2
သို့ဖြစ်၍ ခရစ်တော်ကြောင့်နှိုးဆော်ခြင်း၊ မေတ္တာတရားကြောင့်တိုက်တွန်းခြင်း၊ ဝိညာဉ်တော်နှင့် ပေါင်းသင်းဆက်ဆံခြင်း၊ အသည်းစွဲသနားခြင်းအရာရာကိုရရှိလျင်၊ တစ်သဘောတည်း၊ တစ်မေတ္တာတည်း၊ တစ်စိတ်တည်း၊ တစ်ညီတစ်ညွတ်တည်းနှင့် ငါ့ရွှင်လန်းခြင်းအကြောင်းကို စုံလင်ကြစေလော့။ ဖီဆန်ဝါကြွားလိုသောသဘောနှင့် မည်သည်ကိုမျှမပြုဘဲ တစ်ယောက်ကိုတစ်ယောက်ကိုယ့်ထက်ကောင်းသည်ဟု စိတ်နှိမ့်ချစွာမှတ်ယူလော့။ ကိုယ့်အမှုအရေးများကိုသာဂရုမပြုဘဲ တစ်ပါးသူ့အမှုအရေးများကိုလည်း ဂရုပြုကြလော့။ ခရစ်တော်ယေရှု၌ရှိသောသဘောမျိုးကို သင်တို့၌လည်းရှိကြစေလော့။ ထိုအရှင်သည် ဘုရားသခင့်သဏ္ဌာန်တော်ရှိလျက် ဘုရားသခင်နှင့်ဂုဏ်ရည်တူခြင်းကို ခင်မင်ရာဟုမမှတ်ဘဲ ထိုသဏ္ဌာန်တော်ကိုပယ်ပြီးလျင်၊ ကျွန်၏သဏ္ဌာန်၊ လူ၏ပုံကိုဆောင်လျက် လူ့အသွင်နှင့်နေတော်မူရာ၊ ကိုယ်ကိုနှိမ့်ချ၍ကားတင်ခြင်း သေဒဏ်ခံသည့်တိုင်အောင်လိုက်နာတော်မူ၏။ 9-11 ထိုအကြောင်းကြောင့်ပင် ဘုရားသခင်သည်ယေရှု၏နာမတော်အားဖြင့် မိုးမြေနှင့် ​ေမြအောက်ရှိသတ္တဝါတိုင်း ဒူးထောက်စေခြင်းငှါလည်းကောင်း၊ ခမည်းတော်ဘုရားသခင့်ဘုန်းတော်ထင်ပေါ်စေရန် ယေရှုခရစ်သည်အရှင်ဖြစ်​ေတာ်မူကြောင်း နှုတ်ဖြင့်ဝန်ခံရခြင်းငှါလည်းကောင်း၊ ကိုယ်တော်ကိုချီးေမြှာက်လျက် ဘွဲ့နာမရှိသမျှထက် မြတ်သောဘွဲ့နာမကို ပေးသနားတော်မူပြီ။
12 သို့ဖြစ်၍ချစ်သူတို့၊ အခါခပ်သိမ်းလိုက်နာတတ်ကြသည့်အတိုင်းပင် ငါပါရှိသည်ဟုမှတ်၍မဟုတ်။ ယခုကွာလျက်ရှိသော်လည်း ကိုယ့်ကယ်တင်ရေးကိုကြောက်ရွံ့တုန်လှုပ်စွာ ကြိုးစားပြုပြင်ကြလော့။ 13 သဘောပေါက်၍ဆောင်ရွက်ကြစေခြင်းငှါ သင်တို့စိတ်ထဲ၌ စေတနာတော်အလျောက်ပြုပြင်တော်မူသော အရှင်ကား ဘုရားသခင်ပေတည်း။ 14-16 သင်တို့သည်အပြစ်မဲ့ရာ၊ ရန်ကင်းရာရောက်လျက် ကောက်ကျစ်စဉ်းလဲသောလူ့ဘောင်တွင် ဘုရားသခင်၏စင်ကြယ်သောသားသမီးများအဖြစ်နှင့် အသက်ဆိုင်ရာတရားတော်ကိုကိုင်ပြလျက် ဤလောက၌အလင်းအိမ်များသဖွယ်ထင်ရှားကြသဖြင့် ငါဆောင်ရွက်ခြင်း၊ ကြိုးစားခြင်း၊ အကျိုးမဲ့မဖြစ်စေဘဲ ခရစ်တော်၏နေ့တော်တွင် ဂုဏ်တင်ခွင့်ရစေခြင်းငှာ အရာခပ်သိမ်းကိုညည်းညူခြင်း၊ ငြင်းဆန်ခြင်းကင်းလျက် ဆောင်ရွက်ကြလော့။ 17 သင်တို့ဝတ်ပြု၍ ပူဇော်ရာယုံကြည်ခြင်းအပေါ်တွင် သွန်းလောင်းရာအဖြစ်ပူဇော်ခံရလျှင် ငါသည်ဝမ်းမြောက်လျက် သင်တို့နှင့်အတူရွှင်လန်းမည်။ 18 သင်တို့လည်းဝမ်းမြောက်လျက် ငါနှင့်အတူရွှင်လန်းကြလော့။
19 သို့ရာတွင် သင်တို့၏အဖြစ်အနေကိုငါသိသဖြင့် စိတ်သက်သာခွင့်ရခြင်းငှာ တိမောသေကိုမကြာမီလွှတ်လိုက်မည်ဟု အရှင်ယေရှု၌ငါအောက်မေ့၏။ 20 တိမောသေမှတစ်ပါး သင်တို့အဖြစ်အနေအတွက် စင်စစ်ကြောင့်ကြသောသဘောရှိသူ တစ်ယောက်မျှငါ၌မရှိ။ 21 သူတစ်ထူးတို့သည် ခရစ်တော်ယေရှု၏အကျိုးတော်ကိုမရှာ။ ကိုယ့်အကျိုးကိုသာရှာကြ၏။ 22 တိမောသေမူကား သတင်းတော်မြတ်တိုးပွားစေခြင်းအမှု၌ သားအဘကဲ့သို့ငါနှင့်အတူဆောင်ရွက်လျက် သဘောထင်ရှားကြောင်း သင်တို့သိ၏။ 23 သို့ဖြစ်၍ ငါ၌မည်သို့ဖြစ်ပျက်မည်ကို သိလျှင်သိချင်း သူ့ကိုလွှတ်လိုက်မည်ဟုအောက်မေ့၏။ 24 ငါကိုယ်တိုင်လည်းမကြာမီရောက်လာမည်ဟု အရှင်ဘုရား၌စိတ်ချလျက်ရှိ၏။ 25-26 ငါ့ကိုထောက်ပံ့ရန် သင်တို့တမန်၊ ငါ့ညီအစ်ကို၊ ငါ့လုပ်ဖော်ဆောင်ဘက်၊ ငါစစ်သည်ချင်းဖြစ်သူ ဧပဖြောဒိတ်သည် နာလျက်ရှိနေခဲ့ကြောင်း သင်တို့ကြားသိကြသည့်အတွက်နှလုံးမသာ၍ သင်တို့ရှိသမျှကို တသသဖြင့်ပြန်လွှတ်သင့်သည်ဟု ငါသဘောရှိ၏။ 27 သေလုအောင်နာလျက်ရှိနေခဲ့သည်မှန်သော်လည်း ဘုရားသခင်သည် သူ့အပေါ်တွင်သာမဟုတ်။ ငါ့အပေါ်တွင်လည်း ထပ်ဆင့်ပူပန်ခြင်းမရှိစေရန် ကရုဏာသက်​ေတာ်မူ၏။ 28 သို့ဖြစ်၍ သူ့ကိုတွေ့မြင်ရပြန်သော် သင်တို့ရွှင်လန်းကြသဖြင့် ငါအပူလျော့စေရန် ဂရုစိုက်လျက်ပြန်လွှတ်လိုက်၏။ 29 ခပ်သိမ်းသောဝမ်းမြောက်ခြင်းနှင့် အရှင်ဘုရားအားဖြင့်လက်ခံလျက် ထိုသို့သောသူတို့ကို ရိုသေထောက်ထားကြလော့။ 30 သူသည်ငါ့အဖို့ သင်တို့ထောက်ပံ့မှုတွင် လိုသမျှကိုဖြည့်စွက်ရာ၌ ခရစ်တော်၏အမှုတော်ကြောင့် သေခြင်းသို့ရောက်လုသည့်တိုင်အောင် ကိုယ့်အသက်ကိုစွန့်စားလေပြီ။