4
ထိုကြောင့် ငါချစ်ခင်မြတ်နိုးတသသသူ၊ ငါရွှင်လန်းရာအကြောင်း ငါ့သရဖူသဖွယ်ဖြစ်သော ညီအကိုတို့ အရှင်ဘုရား၌ ထိုအတိုင်း တည်ကြည်စွာနေကြလော့၊
ဧဝေါဒိကို၄င်း၊ သုန္တုတ်ကို၄င်း၊ အရှင်ဘုရား၌ တသဘောတိုင်းရှိကြစေရန် ငါနှိုးဆော်၏။ ငါနှင့်ဦးပဲ့ထမ်းစစ်ဖြစ်သူသင့်အား ထိုမိန်းမများကိုကူညီရန် ငါတောင်းပန်ပါ၏။ သူတို့သည် ငါနှင့်ကလေမင်မှစ၍ အသက်စရင်းတွင် အမည်ပါသော အခြားလုပ်ဘော်ဆောင်ဘက်တို့နှင့်အတူ သတင်းတော်မြတ်ကြားပြောမှု၌ လုံ့လထုတ်ကြ၏။
အရှင်ဘုရား၌ အစဉ်ရွှင်လန်းကြလော့ တဖန်ငါဆိုသည်ကား ရွှင်လန်းကြလော့။ သင်တို့နူးညံ့ခြင်းကို သူခပ်သိမ်းတို့ သိကြစေ အရှင်ဘုရားသည် ရောက်တော်မူလုပြီ။ စိုးစဉ်းမျှမစိုးရိမ်ပဲ ကျေးဇူးတော်ကိုချီးမွမ်းလျက် တောင်းလျောက်ပဌာနာပြုချက်များဖြင့် လိုလေရာရာကို ဘုရားသခင်ရှေ့ဖော်ပြကြလော့။ သို့ပြုလျင် ဉာဏ်ဟူသမျှထက် လွန်ကဲသောဘုရားသခင် ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် အကြံအစည်များကို ကွယ်ကာစောင့်ရှောက်လိမ့်မည်။ အဆုံးစကားမှာ ညီအကိုတို့ မှန်ကန်သောအရာ၊ ကြည်ညိုဖွယ်သောအရာ၊ သင့်လျော်သောအရာ၊ စင်ကြယ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ အသရေရှိသောအရာများကို၄င်း၊ ပါရမီအပါးပါး ဂုဏ်အပါးပါးကို၄င်း၊ အလေးဂရုပြုကြလော့ ငါ့ထံသင်ကြားမှတ်ယူ နာခံသိမြင်ခဲ့သောအရာများကို ပြုကျင့်ကြလော့။ သို့ပြုလျင် ငြိမ်သက်ခြင်း အရှင်ဘုရားသခင်သည် သင်တို့နှင့် အတူရှိတော်မူလိမ့်မည်။
10 သင်တို့သည် ငါ့ကိုသတိရကြသည် မှန်သော်လည်း အခါအခွင့်မသင့်သဖြင့် ယခုမှတဖန်သတိရသည့်အတိုင်း ပြုကြပြန်သည့်အတွက် အရှင်ဘုရား၌ ငါအားရွှင်လန်းရ၏။ 11 ငါဆင်းရဲသည်ကိုအကြောင်းပြု၍ ပြောဆိုသည်မဟုတ် မည်သည့်အဖြစ်အနေမဆို ရောင့်ရဲလျက်နေရန် ငါသင်ခဲ့ပြီ။ 12 နိမ့်ကျခြင်းနှင့် ကြွယ်ဝခြင်းအဖြစ်အနေကို ငါခံတတ်ပြီ။ အမှုခပ်သိမ်း အရာခပ်သိမ်း၌ ဝပြောခြင်းနှင့်ငတ်မွတ်ခြင်း ကြွယ်ဝခြင်းနှင့်ဆင်းရဲခြင်းကို ငါတွေ့ကြုံခဲ့ရပြီ။ 13 ငါ့ကိုခွန်အားနှင့်ပြည့်စေတော်မူသော အရှင်၌ ငါသည်အရာခပ်သိမ်းကို စွမ်းဆောင်နိုင်၏။ 14 သို့ရာတွင်ငါခံရသောဒုက္ခ၌ သင်တို့ထောက်ပံ့ကြသည်မှာ ကောင်းမွန်စွာပြုကြ၏။ 15-16 အချင်းဖိလိပ္ပိအသင်းတော်သားတို့ သတင်းတော်မြတ်ကိုကြားပြောစပြုစဉ် မာကေဒေါနိပြည်မှ ငါထွက်သွားသည့်ကာလ သက်သာလောနိတ်မြို့၌ ရှိခိုက် ငါလိုရာကို တကြိမ်နှစ်ကြိမ် သင်တို့ ထောက်ပံ့ကြသည့်အတိုင်း၊ ပေးကမ်းမှု၊ ရယူမှု၌စ၍ ထောက်ပံ့သောအသင်းတော်ကား သင်တို့တပါးသာဖြစ်ကြောင်း ကိုယ်တိုင်သိကြ၏။ 17 ထိုသို့ဆိုသော် အလှူဝတ္ထုကိုငါအလိုရှိသောကြောင့်မဟုတ် သင်တို့စရင်းတိုးတက်ရန် အကျိုးကိုငါအလိုရှိ၏။ 18 ငါ၌အရာခပ်သိမ်းရှိ၍ ကြွယ်ဝ၏။ ဘုရားသခင်နှစ်သက်လက်ခံတော်မူဖွယ် သက္ကာ၊ မွှေးကြိုင်သောရနံ့အဖြစ် သင်တို့ပို့လိုက်သောဝတ္ထုများကို ဧပဖြောဒိတ် ထံမှရရှိသဖြင့် ငါပြည့်ဝပေ၏။ 19 သို့ဖြစ်၍ ငါ့ဘုရားသခင်သည် ဘုန်းတော်ကြွယ်ဝတော်မူသည့်အတိုင်း သင်တို့အလိုရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။ 20 ငါတို့အဘ ဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်တော်ကြီးပါစေသော်။ အာမင်။
 
21 ခရစ်တော်ယေရှု၌ သီးသန့်ထားတော်မူသည့်အတိုင်းကို နှုတ်ဆက်ကြလော့။ ငါနှင့်အတူရှိနေသော ညီအကိုတို့က သင်တို့ကို နှုတ်ဆက်လိုက်ကြ၏။ 22 ကဲသာမင်းနန်းတော်သားများမှစ၍ သီးသန့်ထားသူ ရှိသမျှတို့ကလည်း။ နှုတ်ဆက်လိုက်ကြ၏။
 
23 အရှင်ယေရှုခရစ်၏ ကျေးဇူးတော်သည် သင်တို့စိတ်ဝိညဉ်နှင့် အတူရှိစေသတည်း။ ။