ဟေဗြဲဩဝါဒကျမ်း
1
1 အထက်ကာလက ပရောဖက်တို့ဖြင့်ဘိုးဘေးတို့အား အထပ်ထပ်အနည်းနည်းဗျာဒိတ်ပေးတော်မူခဲ့သော ဘုရားသခင်သည်၊
2 ဤနောင်ကာလ၌ သားတော်ဖြင့်ငါတို့အားဗျာဒိတ်ပေးတော်မူ၏။ အရာခပ်သိမ်းကိုအမွေခံအဖြစ်၊ လောကဓာတ်များကိုဖန်ဆင်းရှင်အဖြစ် ခန့်ထားခံရသော၊
3 ထိုသားတော်သည် ဘုန်းတော်၏ရောင်ခြည်အတ္တတော်၏ပုံသဏ္ဌာန်ဖြစ်လျက် တန်ခိုးတော့်ဆိုင်ရာ အမိန့်တော်ဖြင့် အရာခပ်သိမ်းကိုထမ်းလျက် ငါတို့အပြစ်များကိုသန့်စေပြီးလျှင် ဘဝဂ်ရှိ ဘုန်းတန်ခိုးတော်ရှင်၏ယာဘက်တော်၌ စံတော်မူရာ၊
4 စေတမန်တော်တို့ထက် ထူးမြတ်သောဘွဲ့အမွေကိုခံရသည်နှင့်အမျှ ထူးမြတ်သောအဖြစ်သို့ရောက်တော်မူ၏။
5 သင်သည်ငါ့သားဖြစ်၏။ ယနေ့သင့်ကိုငါဖြစ်ပွားစေပြီဟူ၍လည်းေကာင်း၊ ငါနှင့်သူသည်သားအဘဖြစ်မည်ဟူ၍လည်းေကာင်း၊ မည်သည့်စေတမန်တော်အား ဗျာဒိတ်တော်ရှိဘူးသနည်း။
6 ၎င်းပြင် သြရသတော်ကို ဤလောကသို့ပို့သွင်းတော်မူသည့်ကာလ ဘုရားသခင့်စေတမန်တော်ရှိသမျှ ရှိခိုးကြစေဟု ဗျာဒိတ်တော်ရှိ၏။
7 စေတမန်တော်တို့နှင့်စပ်၍ကိုယ်တော်က စေတမန်တော်တို့ကို လေပြင်းကဲ့သို့လည်းေကာင်း၊ အမှုတော်ဆောင်ကို မီးလျှံကဲ့သို့လည်းေကာင်း၊ ဖြစ်စေတော်မူပါသည်ဟူ၍သာ ဗျာဒိတ်တော်ရှိရာ၊
8 သားတော်နှင့်စပ်၍မူကား အိုဘုရားသခင်၊ ကိုယ်တော်၏ရာဇပလ္လင်တော်သည် ကာလအစဉ်တည်ပါ၏။ နိုင်ငံတော်၏ရာဇလှံတံသည် တရားလှံတံဖြစ်ပါ၏။
9 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုနှစ်သက်၍ မတရားခြင်းကိုရွံ့ရှာတော်မူသောကြောင့် ဘုရားတည်းဟူသော ကိုယ်တော်၏ဘုရားသခင်သည် ကိုယ်တော်ကိုဘုရင်ချင်းတို့ထက် မင်္ဂလာဆီနှင့်ဘိသိက်သွန်းတော်မူပါပြီဟူ၍လည်းေကာင်း၊
10 အိုထာဝရဘုရား၊ ကိုယ်တော်သည်အစဦး၌ မြေပထဝီကိုတည်ထောင်တော်မူလျက် မိုးကောင်းကင်လည်း လက်တော်နှင့်ဖန်ဆင်းတော်မူရာဖြစ်ပါ၏။
11 ထိုအရာများသည် ပျက်စီးရပါလိမ့်မည်။ ကိုယ်တော်မူကားအမြဲတည်တော်မူပါမည်။ ထိုအရာရှိသမျှသည် အဝတ်ကဲ့သို့နွမ်းရိ၍၊
12 အဝတ်ထည်ကိုလိပ်သကဲ့သို့ လိပ်တော်မူလိုက်သဖြင့် ပြောင်းလဲခြင်းကိုခံရပါလိမ့်မည်။ ကိုယ်တော်မူကား မပြောင်းမလဲ။ နှစ်တာတော်လည်းအဆုံးမရှိပါဟူ၍လည်းေကာင်း ဗျာဒိတ်တော်ရှိ၏။
13 ၎င်းပြင် သင့်ရန်သူတို့ကို သင့်ခြေတင်ရာငါမဖြစ်စေမီအတွင်း ငါ့လက်ျာဘက်မှာစံနေလော့ဟု မည်သည့်စေတမန်တော်ကိုရည်၍ ဗျာဒိတ်တော်ရှိဖူးသနည်း။
14 ၎င်းတို့ရှိသမျှသည် ကယ်တင်တော်မူခြင်းကိုအပိုင်ရမည့်သူတို့အတွက် ဆောင်ရွက်ရန် စေလွှတ်တော်မူသော အမှုတော်ထမ်းဝိညာဉ်များဖြစ်ကြသည်မဟုတ်လော။