ကောလောသဲဩဝါဒကျမ်း
1
ဘုရားသခင့်အလိုတော်အတိုင်း ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သောပေါလုနှင့် ညီအစ်ကိုတိမောသေတို့က၊ ကောလောသဲမြို့ရှိ သီးသန့်ထားတော်မူသူ၊ ခရစ်တော်၌သစ္စာရှိသောညီအစ်ကိုတို့ထံ ရေးလိုက်သည်မှာ ငါတို့အဘဘုရားသခင့်အထံတော်မှ ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌တည်ရှိပါစေသော။
3-5 ခရစ်တော်ယေရှုကိုယုံကြည်ကြကြောင်း သီးသန့်ထားတော်မူသူအပေါင်းတို့အား မေတ္တာရှိကြကြောင်းကြားရသောငါတို့သည် သင်တို့အဖို့ပဌနာပြုသော်၊ သမ္မာတရား တည်းဟူသောသတင်းတော်မြတ်ကြောင့် ယမန်ကြားသိကြသည့်အတိုင်း သင်တို့အဖို့ကောင်းကင်ဘုံ၌ ရန်ထားသော မြော်လင့်ရာအတွက် ငါတို့အရှင်ယေရှုခရစ်၏ အဘဘုရားသခင့်ကျေးဇူးတော်ကိုအစဉ် ချီးမွမ်းကြ၏။ 6-7 ဘုရားသခင့်ကျေးဇူးတော်ကို သင်တို့အဖို့ခရစ်တော်၏သစ္စာရှိသောအမှုတော်ဆောင်၊ ငါတို့ချစ်လှသော ကျွန်ချင်းဖြစ်သူဧပဖြ သွန်သင်သည့်အလျောက် မှန်ကန်စွာသင်တို့ကြားသိသည့်နေ့ကစ၍ ထိုသတင်းတော်မြတ်သည် သင်တို့ဘောင်တွင်တည်လျက် အကျိုးဖြစ်ထွန်းတိုးပွားသည့်နည်းတူပင် ဤလောကတရှောက်လုံးတွင်လည်း တိုးပွားလျက်ရှိ၏။ ဝိညာဉ်တော်အားဖြင့် သင်တို့၏ချစ်ခြင်းမေတ္တာအကြောင်းကို ထိုသူသည်ငါတို့အားဖော်ပြ၏။
ထိုအကြောင်းကြောင့် ငါတို့သည်ကြားရသည့်နေ့ကစ၍ သင်တို့အတွက်မပြတ်ပဌနာပြုသည်မှာ ဝိညာဉ်တော်ဆိုင်ရာဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်အမျိုးမျိုးဖြင့် အလိုတော်ကိုသိကျွမ်းခြင်းနှင့်ပြည့်စုံ၍၊ 10 ဘုရားသခင်နှင့်ကျွမ်းဝင်ခွင့်ကြောင့် တိုးပွားလျက် ကောင်းမှုအသီးအမျိုးမျိုးကို သိသည့်အလျောက် အရှင်ဘုရားနှင့်ထိုက်လျော်စွာကျင့်ကြံသဖြင့်၊ 11 စိတ်တော်နှင့်တွေ့ကြမည့်အကြောင်း ဘုန်းကြီးသောတန်ခိုးတော်အလျောက် ခွန်အားအမျိုးမျိုးတိုးတက်သဖြင့် တည်ကြည်ခြင်း၊ စိတ်ရှည်ခြင်းနှင့်ပြည့်စုံလျက်၊ 12 အလင်းတော်၌ သီးသန့်ထားတော်မူသူတို့နှင့်အတူ ဝေပုံစုကိုခံယူထိုက်စေတော်မူသော ခမည်းတော့်ကျေးဇူးတော်ကို အားရဝမ်းမြောက်စွာချီးမွမ်းကြမည့်အကြောင်း တောင်းလျှောက်ကြ၏။ 13 ကိုယ်တော်သည် မှောင်မိုက်တန်ခိုးအောက်မှငါတို့ကိုကယ်နုတ်၍ မြတ်နိုးသောသားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းတော်မူလျက်၊ 14 သားတော်အားဖြင့်ရွေးနုတ်တော်မူခြင်းတည်းဟူသော ပြစ်မှုများပြေလွတ်ခွင့်ကို ပေးတော်မူ၏။ 15 ထိုသားတော်သည် မျက်မြင်မရသောဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်သည့်ပြင် သတ္တဝါခပ်သိမ်းတွင် သြရသဖြစ်တော်မူလျက်၊ 16 နတ်ဘုရင်များ၊ နတ်မင်းများ၊ အုပ်စိုးရှင်များ၊ အာဏာရှင်များမှစ၍ကောင်းကင်နှင့်မြေကြီးရှိ ရူပ၊ အရူပ အရာခပ်သိမ်းကို ကိုယ်တော်၌၊ ကိုယ်တော်ဖြင့်၊ ကိုယ်တော့်အဖို့ ဖန်ဆင်း၍ထားတော်မူ၏။ 17 ကိုယ်တော်သည် အရာခပ်သိမ်းအရင်ဖြစ်တော်မူ၏။ အရာခပ်သိမ်းလည်း ကိုယ်တော်ကြောင့် တည်မြဲ၏။ 18 ၎င်းပြင် အရာခပ်သိမ်း၏အထွဋ်ဖြစ်အံ့သောငှာ ကိုယ်တော်သည် သူသေတို့အထဲမှ သြရသနှင့် ကနဦးဖြစ်သည့်အလျောက် အသင်းတော်တည်းဟူသော ကိုယ်ခန္ဓာတော်တွင် ဦးထိပ်ဖြစ်တော်မူ၏။ 19 အသို့ဆိုသော် ဂုဏ်ဟူသမျှသည် ကိုယ်တော်၌ကိန်းဝပ်စေရန်လည်းေကာင်း၊ 20 ကားတိုင်တော်၌ သွန်းသောအသွေးတော်ကြောင့် ရန်ငြိမ်းစေပြီးလျှင် မြေကြီးအရာ၊ ကောင်းကင်အရာခပ်သိမ်းကို သားတော်ဖြင့်မိသဟာယဖွဲ့စေရန်လည်းေကာင်း၊ ဘုရားသခင်စေတနာရှိတော်မူ၏။ 21 အထက်ကအဆိုးအသွမ်းပြုခြင်းဖြင့် စိတ်သဘောစိမ်းကားလျက် ရန်သူဖြစ်သောသင်တို့ကိုလည်း၊ 22 ယခုမှာ ရှေ့တော်တွင်သန့်ရှင်းစင်ကြယ်၍ စွပ်စွဲခြင်းကင်းလွတ်သည့်အနေနှင့်ဆက်သွင်းရန် ရုပ်ခန္ဓာတော်၌အသေခံတော်မူခြင်းအားဖြင့် မိသဟာယဖွဲ့စေတော်မူ၏။ 23 သို့ရာတွင်ကောင်းကင့်အောက်ရှိ သတ္တဝါအပေါင်းတို့အားဟောပြောသဖြင့် သင်တို့ကြားနာရသည့် သတင်းတော်မြတ်ဆိုင်ရာ ေမျှာ်လင့်ခြင်းအကြောင်းမှမရွေ့ဘဲ ငါပေါလုဆောင်ရွက်သော ယုံကြည်ခြင်း တရားတော်၌ တည်ကြည်စွာတိုက်မြစ်ချလျက် နေကြရမည်။
24 ယခုမှာ ငါသည်သင်တို့အတွက် ဒုက္ခခံရခြင်းများ၌ရွှင်လန်းလျက် အသင်းတော်တည်းဟူသောကိုယ်ခန္ဓာတော့်အတွက် ခရစ်တော်ခံခဲ့သောညှဉ်းပန်းခြင်းများတွင် လိုလေရာကို ငါ့ရုပ်ခန္ဓာ၌ ဖြည့်စွက်၍နေ၏။ 25 ဘုရားသခင့်တရားတော် အစုံအလင်ကြားပြောမှုကို ဘုရားသခင်စီရင်ပေးသနားတော်မူသည့်အတိုင်း ငါသည်သင်တို့အဖို့ အသင်းတော်၏အမှုဆောင်ဖြစ်၏။ 26-27 ကာလအစဉ် လူမျိုးအဆက်ဆက်မှထိမ်ချန်တော်မူသော်လည်း ယခုလူမျိုးခြားတို့ဘောင်တွင် ထိုတရားတော်တည်းဟူသောနက်နဲရာသည် မည်မျှဘုန်းတန်ခိုးနှင့်ကြွယ်ဝကြောင်းကို ဖော်ပြလိုတော်မူသည့် အလျောက် သီးသန့်ထားတော်မူသူတို့အား ဘုရားသခင်ထင်ရှားစေတော်မူပြီ။ ထိုနက်နဲရာကား ဘုန်းတော့်ဆိုင်ရာေမျှာ်လင့်ခြင်းအကြောင်းအဖြစ် သင်တို့အဇ္စျတ္တတွင်စံနေတော်မူသောခရစ်တော်တည်း။ 28 ထိုခရစ်တော်အကြောင်းငါတို့ကြော်ငြာလျက် ခရစ်တော်အားဖြင့်လူတိုင်းကို စုံလင်သည့်အဖြစ်အနေနှင့် ဆက်သွင်းခွင့်ရစေခြင်းငှာ အသီးအသီးတို့ကိုပဲ့ပြင်၍ ခပ်သိမ်းသောဉာဏ်ပညာဖြင့် သင်ကြားကြစဉ် 29 ငါ၌အားကြီးစွာပြုပြင်သောတန်ခိုးတော်နှင့်အညီ ငါကြိုးစားအားထုတ်လျက်ရှိ၏။