ဆာလံ။ 68
1 ဘုရားသခင်ထတော်မူသော်၊ ကိုယ်တော်အားရန်ပြုသူတို့ကွယ်လွင့်လျက်၊ မုန်းထားသူတို့လည်းမျက်မှောက်တော်မှဆုတ်ပြေးရကြ၏။
2 မီးခိုးလွင့်သကဲ့သို့၊ သူတို့ကိုလွှင့်တော်မူပါ။ မီးရှိန်ဖြင့်ဖယောင်းပျော်သကဲ့သို့၊ လူဆိုးတို့သည် ဘုရားသခင့်ရှေ့တော်မှာပျက်ယွင်းရကြ၏။
3 ဖြောင့်မတ်သူတို့မူကား၊ ဘုရားသခင့်ရှေ့တော်၌၊ ရွှင်လန်းအားရဝမ်းမြောက်ရကြပါ၏။
4 ဘုရားသခင်အားသီဆိုခြင်း၊ နာမတော်အားကျူးဧခြင်း၊ သဲကန္တာရတစ်လျှောက်စီးကြွတော်မူ သောအရှင့်ရှေ့လမ်းပို့ခြင်းပြုလျက်၊ မျက်မှောက်တော်၌ဂုဏ်ရောက်ကြလော့။ ထိုအရှင့်နာမတော်ကား၊ ယာဟပေတည်း။
5 ဘုရားသခင်သည်၊ သန့်ရှင်းသောဘုံဗိမာန်တွင်၊ ဘသက်ဆိုးတို့အဘ၊ မုဆိုးမတို့တရားမင်းအဖြစ်စံနေတော်မူ၏။
6 ဘုရားသခင်သည်၊ အသီးပုဂ္ဂိုလ်တို့အားနေရာပေးလျက်၊ သုံ့ပန်းခံရသူတို့ကိုကောင်းစားရာသို့ပို့ဆောင်တော်မူ၏။ ပုန်ကန်တတ်သူတို့မူကား၊ သွေ့ခြောက်ရာ၌နေထိုင်ရကြ၏။
7 အိုဘုရားသခင်၊ လူမျိုးတော်ကိုဦးတည်လျက်၊ သဲကန္တာရ၌ချီကြွတော်မူသောအခါ၊
8 ဘုရားသခင့်ရှေ့တော်တွင်မြေပထဝီတုန်လှုပ်၍၊ မိုးလည်းရွာရပါ၏။ ဣသရေလလူမျိုးတို့ဘုရားသခင့်ရှေ့တော်၌၊ သိနာတောင်ပင်တုန်လှုပ်ရပါ၏။
9 အိုဘုရားသခင်၊ ပိုင်တော်မူရာပြည်ညှိုးနွမ်းသောအခါ၊ မိုးကောင်းစွာ ရွာစေလျက်ပြုစုတော်မူပါ၏။
10 အိုဘုရားသခင်၊ ပရိသတ်တော်ကိုနေရာချလျက်၊ ဆင်းရဲသူတို့အဖို့၊ ကျေးဇူးတော်အလျောက်၊ ပြင်ဆင်တော်မူပါ၏။
11 အရှင်ဘုရားအမိန့်တော်ရှိ၍၊ မိန်းမတို့အလုံးအရင်းသတင်းလွှင့်သည်မှာ၊
12 ဗိုလ်ခြေတို့ဘုရင်များဆုတ်ပြေး၍၊ အိမ်၌နေရစ်သူတို့သည်၊ လက်ရပစ္စည်းကိုဝေမျှရကြသည်ဟူ၍တည်း။
13 သိုးခြံများရှိရာတွင် ဝပ်နေမည်လော။ ပျံဝဲသောချိုးငှက်သည် ငွေရောင်၊ အတောင်များရွှေရောင်ပြောင်လက်သော်လည်း၊
14 ဇာလမုန်တောင်ပေါ်မှာ၊ ဘုရင်မင်းတို့ကို၊ အနန္တတန်ခိုးတော်ရှင်ကွဲလွင့်စေတော်မူသောအခါ၊ မိုးပွင့်ကျသကဲ့သို့ဖြစ်၏။
15 ဗာရှန်တောင်တန်းသည်၊ မဟာတောင်ဖြစ်၏။ ဗာရှန်တောင်တန်းသည်၊ တောင်ထွဋ်များပြား၏။
16 အချင်းတောင်ထွဋ်များတို့၊ ဘုရားသခင်ကိန်းဝပ်ရာသဘောတော်မြတ်ရာတောင်တော်ကို၊ အဘယ့်ကြောင့်မျက်စောင်းထိုးကြသနည်း။ ထာဝရဘုရားသည်အစဉ်ကိန်းဝပ်တော်မူမည်။
17 ဘုရားသခင့်စစ်ရထားတော်များသည်၊ ထောင်သောင်းမကများပြား၏။ အရှင်ဘုရားစီးကြွ၍၊ သိနာတောင်သဖွယ်သီးသန့်ရာဖြစ်စေတော်မူ၏။
18 ကိုယ်တော်သည် သုံ့ပန်းရာကိုသုံ့ပန်းလျက်၊ မြင့်ရာသို့တက်ကြွ၍၊ လူတို့ဘောင်တွင်ထာဝရအရှင်ဘုရားစံနေတော်မူရအံ့သောငှာ၊ လူတို့ဆက်သရာ၊ ပုန်ကန်သူတို့ ပင်ဆက်သကြလေ၏။
19 ငါတို့ဝန်ကို၊ နေ့စဉ်ထမ်းတော်မူသောအရှင်ဘုရား၊ ငါတို့ကိုကယ်တင်ပိုင်ရှင်ဘုရား သခင်သည်၊ မင်္ဂလာရှိတော်မူပါစေသော။
20 ဘုရားသခင်သည်၊ ငါတို့ကိုကယ်လွှတ်သောဘုရားဖြစ်တော်မူ၏။ ယေဟောဝါအရှင်ဘုရားသည်၊ သေဘေးမှကယ်လွှတ်ခွင့်ကိုပိုင်တော်မူ၏။
21 ဘုရားသခင်သည်၊ ရန်သူတို့ဦးခေါင်းကိုလည်းေကာင်း၊ အပြစ်ပြုမြဲပြုသူတို့ဦးခေါင်းရေကိုလည်းေကာင်း၊ ခုတ်ဖြတ်တော်မူမည်။
22 အရှင်ဘုရားက၊ ငါသည် ဗာရှန်တောင်မှဆပ်ပေး၍၊ သမုဒ္ဒရာနက်ရှိုင်းရာမှပင် ဆပ်ပေးမည့်အတိုင်း၊
23 သင်သည် ရန်သူတို့၏အသွေး၌ ခြေနှစ်ခွင့်၊ သင့်ခွေးများလည်းလျက်ခွင့်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
24 အိုဘုရားသခင်၊ သန့်ရှင်းရာဌာနတော်ထဲသို့ကြွဝင်တော်မူခြင်း၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရင်ကြွဝင်တော်မူခြင်းကိုမြင်ကြပါပြီ။
25 အချင်းဣသရေလအမျိုးအနွယ်တို့၊ ပရိသတ်တော်၌၊ အရှင်ဘုရားသခင်အားဩဘာဆက်ကြလော့ဟုဆိုကြစဉ်၊
26 ရှေ့ကသီဆိုသူ၊ နောက်ကတီးမှုတ်သူတို့လျှောက်သွားလျက်၊ ပတ်သာတီးသောအပျိုတို့ခြံရံလျက်၊
27 အုပ်စိုးရသောသားထွေးဗင်္ယာမိန်မှစ၍၊ ယုဒ၊ ဇာဗုလုံ၊ နဿလိမှူးတော်မတ်တော်များစုရုံးကြပါ၏။
28 သင့်ဘုရားသခင်သည်၊ သင့်စွမ်းအားကိုစီမံတော်မူပါပြီ။ အိုဘုရားသခင်၊ အကျွန်ုပ်တို့အဖို့စီရင်တော်မူခဲ့သော အမှုကိုအတည်ပြုတော်မူပါ။
29 ယေရုရှလင်မြို့ရှိဗိမာန်တော်ကြောင့်၊ ဘုရင်မင်းတို့သည်၊ ကိုယ်တော့်ထံအခွန်တော်များကိုဆက်သရကြပါလိမ့်မည်။
30 ကျူတောနေသားရဲကိုလည်းေကာင်း၊ နွားလားဥဿဘအစုအအုပ်နှင့်နွားပျိုများဖြစ်သောလူမျိုး တို့ကိုလည်းေကာင်း၊ ငွေခွန်ဆောင်လျက် ဦးညွှတ်ရကြသည့်တိုင်အောင်ဆုံးမ၍၊ စစ်မက်နှစ်သက်သောလူမျိုးတို့ကို ကွဲလွင့်စေတော်မူပါ။
31 အိဂျစ်မှူးမတ်တို့တိုးဝင်လျက်၊ ကုရှပြည်သည်၊ ဘုရားသခင့်ထံလက်အုပ်ချီရလိမ့်မည်။
32-33 မြေကြီးပေါ်ရှိတိုင်းနိုင်ငံတို့၊ ဘုရားသခင်အားသီဆိုခြင်း၊ ရှေးမဆွကတည်သော ကောင်းကင်ဘဝဂ်ပေါ်တွင်စီးကြွ၍၊ ကျယ်စွာအောင်သံလွှင့်တော်မူသောအရှင်ဘုရား အား၊ ကျူးဧခြင်းပြုကြလော့။
34 ဣသရေလလူမျိုးအထက်အာနုဘော်နှင့်လည်းေကာင်း၊ အာကာသတွင်တန်ခိုးတော်နှင့်လည်းေကာင်း၊ စံတော်မူသောဘုရားသခင်သည်၊ တန်ခိုးကြီးတော်မူကြောင်းဝန်ခံကြလော့။
35 အိုဘုရားသခင်၊ ကိုယ်တော်သည်၊ သန့်ရှင်းရာဌာနတော်တွင်ခန့်ညားဖွယ်ဖြစ်တော်မူ၏။ ဣသရေလလူမျိုး၏ဘုရားသခင်သည်၊ လူမျိုးတော်အား၊ တန်ခိုးအာဏာကို သနားတော်မူ၏။ ဘုရားသခင်သည် မင်္ဂလာရှိတော်မူပါစေသော။