3
1 အဆုံးစကားမှာ ညီအစ်ကိုတို့၊ အရှင်ဘုရား၌ရွှင်လန်းကြလော့။ ဤအကြောင်းအရာများကို ငါထပ်မံရေးသည်မှာ ကိုယ်တိုင်ပင်ပန်းသည်မဟုတ်၊ သင်တို့လုံခြုံစေရန်ဖြစ်၏။
2 ခွေးဖြစ်သူ၊ မကောင်းဆောင်ရွက်သူ၊ ကိုယ်ကိုထိရှသူတို့ကို သတိပြုကြလော့။
3 လှီးဖြတ်ခြင်းမင်္ဂလာခံသူတို့မှာ ဘုရားသခင့်ဝိညာဉ်တော်အားဖြင့်ဝတ်ပြုကိုးကွယ်လျက် ပဝတ္တိ၌ စိတ်မချဘဲ ခရစ်တော်ယေရှု၌သာဂုဏ်တင်လျက်နေသော ငါတို့ပင်တည်း။
4 ငါမူကား ပဝတ္တိ၌စိတ်ချခွင့်အကြောင်းရှိသူမှန်၏၊ မည်သူမဆို ပဝတ္တိ၌စိတ်ချခွင့်ရှိသည်ဟုထင်လျှင်၊
5 ရှစ်ရက်မြောက်သောနေ့၌ လှီးဖြတ်ခြင်းမင်္ဂလာခံသူ၊ ဣသရေလအမျိုး၊ ဗင်္ယာမိန်အနွယ်၊ ဟေဗြဲလူစစ်ဖြစ်သူ၊ ပညတ်တရားကိုဆိုသော်ဖာရိရှဲဂိုဏ်းသား၊
6 စိတ်စေတနာထက်သန်ခြင်းကိုဆိုသော် အသင်းတော်အားညှဉ်းပန်းသူ၊ ပညတ်တရားအလိုက် ဖြောင့်မတ်ခြင်းကိုဆိုသော် အပြစ်မဲ့ရာရောက်သူငါသည် သာ၍အခွင့်ရှိ၏။
7 သို့ရာတွင် ငါ၌အမြတ်မှတ်ခဲ့သောအရာများကို ခရစ်တော်အတွက်အရှုံးမှတ်ယူလေပြီ။
8-9 မုချအားဖြင့် ငါ့အရှင်ခရစ်တော်ယေရှုနှင့် ကျွမ်းဝင်ခွင့်အထူးအမြတ်ကိုထောက်၍ အရာခပ်သိမ်းကိုအရှုံးဖြစ်သည်ဟု ငါမှတ်ယူ၏။ ပညတ်တရားနှင့်ဆိုင်ရာ ကိုယ်ဖြောင့်မတ်ခြင်းမရှိဘဲ ခရစ်တော်ကိုယုံကြည်အားကိုးခြင်းကြောင့် ဘုရားသခင်သနားတော်မူသော ဖြောင့်မတ်ခြင်းကိုရ၍ ခရစ်တော်ကိုပိုင်လျက် ကိုယ်တော်၌တည်နေခွင့်ရအံ့သောငှာ ငါသည်ကိုယ်တော့်အတွက် အရာခပ်သိမ်းအရှုံးခံ၍ အမှိုက်မျှသာမှတ်ယူ၏။
10 သို့နှင့်အညီ ကိုယ်တော်ကိုလည်းကောင်း၊ ရှင်ပြန်ထမြောက်တော်မူခြင်းတန်ခိုးကိုလည်းကောင်း၊ ဒုက္ခတော်များ၌ ဆက်ဆံခြင်းကိုလည်းကောင်းကျွမ်းဝင်သဖြင့် အသေခံတော်မူခြင်း၌ပါဝင်လျက်၊
11 သူသေတို့အထဲမှ ရှင်ပြန်ထမြောက်ရာသို့ ရောက်ခွင့်ရလိမ့်မည်။
12 သို့ရာတွင် ငါသည်ရရှိပြီ၊ စုံလင်ပြီဟူ၍ဆိုလိုသည်မဟုတ်။ ဆုပေးတော်မူလို၍ ငါ့ကိုခရစ်တော်ယေရှုကိုင်ဖမ်းတော်မူရင်းအရ ထိုဆုကိုကိုင်မိရန် ငါပြေးလိုက်၏။
13-14 ညီအစ်ကိုတို့၊ ငါကိုင်မိပြီဟု မမှတ်သော်လည်း နောက်လွန်ခဲ့ရာများကိုမလှည့်ဘဲ ရှေ့အရာများကိုလှမ်းလျက် ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်ပေးတော်မူရာ အထက်အဖြစ်အနေ ဆုတော်ကိုခံရခြင်းငှာ ပန်းတုံးတိုင်ရောက်ပြေးလိုက်ခြင်းတစ်ခုသာ ငါပြု၏။
15 သို့ဖြစ်၍ စုံလင်သမျှသောငါတို့သည် ထိုသို့သဘောထားကြကုန်အံ့။ မည်သည့်အရာ၌မဆို သင်တို့သည် သဘောတစ်မျိုးထားလျင် ထိုအရာကိုပင်ဘုရားသခင်ဖွင့်ပြတော်မူလိမ့်မည်။
16 သို့ရာတွင် ငါတို့သည်သိမှီပြီးအတိုင်း လျှောက်လိုက်ကြကုန်အံ့။
17 ညီအစ်ကိုတို့၊ ငါ့ပုံစံကိုလိုက်လျက် ငါတို့ပြသည့်နည်းတူပင် လျှောက်လိုက်သူတို့ကိုမှတ်ကြလော့။
18 အထက်ကကြိမ်ဖန်များစွာငါပြောခဲ့သည့်ပြင် ယခုလည်း မျက်ရည်ကျလျက်ပြောရသည့်အတိုင်း အများတို့သည် ခရစ်တော်၏ကားတိုင်တော်ကိုရန်မူ၍ လျှောက်လိုက်ကြလေစွ။
19 ဤမြေကြီးအရေးများကို ဂရုစိုက်သောထိုသူတို့အဆုံးသည် ပျက်စီးခြင်း၊ ဘုရားလည်းအူမတောင့်ခြင်းဖြစ်လျက် ကိုယ့်အရှက်ကွဲရာ၌ဝါကြွားတတ်ကြ၏။
20 ငါတို့မူကား ကောင်းကင်ပြည်တော်သားများဖြစ်ကြသည့်အေလျာက် သက်ကြွတော်မူမည့် အရှင်ယေရှုခရစ်တည်းဟူသော ကယ်တင်ရှင်ကို စောင့်မျှေော်လျက်နေကြ၏။
21 ထိုအရှင်သည် အရာခပ်သိမ်းကို ကိုယ်တော်အောက်ချထားနိုင်သောတန်ခိုးတော်ဖြင့် ငါတို့၏ နိမ့်ကျသောကိုယ်ခန္ဓာကို ဘုန်းကြီးသောခန္ဓာတော်နှင့်တူအောင် ပြောင်းလဲစေေတာ်မူလိမ့်မည်။