖြင့် ချီးမြှောက်ခြင်းငါပြုရာ၊
31 ဦးချိုနှင့်လည်းေကာင်း၊ ခွာနှင့်လည်းေကာင်း၊ ပြည့်စုံသောနွားပေါက်ထက်၊ ထာဝရဘုရားရှေ့တော်တွင် လွန်ကဲလိမ့်မည်။
32 စိတ်နှိမ့်ချသူတို့သည်၊ သိမြင်၍ရွှင်လန်းရကြ၏။ ဘုရားသခင်ကိုလိုက်ရှာသူတို့၊ စိတ်အားတက်ကြလော့။
33 ထာဝရဘုရားသည်၊ နွမ်းပါးသူတို့လျှောက်ထားချက်ကိုနားညောင်းလျက်၊ အချုပ်ခံရသောလူမျိုးတော်ကိုမထီမဲ့မြင်ပြုတော်မမူ။
34 မိုး၊ မြေ၊ သမုဒ္ဒရာနှင့်တကွ၊ အရပ်ရပ်၌ကျင်လည်သောသတ္တဝါအပေါင်းတို့သည်၊ ကိုယ်တော်ကိုချီးမွမ်းကြပါစေ။
35 ဘုရားသခင်သည်၊ ဇိအုန်မြို့ကိုကယ်မ၍ ယုဒမြို့များကိုပြုစုတော်မူသဖြင့်၊ ထိုသူတို့နေထိုင်၍အပိုင်ရကြလိမ့်မည်။
36 ကိုယ်တော့်ကျွန်များ၏သားမြေးတို့လည်း၊ အပိုင်ရလျက်၊ နာမတော်ကိုချစ်ခင်ကြည်ညိုသူတို့နေရကြလိမ့်သတည်း။