ဆာလံ။ 127
အိမ်ကိုထာဝရဘုရားဆောက်တော်မမူလျှင်၊ ဆောက်သူတို့သည်အချည်းနှီးလုပ်ကိုင်ကြလိမ့်မည်။ မြို့ကိုထာဝရဘုရားစောင့်တော်မမူလျှင်၊ ကင်းစောင့်သည်အချည်းနှီးအိပ်ပျက်လိမ့်မည်။ စောစောထလျက်၊ ညဉ့်နက်မှအိပ်လျက်၊ ပင်ပန်းခံ၍စားသောက်သော်လည်း၊ အချည်းနှီးဖြစ်၏။ နှစ်သက်တော်မူသောသူ့အား၊ အိပ်ပျော်ခွင့်ကိုသနားတော်မူ၏။
ဖွားမြင်သောသားသမီးတို့သည်၊ ထာဝရဘုရားထံတော်မှအပိုင်ဖြစ်၏။ အသက်ပျိုစဉ်ရသောသားသမီးတို့သည်၊ သူရဲကိုင်ဆောင်သောမြှားကဲ့သို့ဖြစ်၏။ မြှားကျည်တောက်အပြည့်သားသမီးရသောသူတို့သည်၊ ရန်သူတို့နှင့်တံခါးဝ၌ နှုတ်ပြိုင်ရာ၊ အရှက်မကွဲရသဖြင့်၊ မင်္ဂလာရှိကြ၏။