4
1-2 သို့ဖြစ်၍ ခရစ်တော်သည် ရုပ်ခန္ဓာ၌ ဒုက္ခခံတော်မူသည့်အလျောက် ရုပ်ခန္ဓာဖြင့် ဒုက္ခခံပြီးသူ၌ အပြစ်တရားပြတ်စဲပြီဖြစ်၍ သင်တို့လည်း ရုပ်ခန္ဓာ၌နေရသေးသမျှကာလအတွင်း လူတို့တပ်မက်ခြင်းအတိုင်း မဟုတ်၊ ဘုရားသခင့်အလိုတော်အတိုင်းနေထိုင်ကြစေရန် ထိုသဘောမျိုးကိုလက်နက်အဖြစ် စွဲကိုင်ကြလော့။ လူမျိုးခြားတို့အလိုရှိရာ ကာမဂုဏ်လိုက်စားခြင်း၊ တပ်မက်ခြင်း၊ မူးယစ်ခြင်း၊ ပျော်ပါးခြင်း၊ သောက်ကြူးခြင်း၊ စက်ဆုပ်ဖွယ်ရုပ်ပွားကိုးကွယ်ခြင်းများကို သင်တို့ပြုကျင့် ေလျှာက်လိုက်ရန် လွန်ခဲ့သောအချိန်ကာလ တော်လောက်ပြီ။ ထိုသို့သောပျော်ကြူးမှုများနှင့်ထပ်တူ သင်တို့မလိုက်စားကြသည်ကို သူတို့အံ့သြ၍ ကဲ့ရဲ့တတ်ကြသောကြောင့်၊ ရှင်သူ သေသူတို့ကို စီရင်ဆုံးဖြတ်ရန်အသင့်ရှိနေတော်မူသော အရှင့်ထံ သူတို့သည် အကြောင်းပြရကြလိမ့်မည်။ သေသူတို့ပင် သတင်းတော်မြတ် ကိုကြားနာခွင့် ရခဲ့ကြသည်မှာ လူတို့အလိုက် ရုပ်ခန္ဓာ၌ စီရင်ဆုံးဖြတ်ခံရသော်လည်း ဘုရားသခင်အလိုက် နာမ်ခန္ဓာ၌ အသက်ရှင်ကြရအံ့သောငှာတည်း။
အရာခပ်သိမ်းသည် ဆုံးခန်းတိုင်းလုပြီဖြစ်၍ ဣန္ဒြေစောင့်လျက် သတိရှိလျက် ပဌနာပြုကြလော့။ အထူးဆိုသော် မေတ္တာသည် များပြားသောအပြစ်ကို ဖုံးအုပ်သည်ဖြစ်၍ အချင်းချင်းမေတ္တာသဘောကို တောင့်တကြလော့။ တစ်ယောက်ကိုတစ်ယောက် မညည်းညူဘဲ ဧည့်ဝတ်ပြုကြလော့။ 10 ဘုရားသခင့်ကြွယ်ဝသောကျေးဇူးတော့်ဆိုင်ရာ ဘဏ္ဍာစိုးကောင်းများအဖြစ် အသီးသီးဆုကျေးဇူးတော်ခံရသည့်အလျောက် အချင်းချင်းတို့အားပြုစုလျက်၊ 11 အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုရားသခင့်ဘုန်းတော်ထင်ပေါ်စေရန် ဟောပြောသူသည် ဘုရားသခင့်နှုတ်သတ္တိနှင့်လည်းေကာင်း၊ အမှုတော်ဆောင်ရွက်သူသည် ဘုရားသခင်သနားတော်မူသော အစွမ်းသတ္တိနှင့်လည်းေကာင်း ပြုစေ။ ထိုအရှင်ယေရှုခရစ်သည် ကမ္ဘာအဆက်ဆက် ဘုန်းတော်၊ တန်ခိုးတော် ကြီးပါစေသတည်း အာမင်။
12 ချစ်သူတို့ သင်တို့ကိုစစ်ကြောရန် သင့်ရောက်သော စုံစမ်းခြင်းအကြောင်းကို ထူးခြားသောအရာနှင့် ကြုံကြိုက်ရသကဲ့သို့ အံ့သြခြင်းမရှိဘဲ၊ 13 ခရစ်တော်၏ ဒုက္ခများကို ဆက်ဆံသည့်အလျောက် ဘုန်းတော်ထင်ရှားသည့်ကာလ၌ အားရရွှင်လန်းခွင့်ကိုလည်း ရအံ့သောငှာ ရွှင်လန်းကြလော့။ 14 ခရစ်တော်၏ နာမတော်အတွက် ကဲ့ရဲ့ခံရကြသော် ဘုန်းတော့်ဆိုင်ရာ ဝိညာဉ်တော် ဘုရားသခင့်ဝိညာဉ်တော်သည် သင်တို့အပေါ်တွင်ကိန်းဝပ်တော်မူသော ကြောင့်မင်္ဂလာရှိကြ၏။ 15 သင်တို့အနက်မည်သူမျှ လူသတ် သူခိုး လူဆိုး လူစွက်အဖြစ်ဖြင့် ပြစ်ဒဏ်မခံပါနှင့်။ 16 ခရစ်ယာန်အဖြစ်ခံရလျှင်မူကား ရှက်ကြောက်ခြင်းမရှိဘဲ ထိုဘွဲ့အားဖြင့် ဘုရားသခင့်ဘုန်းတော်ကိုထင်ပေါ်စေ။ 17 ဘုရားသခင့်ဗိမာန်တော်မှစ၍ စီရင်ဆုံးဖြတ်ရမည့်အချိန်တိုင်ရောက်ပြီ။ ငါတို့တွင် ဦးစွာစီရင်လျှင် ဘုရားသခင့်သတင်းတော်မြတ်ကို မလိုက်နာသူတို့အကျိုးဆက်ကား မည်သို့နည်း။ 18 ဖြောင့်မတ်သူတို့သည် ကယ်တင်ရာသို့ခဲယဉ်းစွာရောက်ရကြလျှင် ဘုရားတရားမဲ့သူတို့နှင့် အပြစ်သားတို့၌ မည်သို့ဖြစ်ပျက်အံ့နည်း။ 19 သို့ဖြစ်၍ ဘုရားသခင့်အလိုတော်အတိုင်း ဒုက္ခခံရသူတို့သည် သစ္စာတည်တော်မူသော ဖန်ဆင်းရှင့်ထံ ကိုယ့်နာမ်သက်ကို အကောင်းပြုလျက် အပ်နှင်းကြစေ။