3
1-2 ထိုနည်းတူ မယားဖြစ်သူတို့ လင့်အနော်အတာကိုခံကြလော့။ သို့မှ တရားမနာသော်လည်း သင်တို့ရိုသေသမှုနှင့်စင်ကြယ်သော အပြုအမူများအား ထောက်ထားသောလင်ကို မယားဖြစ်သူတို့ အကျင့်စာရိတ္တဖြင့် အဟောအပြောကင်းလျက် ဘာသာတူရလိမ့်မည်။
3 သင်တို့၌ ဦးဆံကျစ်ခြင်း ရွှေဆင်ခြင်း အဝတ်ကောင်းဝတ်ခြင်းဟူသော အပြင်တန်ဆာမဆင်ဘဲ
4 ဘုရားသခင့်ရှေ့တော်၌ ရတနာမြတ်ဖြစ်လျက် မပျက်စီးနိုင်သောနူးညံ့သိမ်မွေ့ခြင်းသဘောနှင့် ပုန်းကွယ်သူတည်းဟူသောစိတ်နှလုံးကို ဆင်ယင်ကြလော့။
5-6 ထိုအတိုင်းအာဗြဟံကို အရှင်ဟုခေါ်လျက် နွံနာသောစာရာ့နည်းတူ ဘုရားသခင်ကိုအားကိုးသည့်သန့်ရှင်းသောရှေးသူမတို့လည်း လင့်အနော်အတာကိုခံလျက် ကိုယ်ကိုဆင်ယင်ခဲ့ကြ၏။ သင်တို့ကားမည်သည်ကိုမျှ မကြောက်ရွံ့မထိတ်လန့်ဘဲ အကောင်းပြုကျင့်လျှင် စာရာ၏သမီးမှန်ကြလေပြီ။
7 ထိုနည်းတူလင်ဖြစ်သူတို့ သင်တို့ပဌနာများကိုကန့်ကွက်ခြင်းမရှိစေရန် အားနည်းသူအဖြစ်မိန်းမနှင့်အတူ အသိပညာအလျောက်နေထိုင်၍ အသက်ဆိုင်ရာကျေးဇူးတော်ကို အမွေစားဘက်အဖြစ် ထောက်ထား၍ လေးမြတ်ကြလော့။
8 အဆုံးစကားမှာ သင်တို့ရှိသမျှသည် ညီညွတ်သောသဘော၊ သက်ဝင်သောသဘော၊ သင်္ဂဟသဘော၊ ညှာတာသောသဘော၊ နှိမ့်ချသောသဘော ရှိလျက်
9 တုံ့ပြန်၍ အဆိုးမပြု မကဲ့ရဲ့ဘဲ ကောင်းကြီးမင်္ဂလာကို အမွေခံစေရန် ခေါ်ထားတော်မူသူများ ဖြစ်သောကြောင့် ကောင်းကြီးပေးကြလော့။
10 ထိုအတိုင်းအသက်ကိုနှစ်သက်၍ ကောင်းစားသောနေ့ရက်များကိုတွေ့မြင်လိုသူသည် ကိုယ့်လျှာကိုမကောင်းသောအရာမှလည်းကောင်း၊ ကိုယ်နှုတ်ကို ပရိယာယ်ပြောဆိုခြင်းမှလည်းေကာင်း၊ စောင့်ရှောက်စေ။
11 ဒုစရိုက်ကိုရှောင်ကြဉ်၍ သုစရိုက်ကိုယှဉ်လျက် ငြိမ်သက်ခြင်းကို ရှာေဖွလိုက်လံစေ။
12 ထာဝရဘုရားသည် ဖြောင့်မတ်သူတို့ကို မျက်မှောက်ပြုလျက် တောင်းလျှောက်သံကိုလည်းနားညောင်း၍ မကောင်းပြုကျင့်သူတို့ကိုကား မျက်နှာထားတော်မူသည်ဟူ၍တည်း။
13 သင်တို့သည်ကောင်းရာကို စိတ်အားကြီးလျှင် မည်သူအန္တရာယ်ပြုအံ့နည်း။
14 အကယ်၍ဖြောင့်မတ်ခြင်းအတွက်ဒုက္ခခံရလျှင် မင်္ဂလာရှိ၏။ ချင်းတို့ကြောက်ရွံ့ရာကိုကြောက်ရွံ့ထိတ်လန့်ခြင်းမရှိဘဲ
15 ခရစ်တော်ကိုအရှင်အဖြစ် သင်တို့စိတ်နှလုံးတွင် သီးသန့်ကြလော့။ သင်တို့၌တည်ရှိသောမျှော်လင့်ခြင်း အကြောင်းမေးမြန်းသူတိုင်းအား ဖြေဆိုရန် အခါခပ်သိမ်းအသင့်ရှိနေရသည်မှာ
16 ကြည်လင်သောသြတ္တပ္ပစိတ်ရှိလျက် သိမ်မွေ့ရိုသေစွာဖြေဆိုကြသဖြင့် ခရစ်တော်ကြောင့် သင်တို့ကောင်းမွန်စွာနေထိုင်ပုံကိုကဲရဲ့ပြစ်တင်သောသူတို့သည် အရှက်ကွဲကြရလိမ့်မည်။
17 ဘုရားသခင်အလိုတော်ရှိလျှင် အဆိုးကျင့်ပြုကျင့်သည့်အတွက်ထက် အကောင်းပြုကျင့်သည့်အတွက် ဒုက္ခခံရသော် သာ၍ကောင်း၏။
18 ခရစ်တော်လည်း သင်တို့ဘုရားသခင်ထံပို့သွင်းရအံ့သောငှာ သူတော်ကောင်းအဖြစ်မသူတော်တို့အဖို့အပြစ်များအတွက်တစ်ကြိမ်တည်း အသေခံတော်မူ၏။ ရုပ်ခန္ဓာ၌ သေဒဏ်ခံသော်လည်း နာမ်ခန္ဓာ၌ ရှင်တော်မူရာ
19-20 နောဧလက်ထက်သင်္ဘောတည်စဉ် စိတ်တော်ရှည်စွာ ဘုရားသခင်စောင့်ဆိုင်းတော်မူသည့်ကာလ နားမထောင်၍ အကျဉ်းချထားသောနာမ်ဝိညာဉ်တို့ထံ ထိုနာမ်ခန္ဓာ၌ ကြွသွားဟောပြောတော်မူ၏။ ထိုသင်္ဘောအားဖြင့် အနည်းငယ်သောသူ လူပေါင်းရှစ်ယောက်တို့သည် ရေဘေးမှကယ်ဆယ်ခံရကြသောပုံစံအတိုင်း
21 ဗတ္တိဇံမင်္ဂလာသည် ယေရှုခရစ်ရှင်ပြန်ထမြောက်တော်မူခြင်းအားဖြင့် ယခုသင်တို့ကိုကယ်တင်၏။ ဗတ္တိဇံမင်္ဂလာဆိုသော် ရုပ်ခန္ဓာ၏ အညစ်အကြေးဆေးကြောခြင်းကိုမဆို ဘုရားသခင်ကိုကြည်လင်သော သြတ္တပ္ပစိတ်၏ တောင့်တရှာဖွေခြင်း ဟုဆိုလို၏။
22 ထိုအရှင်သည် စေတမန်တော်များ အာဏာရှင်များ တန်ခိုးရှင်များကို ကိုယ်တော့်အောက်ချထားပြီးလျှင် ကောင်းကင်ဘုံသို့တက်ကြွလျက် ဘုရားသခင့်ညာဘက်တော်မှာစံတော်မူ၏။