ဆာလံ။ 104
1 အိုငါ့အသက်ဝိညာဉ်၊ ထာဝရဘုရားကိုဩဘာဆက်လော့။ အကျွန်ုပ်ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည်ကြီးမြတ်လှ၍၊ ဘုန်းအာနုဘော်နှင့်ဆင်ယင်တော်မူပါ၏။
2 အဝတ်သဖွယ်အလင်းကိုခြုံ၍၊ ပိတာန်သဖွယ်မိုးကောင်းကင်ကိုကြက်တော်မူပါ၏။
3 အထက်ကြက်သရေခန်းယက်မများကိုရေပြင်ပေါ်တွင်တည်၍၊ တိမ်တိုက်ရထားကိုစီးလျက်၊ လေပြင်းအတောင်များပေါ်တွင်၊ စကြာဖြန့်တော်မူပါ၏။
4 စေတမန်တော်တို့အဖြစ်လေပြင်းကိုလည်းေကာင်း၊ အမှုတော်ဆောင်တို့အဖြစ်မီးလျှံကိုလည်းေကာင်း၊ ထားတော်မူပါ၏။
5 မြေပထဝီကို၊ မည်သည့်မျှကာလမျှမလှုပ်ရှားနိုင်သောအမြစ်ပေါ်တွင်၊ တည်တော်မူပါ၏။
6 ကိုယ်တော်သည် မြေပထဝီကို၊ အဝတ်သဖွယ်သမုဒ္ဒရာနှင့် ဖုံးလွှမ်းတော်မူ၍၊ တောင်များအထက်ရေများတန့်နေရာ၊
7 ဆုံးမတော်မူသောမိုးချုန်းသံကြောင့်၊ အလန့်တကြားပြေးသွား၍၊ တောင်များကိုဆန်လျက်၊
8 ချိုင့်များကိုစုန်လျက်၊ သတ်မှတ်ထားတော်မူရာသို့ရောက်ရပါ၏။
9 မြေကြီးကိုပြန်၍မလွှမ်းမိုးစေရန်၊ မကျော်ရသောနယ်ခြားကိုသတ်မှတ်တော်မူပါ၏။
10 ချိုင့်များထဲသို့လွှတ်၍၊ တောင်ကြားများတွင် စီးစေတော်မူသောစမ်းရေကို၊
11 တောတိရစ္ဆာန်အပေါင်းတို့သောက်ခွင့်၊ မြည်းရိုင်းများအငတ်ပြေခွင့်ရလျက်၊ လေသတ္တဝါတို့သည် အနီးတွင်နေရာကျ၍၊
12 သစ်ခက်သစ်လက်များတွင်ကြွေးကြော်ကြ၏။
13 တောင်များကိုအထက်ကြက်သရေခန်းများမှ ရေသွန်းတော်မူရာ၊ မြေပထဝီသည် စီရင်တော်မူရာအကျိုးနှင့်ရောင့်ရဲလျက်ရှိပါ၏။
14 တိရစ္ဆာန်များဖို့မြက်ပင်ကိုလည်းေကာင်း၊ လူတို့အလုပ်အကိုင်ဖြင့်ကောက်ပင်ကိုလည်းေကာင်း၊ ပေါက်စေတော်မူသည့်အတိုင်း၊
15 လူတို့စိတ်ရွှင်လန်းစေသောစပျစ်ရည်၊ မျက်နှာပြောင်စေသောဆီ၊ အားဖြည့်တင်းသောခဲဖွယ်များသည်၊ မြေကြီးထဲကပေါ်ရ၏။
16 ထာဝရဘုရား၏သစ်ပင်စိုက်ထားတော်မူသောလေဗနုန်သစ်ကတိုးပင်များသည်၊ ရောင့်ရဲလျက်ရှိကြ၏။
17 ထိုအပင်များ၌ ငှက်များသည်အသိုက်ကိုလည်းေကာင်း၊ ထင်းရူးပင်များ၌ငှက်ကျားများသည် သိုက်မြုံကိုလည်းေကာင်း၊ လုပ်လျက်၊
18 မြင့်သောတောင်တန်းသည်၊ တောင်ဆိတ်များအဖို့၊ ကျောက်တောင်များလည်း၊ ခွေးတူဝက်တူများအဖို့၊ မှီခိုရာဖြစ်၏။
19 ရာသီများအဖို့လကိုဖန်ဆင်းတော်မူ၍၊ နေလည်းဝင်ချိန်ကိုသိ၏။
20 မှောင်မိုက်ကိုစီရင်တော်မူလျှင်၊ တောသားရဲအပေါင်းတို့တွားထွက်တတ်သောညဉ့်အချိန်ကျရာ၊
21 ခြင်္သေ့ပျိုများသည်၊ သားကောင်ကိုဟောက်လျက်၊
22 ဘုရားသခင့်ထံအစာကိုရှာပြီးမှ၊ နေထွက်သော်၊ ဆုတ်သွား၍၊ ပုန်းအောင်းရာတွင်းများ၌ဝပ်နေကြပါ၏။
23 လူတို့မှာမူ၊ လုပ်ဆောင်ရန်ထွက်သွားလျက်၊ ညနေတိုင်အောင်ကြိုးစားအားထုတ်ရပါ၏။
24 အိုထာဝရဘုရား၊ အမှုတော်များလှပါ၍၊ ရှိရှိသမျှကိုဉာဏ်တော်ဖြင့် ဖန်ဆင်းတော်မူသည့်အလျောက်၊ ပိုင်ရာတော်များနှင့်မြေပထဝီကြွယ်ဝပြည့်စုံပါသည်တကား။
25 မရေတွက်နိုင်အောင်တွားတတ်သည့်သားငါးအစရှိသောတိရစ္ဆာန်ကြီးငယ်များနေရာ၊
26 ကြီးမားကျယ်ဝန်းသောထိုသမုဒ္ဒရာ၌၊ သွားလာသောသင်္ဘောများပြင်၊ မြူးထူးရစေရန်၊ ဖန်ဆင်းထားတော်မူသော၊ ငါးကြီးအာနန္ဒာရှိပါ၏။
27 အချိန်တန်လျှင်၊ ရှိရှိသမျှတို့သည်၊ ကျွေးမွေးတော်မူစေရန်၊ ကိုယ်တော်ကိုစောင့်မေျှာ်လျက်၊
28 ချပေးတော်မူသော်၊ သိမ်းယူခွင့်၊ လက်တော်ဖွင့်တော်မူသော်၊ ကောင်းသောအရာနှင့်ရောင့်ရဲခွင့်ရကြပါ၏။
29 မျက်နှာတော်လွှဲတော်မူသော်၊ ဒုက္ခရောက်လျက်၊ အသက်ကိုရုပ်သိမ်းတော်မူသော်၊ သေ၍မြေမုန့်ဖြစ်ပြန်ရကြပါ၏။
30 ဝိညာဉ်တော်ကိုလွှတ်သော်၊ ဖန်ဆင်းခြင်းခံရ၍၊ မြေမျက်နှာပြင်သည်၊ အသစ်ဖြစ်ရပြန်ပါ၏။
31 ထာဝရဘုရား၏ဘုန်းတော်သည် ကာလအစဉ်တည်၍၊ ကိုယ်တော်သည်အမှုအရာတော်များ၌ ရွှင်လန်းတော်မူပါစေ။
32 မြေပထဝီကိုကြည့်ရှုတော်မူသော်၊ တုန်လှုပ်ရ၏။ တောင်များကိုတို့တော်မူသော်၊ မီးခိုးထွက်ရ၏။
33 ငါသည်အသက်ထက်ဆုံး၊ ထာဝရဘုရားအားသီချင်းဆိုလျက်၊ တည်နေသမျှအတွင်း၊ ငါ့ဘုရားသခင်ကိုကျူးဧပါမည်။
34 ငါ့ဆင်ခြင်ချက်များကို၊ နှစ်သက်တော်မူသည့်အလျောက်၊ ထာဝရဘုရား၌ငါရွှင်လန်းမည်။
35 အပြစ်သားတို့သည်၊ မြေကြီးပေါ်မှသုတ်သင်ပယ်ရှားခြင်းကိုခံရ၍၊ လူဆိုးတို့သည်၊ ကွယ်ပျောက်ကြပါစေ။ အိုငါ့အသက်ဝိညာဉ်၊ ထာဝရဘုရားကိုဩဘာဆက်လော့။ ဟာလေလုယ။